ပင်းတယမြို့ရဲ့ အသည်းနှလုံးများ (နိဂုံးပိုင်း)

22 October 2016
ပင်းတယမြို့ရဲ့ အသည်းနှလုံးများ (နိဂုံးပိုင်း)

ပင်းတယမြို့ရဲ့ နောက်ထပ် အသည်းနှလုံးတစ်ခုဖြစ်တဲ့ ဇော်ဂျီရေထွက်နေရာကို သွားနေပါတယ်။ ဒီလမ်းတစ်လျှောက်မှာ ကားလမ်းက မပေါက်သေးပါဘူး။ ဒါကြောင့်မို့ ရွံ့နွံတွေကြားထဲမှာ လယ်ကွင်းပြင်တွေကို ဖြတ်ပြီးတော့ မောင်းလာရပါတယ်။ လမ်းကလည်း အရမ်းကို ကြမ်းပါတယ်။ ရှေ့မှာလည်း ဆက်ပြီးတော့ သွားရဖို့ ရှိပါသေးတယ်။ ဇော်ဂျီရေထွက်ကို မရောက်သေးပါဘူး။ ဒါပေမယ့် ကားနဲ့သွားဖို့ ဘယ်လိုမှ အဆင်မပြေတော့တဲ့အတွက်  လမ်းဆင်းလျှောက်ရပါတယ်။

ပြောတဲ့အတိုင်းပဲ လမ်းလျှောက်သွားရမယ့် ခရီးကတော့ စပါပြီ။ ဒီနေရာက နေသာတဲ့အချိန်တွေမှာ လမ်းက ဒီလောက်မဆိုးပါဘူး။ ကားတွေ ဆိုင်ကယ်တွေ မောင်းဝင်လာလို့ ရပါတယ်။ သြင်္ကန်ရက်တွေမှာဆို လာရောက် လည်ပတ်သူတွေနဲ့ စည်ကားနေတတ်ပါတယ်။ ဗွက်တွေကလည်း တဖြည်းဖြည်းနဲ့ တော်တော်လေးကို နစ်လာပါပြီ။ ရေတွေကလည်း ရှိပါတယ်။ ဒါကြောင့်မို့ ဖိနပ်တွေကို ချွတ်ပြီး စမ်းပြီးတော့ လျှောက်ရပါတယ်။ ဒီဘက်ကရာသီဥတုက အေးတဲ့ဒေသဖြစ်တဲ့အတွက် အောက်ကရေတွေကလည်း တကယ့်ကို စိမ့်စိမ့်လေးနဲ့ အေးနေပါတယ်။ ဒီရေလေးတောင် ဒီလောက် စိမ့်ပြီးတော့ အေးနေတယ်ဆိုရင် ရေထွက်မှာ ရေတွေ ဘယ်လောက်ထိ အေးနေမလဲဆိုတာ မသိပါဘူး။ ဟိုမှာမြင်နေရတဲ့ ဇော်ဂျီချောင်းမှာ ရေလာကူးတဲ့သူတွေကိုလည်း တွေ့မြင်ရပါတယ်။ ဒါပေမယ့် ဒီချောင်းဟာ ရေအတိမ်အနက် မညီတဲ့အတွက် မကြာခဏ ရေနစ်တတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့လည်း တချို့ကတော့ ဇော်ဂျီမြစ်ဟာ လူစားတယ်လို့ တင်စားပြောကြတာနေပါလိမ့်မယ်။  

ဇော်ဂျီမြစ်စကို ရောက်နေပါပြီ။ ဇော်ဂျီမြစ်က ဒီကနေတစ်ဆင့် ရွာငံဘက်ကို ဆင်းမယ်။ ပြီးရင် မြို့ကြီးဘက်ကနေ မြို့ကြီးဆည်ထဲကို ဝင်သွားမယ်။ ပြီးလို့ရှိရင် ဟိုဘက် ဧရာဝတီနဲ့ ပေါင်းပြီးတော့ ဧရာဝတီနဲ့ ပေါင်းခါနီးမှာတော့ မြစ်ငယ်မြစ် ဖြစ်သွားပါတယ်။

လျှောက်တဲ့လမ်းလေးက တဖြည်းဖြည်းနဲ့ အပင်တွေကြားထဲက တောထဲကို ဝင်လာပါပြီ။ မကြာခင် ရှေ့မှာ ရေထွက်ပေါက် အဖိုပေါက်ကို ရောက်တော့မယ်။ အဲဒီနေရာက ရေအောက်ထဲကနေ ရေတွေက စိမ့်ထွက်လာတာလို့ ပြောပါတယ်။ အဲဒီနားမှာတော့ ရေက ကြည်တယ်တဲ့။ ဒီဘက်နောက်ပိုင်းမှာက အောက်က နှုန်းတွေနဲ့ တခြား မြေကြီးတွေ ပါလာတဲ့အတွက် ရေက နောက်သွားတာပါ။ ဒီဘက်မှာဆိုရင်လည်း တောင်အမြင့်ကြီးကို မြင်ရပါတယ်။ တောင်အမြင့်ကြီးရဲ့ တောင်ခြေမှာတော့ တောထဲကို ရောက်လာတဲ့အခါမှာ ငှက်သံလေးတွေကိုလည်း ကြားနေရပါတယ်။ ကျန်တဲ့အသံတွေကတော့ အားလုံးကို တိတ်ဆိတ်နေပါတယ်။

ရေထွက်နဲ့ အရမ်းနီးနေပြီဖြစ်တဲ့အတွက် ရေလေးတွေက တဖြည်းဖြည့်နဲ့ စိမ့်ကြည်နေပါတယ်။ အခု မြင်နေရတာကတော့ ရေထွက်တဲ့နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာကြီးက ဘယ်လိုအနေအထားရှိတယ်ဆိုတာကို ဆရာတစ်ယောက်ကို မေးကြည့်ပါသေးတယ်။

ဟိုမှာ မြင်နေရတာက ရေတွေ အောက်ကနေပြီးတော့ ဒလဟော တိုးထွက်လာတာကို မြင်နေရပါတယ်။ အဲဒါက ကျောက်ကြားတွေထဲကနေ စိမ့်ထွက်လာတဲ့ ရေတွေပါ။

ဒါက လုံးဝကို အဖိုပေါက် အစပေါ့နော်။

“ဟုတ်ပါတယ်”

အမပေါက်မှာလည်း အဲလိုမျိုးပဲ ရေက စိမ့်ထွက်နေတာပဲလား။

“ဟုတ်ပါတယ်။ စိမ့်ထွက်နေပါတယ်”

ဒါဆိုရင် ဒီစတဲ့နေရာမှာ ရေက ဘယ်လောက်ထိ နက်မလဲဆရာ။

“တော်တော်နက်ပါတယ်။ နက်တယ်ဆိုပေမယ့် ဆရာတို့တော့ ဆင်းမကြည့်ဖူးတော့ မသိပါဘူး။ ရွာသားတွေပြောတာကတော့ အောက်ထဲကို ဝါးလုံးထောက်လို့တောင် မမှီဘူးလို့ ပြောကြတယ်”

ဒါဆိုရင် အဲဒီနားမှာပဲ ချိုင့်ကြီးလိုပဲ ဖြစ်နေတာပေါ့နော်။

“ဟုတ်ပါတယ်။ အဲဒီနားမှာပဲ ဖြစ်နေတာပါ”

အခု ရေထွက်တဲ့အပေါက်ကို ရောက်နေပါပြီ။ အောက်ကနေ ရေတွေ စိမ့်ထွက်နေတာကိုလည်း အတိုင်းသား တွေ့နေရပါတယ်။ ဒီရေတွေက ကျောက်တောင်ကြီးကနေတစ်ဆင့် ကျောက်သားတွေထဲကနေ စိမ့်ထွက်လာတာပါ။ ဒီနေရာက အောက်မှာ ဝါးလုံးထောက်လို့ မမှီလောက်အောင် တော်တော်လေး နက်ပါတယ်။ ဒီကရေတွေအကုန်လုံးက အဖိုပေါက်ကနေ စီးသွားပြီးတော့ စောစောကမြင်ခဲ့ရတဲ့ ဇော်ဂျီမြစ် အစပေါက်ကနေ သွားပြီးတော့ အမပေါက်ကရေတွေနဲ့ ဆုံပြီးတော့ စီးဆင်းသွားတာ ဖြစ်ပါတယ်။ ချောက်ထဲကို ကျသွားရင်တော့ ပြန်ဆယ်ဖို့လည်း မလွယ်ပါဘူးလို့ပြောပါတယ်။ ချောက်နားကိုမရောက်ခင် အစပ်နားမှာ ကောက်တုံးတွေနဲ့ ကာပြီးတော့ အမှတ်အသားလေးတွေ လုပ်ပေးထားတာ ဖြစ်ပါတယ်။ အစပ်မှာတော့ ရေက ခြေမျက်စိလောက်ပဲ ရှိပေမယ့် အလယ်မှာတော့ ဝါးနဲ့ထောက်လို့တောင် မမှီဘူးလို့ ဆိုပါတယ်။ ဒီကနေ ဆက်သွားမယ်ဆိုရင်တော့ ဇော်ဂျီရေထွက်ပေါက် အမပေါက်ကို ရောက်မယ်လို့ ပြောပါတယ်။ 

အခုရောက်နေတဲ့ ရှေ့က လက်ရှိချောင်းထဲမှာ အခုလောလောဆယ်တော ရေက ခြောက်ပေလောက် နက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးလည်းကျနေပြီဆိုတော့ ရေကလည်း နည်းနည်းနက်လာတယ်။ သြင်္ကန်ကာလတွေမှာဆို ရေက ဒီလောက်မနက်တဲ့အပြင် လာတဲ့လမ်းကလည်း ခြောက်ခြောက်သွေ့သွေ့ ဖြစ်တဲ့အတွက် ဒီဘက်ကို သြင်္ကန်ကာလမှာ လာလည်ကြတယ်။ ရေဆင်းကူးကြတယ်။ ဒီဘက်မှာရှိနေတဲ့ မျက်ခင်းပြင်ကျယ်ကြီးမှာ ဖျာတွေခင်းပြီး မိသားစုတွေ ပျော်ပွဲစားထွက်ရင်း ပျော်ပျော်ပါးပါး စားသောက်ကြပါတယ်တဲ့။ ဒီအနောက်မှာ မြင်နေရတဲ့ တောင်တန်းကြီးကတော့ ဇော်ဂျီရေထွက်ပေါက် အဖိုပေါက် အမပေါက်တွေရဲ့ ရေတွေထွက်တဲ့ အဓိက နေရာဖြစ်တယ်။ ဒါကြောင့်မို့ ဒီ သစ်တောကြီးတွေသာ ပြုန်းတီးသွားမယ်ဆိုရင် ဇော်ဂျီရေထွက်ပေါက်ကနေ ထွက်တဲ့ ရေထွက်နှုန်းက အရမ်းကို နည်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီတောတွေ ပြုန်းတီးသွားဖို့ လုံးဝ မဖြစ်ပါဘူး။

ဒီတောကြီး ပျောက်ကွယ်သွားတာနဲ့ ဇော်ဂျီမြစ်ဆိုတဲ့ မြစ်တစ်ဆင်း မရှိတော့ဖို့လည်း အများကြီး အန္တရာယ် ရှိနေပါတယ်။

ဇော်ဂျီရေထွက်ပေါက် အမပေါက်ကို မြင်ရပါတော့မယ်။ ရေထွက်ပေါက်နားက မြင်နေရတာက ရေမဲပင်လို့ ခေါ်ပါတယ်တဲ့။ ရေမဲပင်ကြီးကနေ အောက်ခြေကနေ ရေတွေ စိမ့်ထွက်နေတာပါ။ အဖိုပေါက်လောက်တော့ ရေစိမ့်ထွက်နေတာကို ကြီးကြီးမားမား မြင်မြင်သာသာ မတွေ့ရပါဘူး။ ဒီဇော်ဂျီရေထွက်ပေါက် အမပေါက်ရော အဖိုပေါက်ရော နှစ်ခုစလုံးက တစ်နာရီမှာ ဂါလံ ၁၀၀၀၀ စီလောက်ကို ရေတွေထွက်နေပါတယ်တဲ့။ ဒီကထွက်တဲ့ ရေဂါလံ ၁၀၀၀၀ စီလောက် ထွက်နေတဲ့ ရေတွေက တဖြည်းဖြည်းနဲ့   ပေါင်းဆုံပြီးတော့ ဇော်ဂျီမြစ်   မြစ်ဖျားခံပြီးတော့   ပေါင်းစည်းသွားမှာ   ဖြစ်ပါတယ်။

ဒီဘက်ကနေ သွားကြည်ရင်တော့ ရေထွက်ပေါက်ကို အနီးကပ်တော့ မြင်ရနိုင်တယ်။ ဒါပေမယ့် ဒီရေထွက်ပေါက်ရှိတဲ့ နေရာလေးက ထုံးစံအတိုင်း နက်ပါတယ်။ ဒါကြောင့်မို့ မတော်တဆ ခြေလျှော်ကျရင် အန္တရာယ်ရှိလို့ အဲထိတော့ မသွားတော့ပါဘူး။ 

ဇော်ဂျီရေထွက်မှာ အဖိုပေါက်နဲ့ အမပေါက်ဆိုပြီးတော့ ရေထွက်ပေါက် နှစ်ပေါက်ရှိပါတယ်။ မောင်ပေါက်နဲ့ မပေါက်လို့လည်း ခေါ်ကြတယ်။ ရေထွက်ပေါက်နှစ်ခုကတော့ သိပ်ပြီးတော့ မဝေးကြပါဘူး။ ဒါပေမယ့် အဖိုပေါက်ကထွက်တဲ့ ရေတွေက ခပ်နောက်နောက်ဖြစ်ပြီးတော့ အမပေါက်ကထွက်တဲ့ ရေကတော့ ကြည်ကြည်လင်လင်ဖြစ်ပါတယ်။ အဖိုပေါက်က ရေနောက်လာတာ မကြာသေးဘူးလို့လဲ ဆိုပါတယ်။ ဒီရေထွက်ပေါက်နှစ်ခုကတော့ တစ်နေရာမှာ သွားဆုံပြီးတော့ ဆက်ပြီး စီးဆင်းသွားမှာပါ။ ဒီနေရာဟာ ကျောက်ဆည်မြို့အထိ စီးဆင်းနေတဲ့ ဇော်ဂျီမြစ်ရဲ့ မူရင်းရေထွက်လည်း ဖြစ်ပါတယ်။

ရွှေဥမင်းဘုရား၊ ညောင်ပင်တန်း၊ ပုန်းတလုပ်ကန်နှင့် ဇော်ဂျီရေထွက် ကျွန်မတို့ အခု ရောက်ရှိခဲ့တဲ့ နေရာတွေကတော့ ပင်းတယမြို့ရဲ့ မရှိမဖြစ် အားထားရတဲ့ နေရာတွေပဲ ဖြစ်လို့ ပင်းတယမြို့ရဲ့ အသည်းနှလုံးတွေလို့ ဆိုနိုင်ပါတယ်။

သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ဇော်ဂျီရေထွက်က ရေတွေကို ပုန်းတလုပ်ကန်ထဲ သွင်းဖို့အတွက်လည်း လုပ်နေကြပါပြီ။ ဒါပေမယ့် ပုန်းတလုပ်ကန် တည်ရှိနေတဲ့နေရာဟာ ရေထွက်ပေါက်နေရာထက် ပိုပြီး မြင့်နေပါတယ်။ လူသားတွေကတော့ ဉာဏ်စွမ်းအား စက်စွမ်းအားတွေနဲ့ ဒီနေရာက ရေတွေကို ပုန်းတလုပ်ကန်ထဲအရောက် ယူဆောင်သွားဦးမှာပါ။ ရေရှားတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့ ပင်းတယမြို့ရဲ့ အနီးတစ်ဝိုက်မှာ အနာဂါတ် ရေဖူလုံမှု ရရှိဖို့အတွက် ဇော်ဂျီရေထွက်နဲ့ ပုန်းတလုပ်ကန်က အရေးကြီးပါတယ်။ ဒီလိုပါပဲ ပြည်တွင်းပြပ ဧည့်သည်တွေ အမြဲတမ်း လာရောက်လည်ပတ်ဖို့ ခရီးသွားလုပ်ငန်းနဲ့   ဒေသခံပြည်သူတွေဘဝ ဖွံ့ဖြိုးဖို့ ရွှေဥမင်ဂူဘုရားနဲ့ ညောင်ပင်တန်းကြီးတွေကလည်း အရေးကြီးလှပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly