ပြုန်းတီးသစ်တောနေရာများကို အသစ်ပြန်လည်စိုက်ပျိုးရန်အတွက် သစ်တောဦးစီးဌာနမှ ၁ဝနှစ် စီမံချက် ရေးဆွဲပြီးစီး

ပြုန်းတီးသစ်တောနေရာများကို အသစ်ပြန်လည်စိုက်ပျိုးရန်အတွက် သစ်တောဦးစီးဌာနမှ ၁ဝနှစ် စီမံချက် ရေးဆွဲပြီးစီး
ဓာတ်ပုံ - ရဲအောင်သူ (အေအက်ဖ်ဖီ)

ရန်ကုန်၊ အောက်တိုဘာလ ၂၂ ။           ။ မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုဖြစ်ပေါ်နေသော နေရာများကို စနစ်တကျ ပြန်လည် စိုက်ပျိုးရန်နှင့် ထိန်း သိမ်းရန်အတွက် သစ်တောဦးစီးဌာနမှ ၁ဝနှစ် စီမံချက် ရေးဆွဲပြီးစီးနေပြီဖြစ်သောကြောင့် အစိုးရသို့တင်ပြ သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန၊ ရေဝေရေလဲဒေသ အုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူး ဦးဘိုနီက ပြောသည်။

အောက်တိုဘာလ ၂၁ ရက် မွန်းလွဲ ၂နာရီက ရန်ကုန်မြို့၊ Myanmar Event Park(MEP) တွင် ရေနှင့် စွမ်းအင် စက်မှုလုပ်ငန်း ပြပွဲများဖြစ်သည့် Myanmar Water 2016 နှင့် Renewable Energy Myanmar 2016 ပြပွဲ အ ခမ်းအနားတွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

" ကျွန်တော်တို့ သစ်တောပြန်လည်စိုက်ပျိုး ထူထောင်ရေးအတွက် ၁ဝ နှစ် စီမံချက်ကို ရေးဆွဲပြီးပါပြီ။ ရေးဆွဲပြီးလို့ အစိုးရကို ကျွန်တော်တို့ဝန်ကြီးက တင်ပြဖို့ စီစဉ်နေပါတယ်။ အစိုးရက သဘောတူတယ် ဆိုလို့ချင်ရင် အဲ့ဒီ စီမံချက်ကို အကောင်အထည်ဖော်မယ်ပေါ့။ အဲ့ဒါဆိုရင် အတိုင်းအတာတစ်ခုထိ သစ်တောဖုံးလွှမ်းမှုကို ကောင်း အောင် ပြန်လုပ်လို့ရမယ်။ သစ်တောဖုံးလွှမ်းမှု ပြန်ပြီး ကောင်းလာတာနဲ့အမျှ မြေဆီလွှာ တိုက်စားတာတွေ၊ လေထုညစ်ညမ်းတာတွေ၊နောက် တစ်ခါ ချောင်း၊ မြောင်းတွေထဲကို မြေဆီလွှာတွေ၊ အညစ်အကြေးတွေ ကျပြီးတော့ တိမ်းကောတာတွေ ဒါတွေကို ကျွန်တော်တို့ ပိုမိုပြီးတော့ ထိန်းသိမ်းသွားနိုင်မှာ ဖြစ်ပါတယ်။"ဟု ၎င်းက ဆိုသည်။

အဆိုပါ သစ်တောများ ပြန်လည်ထိန်းသိမ်းမည့် စီမံချက်ကို အစိုးရထံတင်ပြ၍ အတည်ပြုပြီးပါက လာမည့် ၂ဝ၁၇ ခုနှစ် ဘတ်ဂျက်မှ စပြီး ဘက်ဂျက်အနေအထားအရ စီမံကိန်းကို အကောင်အထည်ဖော်   ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ၁ဝ နှစ် စီမံချက်ဖြစ်သောကြောင့် ၂ဝ၁၇ခုနှစ်မှ ၂ဝ၂၇ ခုနှစ်ထိ ဆောက်ရွက်သွားမည် ဖြစ်ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly