ငြိမ်းချမ်းရေးဆိုတာ ငြိမ်းချမ်းချင်တဲ့စိတ် ရှိမှသာ

.

 

ဆယ်စုနှစ် ခြောက်ခုကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ်မီးကြီးကို ဖယောင်တိုင် မီးမှုတ်သလို ဟုတ်ကနဲ ငြိမ်းသွားအောင် ဆောင်ရွက်လို့ မရနိုင်ပါ။ ပြည်တွင်းစစ်နှင့် တိုက်ရိုက်ပတ်သက်နေသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေနှင့်လည်း တစ်ဦးကိုတစ်ဦး အပြန်အလှန် လက်ညှိုးထိုး တရားခံရှာခြင်းဖြင့်လည်း ငြိမ်းချမ်းရေးမရနိုင်ပါ။ အပြန်အလှန် အသိအမှတ်ပြုမှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အပေးအယူပြုလုပ်မှုအပေါ် အခြေခံပြီးမှသာ ငြိမ်းချမ်းရေးခရီး ရှေ့ဆက်လို့ ရနိုင်မှာပါ။

အပြန်အလှန် အသိအမှတ်ပြု၊ အပြန်အလှန် လေးစား၊ အပြန်အလှန် အပေးအယူ ရှိဖို့ဆိုတာကလည်း ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်လာတဲ့အခါ ပျက်ပြားနေတတ်ပြန်ပါတယ်။ ဘယ်လိုပင်ဖြစ်ပါစေ ငြိမ်းချမ်းစေချင်တဲ့ စိတ်ဆန္ဒကတော့ အခရာကျပါတယ်။ ဘယ်လိုအခြေအနေမျိုးတွေပဲဖြစ်နေပါစေ၊ ဘယ်လို အခြေအနေမျိုးတွေပဲ ဖြစ်ခဲ့ပါစေ၊ ဘယ်လိုအခြေအနေမျိုးတွေကိုပဲ အမွေရခဲ့သည်ဖြစ်စေ အမှန်တကယ်ငြိမ်းချမ်းချင်တယ်ဆိုရင် ငြိမ်းချမ်းရေးရရာ ရကြောင်း လမ်းစတွေကတော့ ရှိလာ ပေါ်လာရမှာပါပဲ။ ငြိမ်းချမ်ရေးလည်း ရနိုင်မှာ အသေအချာပါပဲ။

ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေက ကိုယ့်ပြည်တွင်းရေး ဂဃနဏ မသိနိုင်ကြတဲ့ တိုင်းတပါးသားတွေအဖို့ ရယ်စရာကြီးလိုဖြစ်နေမှာပါပဲ။ ဘာပြုလို့လည်းဆိုတော့ စစ်ဖြစ်နေသူတွေအားလုံးက တဖက်မှာ စားပွဲဝိုင်းအတူထိုင်နေပြီး ငြိမ်းချမ်းရေးစကားပြောနေတဲ့တချိန်တည်းမှာပဲ သေနတ်ချင်းယှဉ်ပစ် နေကြသလို ဖြစ်နေပြန်တော့ သဘာဝမကျဘူးရယ်လို့ ဖြစ်နေရပြန်ပါတယ်။

ပြောင်းလဲလာနေတဲ့ စစ်ပွဲတွေရဲ့သဘောသဘာဝအရဆိုရင်တော့ စစ်ပွဲရယ်လို့ဖြစ်လာရင် နိုင်သူမရှိဘူးဆိုတဲ့ အမြင်ရှိပါတယ်။ နှစ်ဦးနှစ်ဖက် စလုံး ထိခိုက်နစ်နာကြရတဲ့အပြင် မုန်းတီးခြင်း၊ အငြိုးအတေးထားခြင်း၊ သွေးမြေကျရခြင်း၊ အပြန်အလှန်ပိုပြီး သင်္ကာမကင်းဖြစ်ကြရခြင်းဆိုတဲ့ ဆိုးကျိုးတွေသာ အဖတ်တင်ကြရ ပါတယ်။ ကမ္ဘာကြီးရဲ့ပြောင်းလဲလာနေတဲ့ လူ့ မျှော်မှန်းချက်တွေထဲမှာ စစ်ပွဲတွေမရှိတဲ့ ကမ္ဘာကြီးဖြစ်ဖို့နဲ့ အကြမ်းဖက် ဖြေရှင်းခြင်းဟာ ပညာညာဏ်နည်းပါးပြီး ယဉ်ကျေးမှုနိမ့်ပါးသူများရဲ့ အားကိုးရာအလုပ်သာ ဖြစ်တယ်ဆိုတဲ့ အမြင်တွေဟာ ကမ္ဘာလွှမ်းခြုံအယူအဆ ဖြစ်လာနေပြီလို့လည်း ပြောနိုင်ပါတယ်။

စစ်ဆန့်ကျင်ရေး မွန်ဂိုလီးယားကဗျာတစ်ပုဒ်မှာ စစ်ဖြစ်လျင် ခြေထောက်မရှိသော ခန္ဓာကိုယ်နှင့် ခန္ဓာကိုယ် မရှိသော ခြေထောက်ကို တွေ့ရမည်၊ အဖေမရှိသောသားနှင့် သားမရှိသော အဖေကို တွေ့မည် လို့ရေးဖွဲ့ထား တာတွေ့ရပါတယ်။ ဒါ့အပြင် ချက် ကဗျာတစ်ပုဒ်ထဲမှာကြတော့ စစ်ပြေငြိမ်းလိုက်ပြီဆိုတဲ့ သတင်းစကားဟာ လူတိုင်းကိုပျော်ရွှင်စေပါတယ်၊ ကမ္ဘာကြီးကို ပြုံးပျော်စေပါတယ်၊ အကယ်၍ အဲဒီ စစ်ပြေငြိမ်းလိုက်ပြီဆိုတဲ့ သတင်းစကား တနာရီစောပြီးရောက်လာခဲ့လျင်၊ တစ်ရက်စောပြီးရောက်လာခဲ့လျင် မနေ့ကအထိ အသက်ရှင် နေသေးသော စစ်သားတစ်ဦးအဖို့ ပို၍ ပျော်စရာဖြစ်ပေလိမ့်မည် လို့ ရေးခဲ့ဖူးပါတယ်။ သည့်ထက် သည့်ထက် အချိန်စောပြီး ရောက်လာလျင်တော့ စစ်သားပေါင်းမြောက်များစွာ အသက်ရှင်လျက် ပျော်ကြရပေလိမ့်မည် အခုတော့ အခါနှောင်းလေပြီ လို့ရေးထားတာ ပါရှိပါတယ်။

အခုတော့ ကျွန်တော်တို့ပြည်သူတွေဟာ ငြိမ်းချမ်းရေးအစစ်အမှန်ကို မှုန်မှုန်ဝါးဝါးပဲ မြင်နေကြရပါတယ်။ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်တဲ့ ၂၁ ရာစု ပင်လုံညီလာခံကြီးကလည်း ဖင်ဒရွတ်သီပြီး ရွေ့နေရတဲ့သဘော ဖြစ်နေပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ငြိမ်းချမ်းရေး မလိုလားသူတွေကို မကြာခင်အချိန်ပိုင်းမှာ မြင်ကြရဖွယ်ရှိတယ်လို့တော့ ပြောထားပါတယ်။ ဒါ့အပြင် ပြည်သူတွေဟာ ပါးနပ်ကြသူတွေဖြစ်ပါတယ်။ ပြည်သူတွေကို မသိဘူး မမြင်ဘူး မထင်ကြပါနဲ့ဆိုတဲ့ စကားနဲ့လည်း ငြိမ်းချမ်းရေး မလိုလားသူတွေကို သတိပေးတဲ့သဘော ပြောထားပါသေးတယ်။ ပြီးတော့ ငြိမ်းချမ်းရေးအတွက် ကိုယ်ဘာပေးနိုင်မလဲဆိုတာကိုပဲ ဦးစားပေးစဉ်းစားကြဖို့ကိုလည်း ပြောဆိုထားတာ ရှိပါတယ်။ ဒါတွေဟာ ပြည်တွင်းငြိမ်းချမ်းရေးတံခါးကြီးအတွက် အင်အားကြီးမားလှတဲ့ အတွန်းအဖွင့်တွေစကား တွေပဲဖြစ်ပါတယ်။

နိဂုံးချုပ်ရရင်တော့ ပြည်တွင်းစစ်ကြီး ဘယ်လောက်ပင် ကြာမြင်ခဲ့သည်ဖြစ်ပါစေ၊ မည်သို့သော ဆိုးမွေများကို လက်ခံထားရသည်ဖြစ်စေ ငြိမ်းချမ်းရေးအမှန်တကယ်လိုလားတဲ့စိတ် ရှိသူများ ငြိမ်းချမ်းရေးစားပွဲဆီ ရောက်ရှိလာနိုင်ကြမယ် ဆိုရင်တော့၊ ငြိမ်းချမ်းရေး အမှန်တကယ်လိုလားသူများသာ စကားဝိုင်းရဲ့ အဆုံးအဖြတ် ကို ပိုင်ဆိုင်ခွင့်ရနိုင်ကြမယ်ဆိုရင်တော့ ပြည်တွင်းစစ်မီးကြီး မနှေးအမြန် ငြိမ်းသတ်နိုင်ဖွယ် ရှိပါကြောင်း တင်ပြလိုက်ပါတယ်။