ဒီဂီယာနှင့် ဒီမာရီယာတို့၏ အခြေအနေကို ဗန်ဟား ထုတ်ဖော်ပြောဆို

ဒီဂီယာနှင့် ဒီမာရီယာတို့၏ အခြေအနေကို ဗန်ဟား ထုတ်ဖော်ပြောဆို

ဇူလိုင် ၁၆၊ အမေရိကန်။ ။ မန်ယူအသင်းနည်းပြ ဗန်ဟားလ်က ဂိုးသမားဒီဂီယာ အသင်းတွင် ဆက်ရှိမလားဆိုသည်ကို မသိကြောင်းနှင့် တောင်ပံကစားသမားဒီမာရီယာမှာမူ အသင်းသို့ ဇူလိုင် ၂၅ ရက်နေ့တွင် ပြန်ရောက်မည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဒီဂီယာမှာ ရီးယဲလ်အသင်းသို့ ပြောင်းလိုကြောင်း တရားဝင် ထုတ်ဖော်ဝန်ခံထားသလို ရီးယဲလ်ကလည်း ၎င်းကို ခေါ်ယူလိုလျက်ရှိသည်။ သို့သော် ယခုအချိန်အထိ အပြောင်းအရွှေ့မှာ ဖြစ်ပေါ်လာခြင်း မရှိသေးဘဲ ဒီဂီယာမှာ မန်ယူအသင်းနှင့်အတူ ရာသီကြို လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်သည်။

'ဒီဂီယာနဲ့ ပတ်သက်ပြီး မေးမြန်တာက ဆိုးရွားတယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ နှစ်ခု သုံးခုမှာလည်း ဒီလို မေးခွန်းမျိုးတွေနဲ့ ကြုံခဲ့ရပြီးပါပြီ။ ခင်ဗျားတို့ မှန်လား။ မမှန်ဘူးလားတော့ မသိပါဘူး။ ဒီအပြောင်းအရွှေ့က ဒီဂီယာအပေါ်မှာပဲ မူတည်ပါတယ်။ သူအသင်းမှာ ဆက်နေမှာလားဆိုတာတော့ မသိပါဘူး။ အခုအချိန်မှာတော့ အသင်းနဲ့အတူ သူတတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် လေ့ကျင့်နေပါတယ်' ဟု ဗန်ဟားလ်က ပြောသည်။

ဒီမာရီယာနှင့်ပတ်သက်၍လည်း ဗန်ဟားလ်က 'ဒီမာရီယာကို ကျွန်တော်တို့ မြင်တွေ့ရမှာပါ။ ဘောလုံးလောကမှာ ဒါက လုပ်ငန်းစဉ်တစ်ခုပါ။ မန်ယူအတွက်လုပ်ငန်းစဉ် ဖြစ်သလို ဒီမာရီယာအတွက်လည်း လုပ်ငန်းစဉ်ပါ။ အခုအချိန်အထိတော့သူက မန်ယူအသင်းသားပါ။ ဇူလိုင်လ ၂၅ ရက်နေ့မှာ အသင်းကို ပြန်လာမယ်လို့ ကျွန်တော့်ကို သူပြောထားပါတယ်' ဟု ပြောသည်။

ထို့နောက်ဆက်လက်ပြီး ဗန်ဟားလ်က ဘာစီလိုနာဂိုးသမားဟောင်းဗဲလ်ဒက်စ်သည် ပြီးခဲ့သည့်နှစ်က အရန်အသင်းတွင် ကစားရန်ငြင်းဆန်ခဲ့သည့်အတွက် အသင်းပြောင်းမှထွက်ခွာခွင့်ပြုလိုက်ပြီဟု ပြောသည်။ ထို့ပြဿ နာကြောင့် ဗဲလ်ဒက်စ်သည် ရာသီကြို ခရီးစဉ်တွင် ချန်ရစ်ခံခဲ့ရသည်။

မန်ယူအသင်းသည် လက်ရှိတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည့် ဆမ်ဒိုးရီးယားအသင်းမှ အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား ရိုမီယိုကို ခေါ်ယူရန် ပြင်ဆင်နေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

ရိုမီယိုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင်မှု မသိရှိကြောင်း ဗန်ဟားလ်က ပြောသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly