မြစ်ကြီးနားမြို့ လူမျိုး၊ ဘာသာပေါင်းစုံက ငြိမ်းချမ်းရေးအတွက် စုပေါင်း ဆန္ဒဖော်ထုတ်

မြစ်ကြီးနားမြို့ လူမျိုး၊ ဘာသာပေါင်းစုံက ငြိမ်းချမ်းရေးအတွက် စုပေါင်း ဆန္ဒဖော်ထုတ်

ချင်းမိုင်၊ အောက်တိုဘာ ၂၂ ။          ။ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဘာသာပေါင်းစုံ၊ လူမျိုးပေါက်စုံက အောက်တိုဘာလ ၂၂ ရက်က ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ တစ်ဝှမ်းလုံး ငြိမ်းချမ်းပါစေကြောင်း စာတမ်းများ ကိုင်ဆောင်၍ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းမှ မြို့တစ်ပတ် စီတန်းလှည့်လည် ဆုတောင်းခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ငြိမ်းချမ်းရေးအတွက် ဆုတောင်းဖြစ်တယ်။ ရည်ရွယ်ချက်တော့ ပြည်တွင်းစစ်က ကြာပါပြီ။ မြန်မာနိုင်ငံလုံး အထူးသဖြင့် ကချင်ဒေသမှာ အခုတလကျော်ရှိလာပြီး ထိုးစစ်ဆင်မှုကို ရပ်ဆိုင်းဖို့ အတွက်ရယ်၊ ကျနော်တို့ ပြည်နယ်ကအစ နိုင်ငံတော် တဝှမ်းလုံး ငြိမ်းချမ်းရေးအတွက် လှည့်လည် ဆုတောင်းခြင်း ဖြစ်တယ်”ဟု မြစ်ကြီးနား ခရစ်ယာန်အသင်းတော်များကောင်စီ(MCC) မှ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ ဦးမဂျီဘောက်လာက မဇ္ဈိမကို ပြောသည်။

ဗုဒ္ဓဘာသာ ဗမာမျိုးနွယ်စု၊ ရှမ်းမျိုးနွယ်စု၊ ပြည်ထောင်စုသား မွတ်ဆလင်များ၊ ဂေါ်ရခါး၊ ဟိန္ဒူမျိုးနွယ်စု၊ တရုတ်အမျိုးသားများ၊ ဆစ်(ခ်)မျိုးနွယ်စု၊ ကချင်မျိုးနွယ်စုနှင့် စစ်ပြေးဒုက္ခသည်များ စသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ လူဦးရေ ၃၀၀၀၀ ကျော် စီတန်းလှည့်လည် ဆုတောင်းခဲ့သည်ဟု သူက ပြောသည်။

ဘာသာပေါင်းစု ဆုတောင်းခြင်း အခမ်းအနားတွင် မန္တလေးကျောင်းတိုက်မှ အရှင် ဦးပညာဝံသက ဆုတောင်းမေတ္တာပြပို့ခြင်း၊ ခရစ်ယာဘာသာမှ ဘုန်းတော်ကြီး သိက္ခာတော်ရဆရာကြီး ဇော်ခေါင်တို့က ဦးဆောင်ဆုတောင်းဝတ်ပြုခြင်း စတင်၍ စီတန်းလှည့်လည်ကြခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

ယနေ့ လူထုလမ်းလျှောက် စီတန်းလှည့်လည်မှုတွင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ အနှောက်အယှက် ပေးခြင်းမရှိသလို၊ စောင့်ကြည့်သူများပင် မရှိကြောင်း သူက ဆိုသည်။ စီတန်းလှည့်လည် ဆုတောင်း ဆန္ဒဖော်ထုတ်မှုကို မွန်းလွဲ ၁၂ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး ချက်ချင်း အပစ်အခတ် ရပ်စဲပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေး အဖြေရှာကြရန် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆုတောင်းခဲ့ကြသော ပြည်သူများက သဘောထားကြေငြာချက် ထုတ်ပြန်၍လည်း တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်ကလည်း ကချင်ဒေသနှင့် တစ်နိုင်ငံလုံး ထိုးစစ်ဆင်မှု ရပ်တန့်ရေးအတွက် ကချင်လူထု သောင်းချီက မြစ်ကြီးနားမြို့ပေါ် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သည်။ 

ထို့နောက် ရန်ကုန်၊ မန္တလေး၊ ချင်းပြည်နယ်တွင် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ ရှမ်းပြည်နယ်တွင် ကွတ်ခိုင်မြို့နှင့် မိုးမောက်မြို့ စသည့် တစ်နိုင်ငံလုံး ဆန္ဒဖော်ထုတ်များ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာရောက် ကချင်တိုင်းရင်းသားများကလည်း ထိုင်း၊ အမေရိကန်၊ ဂျပန်စသည့် နိုင်ငံများတွင် ဆန္ဒဖော်ထုတ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly