ထိုင်းတွင် မြန်မာတစ်ဦး ဖမ်းဆီးခံထားရသည့် အိမ်ရာမဲ့များ အသတ်ခံရမှုတွင် နောက်ထပ်တရားခံတစ်ဦးအား ဖမ်းဆီးရမိ

ထိုင်းတွင် မြန်မာတစ်ဦး ဖမ်းဆီးခံထားရသည့် အိမ်ရာမဲ့များ အသတ်ခံရမှုတွင် နောက်ထပ်တရားခံတစ်ဦးအား ဖမ်းဆီးရမိ

ဘန်ကောက်၊ အောက်တိုဘာ ၂၃။         ။ ထိုင်းနိုင်ငံတွင် အိမ်ရာမဲ့လေးဦး အသတ်ခံရမှုဖြင့် မြန်မာတစ်ဦးအား သံသယဖြင့် ဖမ်းဆီးထားချိန် ခြောက်ဦးမြောက်အိမ်ရာမဲ့ အသတ်ခံရပြန်ရာ ပြည်သူများ၏ စိုးရိမ်သံသယများ ကြီးထွားလာခြင်းကို ရှင်းလင်းနိုင်ခြင်းအဖြစ် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဘန်ခွန်ခရိုင်တွင် အိမ်ရာမဲ့တစ်ဦးအား သတ်ဖြတ်မှုဖြင့် ဖမ်းဆီးရမိသည်။

အောက်တိုဘာ ၁၇ ရက် ခြောက်ဦးမြောက်အသတ်ခံရသည့် အိမ်ရာမဲ့တစ်ဦး၏ ရုပ်အလောင်းအား စွန့်ပစ်ဈေးဆိုင်ဟောင်းတစ်ခုရှေ့တွင် တွေ့ရှိခြင်းဖြစ်သည်။ ရုပ်အလောင်းမှာ ကိုယ်တုံးလုံးဖြင့် သွေးအိုင်အတွင်း လဲကျသေဆုံးနေခြင်းဖြစ်ပြီး ဦးခေါင်းတွင် ကွဲရှဒဏ်ရာများဖြင့် ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများထွက်လျက် သေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်သည်။

အခင်းဖြစ်ရာအနီးတပ်ဆင်ထားသော လုံခြုံရေးကင်မရာမြင်ကွင်းတွင် ယင်းနေ့ အောက်တိုဘာ ၁၇ ညပိုင်းက ရှပ်အကျီၤအဖြူဝတ် အမျိုးသားတစ်ဦး အခင်းဖြစ်ပွားရာအရပ်မှ   ပြေးထွက်လာသည်ကို မြင်တွေ့ရကြောင်း ခိုခရမ်ရဲဌာနအကြီးအကဲ ရဲမှူး ဆူရီယာနက်ကာအီက ပြောသည်။

တာဝန်ရှိသူများက တရားခံနောက် ခြေရာခံလိုက်ရာ အခင်းဖြစ်ရာမှ ငါးကီလိုမီတာခန့်အကွာတွင် အဝေးပြေးကားတစ်စီးအောက်၌ အိပ်နေသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြသည်။

၎င်းသည် အသက် ၂၄ နှစ်ရှိ အိမ်ရာမဲ့တစ်ဦးဖြစ်ပြီး ဘန်ကောက်ရှိ ကလောင်ဆမ်ဝါအရပ်တွင် နေထိုင်သော နိုပါရတ်သီရိကာအီဆိုသူ ဖြစ်ကြောင်း သိရသည်။

စုံစမ်းမေးမြန်းမှုအတွင်း နိုပါရတ်က အခင်းဖြစ်သည့် ညက စိတ်ကျန်းမာရေး မကောင်းဟန်ရှိသည့် ယခုသေဆုံးသူသည် ကိုယ်တုံးလုံးဖြင့် ရပ်နေကြောင်း၊ ထိုမဖွယ်မရာအပြုအမှုကြောင့် ၎င်းနှင့် ထိပ်တိုက်ပဋိပက္ခဖြစ်ခဲ့ရကြောင်း ရဲအား ထွက်ဆိုသည်။ ထိုသူနှင့် ရန်ဖြစ်အချင်းများရာမှ အကြိမ်များစွာ ကန်ကျောက်ထိုးနှက်ခဲ့ကြောင်း၊ နောက်တွင် သစ်သားတုတ်ချောင်းဖြင့် ခေါင်းကို အားနှင့်လွှဲရိုက်ကာ မျက်နှာကိုလည်း လေးကြိမ်ရိုက်နှက်ပြီး ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထွက်ဆိုသည်။

၎င်း၏ အဝတ်အစားများတွင် ပေနေသည့် သွေးများအား ဒီအိုင်အေစစ်ဆေးရန်အတွက် မူခင်းဆေးသိပ္ပံဌာနသို့ ပို့ထားကြောင်း ရဲမှူး ဆူရီယာနက်က ပြောသည်။

၎င်းအား အခြားသူတစ်ဦးကို သေဆုံးအောင် လက်ရောက်ကျုးလွန်မှုဖြင့် ကနဦး စွပ်ချက်တင်စစ်ဆေးကာ ရဲအချုပ်ဖြင့် ဖမ်းဆီးထားသည်။

ပြီးခဲ့သည့်လအတွင်းက ဘန်ကောက်နှင့် ပတ်ထုံဌာနီတို့တွင် အိမ်ရာမဲ့ငါးဦး အသတ်ခံရကာ သေဆုံးလျက် တွေ့ရှိခဲ့သည်။

ထိုလူသတ်မှုများတွင် အသက် ၂၀ အရွယ် ဂျင်မီဆိုသည့် မြန်မာတစ်ဦးအား အိမ်ရာမဲ့လေးဦးကို သတ်ဖြတ်မှုဖြင့် စွဲဆိုကာ ယခုလအစောပိုင်းက ဖမ်းဆီးခဲ့သည်။ အိမ်ရာမဲ့လေးဦး သေဆုံးမှုတွင် သံသယရှိကာ ဖမ်းဆီးခံရသည့် ဂျင်မီဆိုသူ၏ ဒီအိုင်အေနှင့် အခင်းဖြစ်ရာတွင် ရရှိသော ဒီအိုင်အေတို့ တူညီမှုရှိသည်ဟု ရဲက ပြောသော်လည်း ၎င်းက စွပ်စွဲချက်များကို ငြင်းဆန်သည်။

ဂျင်မီသည် နိုင်ငံတွင်းသို့ တရားမဝင်ခိုးဝင်မှုဖြစ် ဖမ်းခံရဖူးပြီး စက်တင်ဘာ ၁၂ ရက်က တက်ပြည်နယ်မှတစ်ဆင့် ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်သော်လည်း ၎င်းက ထပ်မံခိုးဝင်လာကာ လူသတ်မှုများ ကျုးလွန်ခြင်းဖြစ်နိုင်ကြောင်း စွပ်စွဲခံထားရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly