အဝိဇ္ဇာတရားဟာ ကြောင်တောင် ကန်းစေတယ်

အဝိဇ္ဇာတရားဟာ ကြောင်တောင် ကန်းစေတယ်

ဒီကနေ့ မနက်ခင်း အင်တာနက် လူမှုကွန်ရက်မှာ တုန်လှုပ်ခြောက်ခြားဖွယ် သတင်းတစ်ပုဒ် ဖတ်ရပြန်ပါတယ်။ တွံတေးမြို့နယ် တွံတေးဝကျေးရွာမှာ ပယောဂဆရာတစ်ဦးရဲ့ လက်ချက်နဲ့ ကလေးငယ်သုံးဦး သေဆုံးခဲ့ရပြီး တစ်ဦးက ဆေးရုံရောက်ရတဲ့သတင်း ဖတ်ရပါတယ်။

ပယောဂကုတယ်ဆိုတဲ့ သူနဲ့ သေဆုံးရတဲ့ ကလေးတွေရဲ့ မိဘတွေအားလုံးဟာ ဆင်းရဲနွမ်းပါးပြီး လက်လုပ် လက်စား အလုပ်သမားများ ဖြစ်ကြပါတယ်။ ပယောဂဆရာက ကွယ်လွန်သူကလေးတွေကို ထိုးကြိတ် ရိုက်နှက်ပြီးမှ ကုသခဲ့တယ်လို့ဆိုပါတယ်။ မိဘများဟာ ကိုယ့်သားသမီး သေဆုံးရတဲ့ အထိဖြစ်တာကို သူများတိုက်တွန်းမှ သူများပြောပြမှ အမှုဖွင့်တိုင်ကြားခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ပထမ အချက်က မည်သို့သော ရောဂါဘယ ခံစားနေရသည် ဖြစ်ပါစေ အခုလောက်အထိ ထိုးကြိတ် ရိုက်နှက်ကုသနေတဲ့ အဖြစ်ကို ဘာ့ကြောင့်များ မိဘများကိုယ်၌က ကြည့်နေနိုင်ရက်ကြပါလိမ့်။ ပယောဂ ဆရာအနေနဲ့ကလည်း ကလေးတစ်ယောက် သေဆုံးပြီးတဲ့ အချိန်အထိ နောက်ထပ် ကလေးတွေကို သေတဲ့အထိ ထပ်ပြီး ဒီနည်းနဲ့ကုရင် မဖြစ်ချေဘူးလို့ ဘာ့ကြောင့်များ မတွေးခဲ့တာပါလိမ့်။

ဘယ်လိုပဲဖြစ်စေ ဒီသတင်းဟာ ကမ္ဘာ့ ထူးပေဆန်းပေသည်ဆိုတဲ့ သတင်းခေါင်းစဉ်အောက်တော့ ရောက်သွားတော့မှာ သေချာပါတယ်။ ဒါ့အပြင် ပညာမဲ့မှု၊ အသိအမြင် အဆင်ခြင်ညာဏ် နိမ့်ပါးမှုကို  ကမ္ဘာ့အလယ်မှ ချပြသလိုဖြစ်ပြီး ကျွန်တော်တို့ လူမျိုးတွေ လူမျိုးနဲ့ချီပြီး ရှက်ဖွယ် မျက်နှာငယ်ဖွယ်ဖြစ်စေတဲ့ အဖြစ်အပျက်ပါပဲ။

အားလုံးပဲ ကြားဖူးကြမှာပါ။ ကမ္ဘာ့သတင်းတွေထဲမှာ တရွာလုံးက စုန်းမလို့ ယူဆခံရပြီး ခဲတွေနဲ့ သေသည်အထိ ဝိုင်းပေါက်ခံရလို့ အမျိုးသမီးတစ်ယောက် သေဆုံးရတဲ့ သတင်းမျိုး၊ နောက်ဘဝမှာ သည့်ထက်မြင့်မားတဲ့ အမြင့်ဘုံကို ရောက်မှာသေချာတယ်ဆိုပြီး မိသားစုလိုက် သတ်သေလိုက်ကြတဲ့ သတင်းမျိုးနဲ့ ဘာသာရေး ဆန်ဆန် ယုံကြည်မှုတစ်ခုကြောင့် လူတွေ အစုအပြုံလိုက် သတ်သေသွားခဲ့ကြတဲ့ သတင်းမျိုးတွေကို ကမ္ဘာပေါ်မှာ မကြာခဏဆိုသလို ကြားရတတ်ကြပါတယ်။

ဒါတွေဟာ မှားယွင်းပြီး ကျဉ်းမြောင်းတဲ့ အယူအဆတွေကြောင့် ဖြစ်ရတဲ့ အဖြစ်အပျက်တွေပါပဲ။

တခါ ကိုယ်ယုံကြည်တဲ့ အယူအဆအပေါ် မူတည်ပြီး ကိုယ်ယုံကြည်ရာနဲ့ ဆန့်ကျင်ဘက်လို့ ထင်ရသူတွေကို အစုအပြုံလိုက် သတ်ဖြတ်ဖို့ ဝန်မလေးကြသူတွေ၊ ဒီလိုသတ်ဖြတ်တဲ့အခါ ကိုယ့်အသက်ကိုပါ တပါတည်း အသေခံသွားကြသူတွေရဲ့သတင်းမျိုးတွေကိုလည်း ကြားရတတ်ပါတယ်။

ဒါကလည်း မှားယွင်း ကျဉ်းမြောင်းပြီး အစွန်းရောက်တဲ့လူတချို့ရဲ့ အဖြစ်အပျက်တွေပါပဲ။

တချို့ကတော့ ဒီလို တရားနည်းလမ်းလည်း မကျ၊ အသိအမြင်လည်း ကျဉ်းမြောင်းပြီး အစွန်းရောက်တဲ့ အမြင်တွေဟာ ပညာမဲ့ခြင်း မရှိဆင်းရဲခြင်း အပေါ်မှာ မူတည်တယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမယ့် ပညာလည်းတတ် ဥစ္စာပစ္စည်းလည်း ရှိ၊ အာဏာလည်း လက်ဝယ်ပိုင်ဆိုင်ထားကြသူ တချို့ဟာလည်း ဒီလို အစွန်းရောက်တဲ့ အမြင်အယူအဆနဲ့ လုပ်ရပ်မျိုးတွေ လုပ်တတ်ကြတာပါပဲ။

အဓိကကတော့ အစွန်းရောက်ပြီး ကျဉ်းမြောင်းတဲ့ အယူအဆတွေဟာ အတ္တအပေါ်မှာ မူတည်ပြီး ကိုယ်ဖြစ်စေချင် ကိုယ်ရလိုချင်တဲ့ အရာကို ဘယ်လို မှန်မှန်ကန်ကန်ရအောင် လုပ်ကြမလဲဆိုတဲ့ မှန်ကန်တဲ့ အတွေး အသိဆင်ခြင်မှု နည်းပါးခြင်းအပေါ်မှာသာ မူတည်ပါတယ်။ တဖက်သတ် အတ္တအပေါ် လွန်လွန်ကဲကဲ ရပ်တည်ထားတဲ့ အဝိဇ္ဇာတရားက လူသားတွေကို ကြောင်တောင်ကန်းစေပါတယ်။ အရှက်တရား အကြောက် တရား မဲ့သွားစေပါတယ်။

တကယ်တော့ မှားယွင်းမဲမှောင်တဲ့ အဝိဇ္ဇာတရားဟာ လူတွေကို အသိညာဏ်တရား ထုံထိုင်းစေတဲ့သဘောပါပဲ။ အဲဒီလို အဝိဇ္ဇာတရားက  လူတွေရဲ့ ညာဏ်အမျှော်အမြင်ကို မှုန်ဝါးစေပါတယ်။ လူတွေ အဝိဇ္ဇာတရား လွှမ်းမိုးခံရပြီဆိုရင် လောကကြီး ပဋ္ဋိပက္ခမီးတွေ၊ အပူမီးတွေ၊ ဆုံးရှုံးမှုမီးတွေ၊ အမုန်းမီးတွေ ဆက်လက် တောက်လောင်ဖို့ရာ လမ်းခင်းပေးသလို ဖြစ်စေပါလိမ့်မယ်။

ဒါကြောင့်မို့ တွံတေးဝရွာက ကြေကွဲစရာကောင်းလှတဲ့ ကလေးငယ်များရဲ့ အလားတူ အဖြစ်အပျက်မျိုး တွေကအစ လောက အပူမီးတွေ ငြိမ်းအေးစေဖို့ဆိုရင် အဝိဇ္ဇာတရားအပေါ် တည့်တည့်မတ်မတ်ကြည့်ရှှု၊ ရဲရဲဝံ့ဝံ့ ဝေဖန်သုံးသပ်၊ တည်ကြည်မှန်ကန်စွာ ငြင်းပယ်နေထိုင်လုပ်ကိုင်သွားဖို့ အထူးအရေးကြီးကြောင်း အကြံပြုလိုက်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly