ဘူးသီးတောင်မြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး

ဘူးသီးတောင်မြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး
Photo-EPA

ရန်ကုန်၊ အောက်တိုဘာ ၂၁ ။                ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ ဘူးသီးတောင်မြို့ကို ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် တစ်ထောင် ကျော်သည် နေရပ်ဒေသသို့ မပြန်သေးကြောင်း ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က မဇ္ဈိမကို ပြောသည်။

"လောလောဆယ်တော့ ဘူးသီးတောင်ကနေ မပြန်သေးဘူး။ သူတို့က စိတ်လုံခြုံရေးကို မရသေးတော့ မပြန်တာပဲ ဖြစ် မှာပါ" ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအနေဖြင့် စစ်တွေမြို့တွင် ရောက်ရှိနေသည့် ဒုက္ခသည်များထဲမှ နေရပ်သို့ ပြန်ချင်သူများကို ပြန် လည် ပို့ဆောင်ပေးရန် စာရင်းများ ကောက်ခံထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောသည်။

"စစ်တွေကလည်း မနက်ဖြန် ပြန်ကြဖို့ ရှိတယ်။ သူတို့ရွာတွေမှာ အေးအေးချမ်းချမ်းနဲ့ဆိုတော့ ပြန်ချင်တယ်ဆိုတဲ့ အနေ အထားမှာ ပြန်ချင်တဲ့ လူတွေရှိရင် စာရင်းကောက်ခိုင်း ထားတယ်လေ" ဟု ဦးမင်းအောင်က ပြောသည်။

ထို့အပြင် မောင်တောမြို့ အလိုတော်ပြည့် ကျောင်းတိုက်တွင် ယာယီခိုလှုံနေသည့် မောရဝတီ၊ ကိုင်းကြီး၊ ဥဒေါင်းစတဲ့ ကျေးရွာများမှ ဒေသခံ တစ်ရာကျော်ကို နေရပ်သို့ အောက်တိုဘာ ၂၀ရက်နေ့တွင် ပြန်လည်ပို့ပေးလိုက်ပြီး ဖြစ်ကြောင်း ဦးမင်းအောင်၏ ပြောကြားချက်အရ သိရသည်။

ဘူးသီးတောင် မြို့နယ်တွင် ရောက်ရှိနေသော ဒုက္ခသည်များက တိုက်ပွဲများ ဖြစ်ပွားရာ မောင်တော မြောက်ပိုင်းက ဒုက္ခသည်များပိုမိုများပြားနေပြီး လက်ရှိတွင် ဘူးသီးတောင် မြို့နယ်၌ ဒုက္ခသည်ပေါင်း ၁၃၅၈ ယောက်ရှိကြောင်း ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း၏ ပြောကြားချက်အရ သိရသည်။

ယခုလက်ရှိ အချိန်တွင် စစ်တွေမြို့ ဓညဝတီ အားကစားကွင်း၌ ဒုက္ခသည် တစ်ထောင်ခန့်ကို ပြည်နယ် အစိုးရအနေဖြင့် တဲများထိုးကာ နေရာချထားပေးပြီး စားနပ်ရိက္ခာများ ထောက်ပံ့ပေးထားကြောင်း သိရသည်။

အောက်တိုဘာ ၉ ရက် မနက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်မှုကြောင့် မောင်တော မြောက်ပိုင်းတွင် လုံခြုံရေးအရ မတည်မငြိမ်မှုများရှိနေခဲ့ပြီး အဆိုပါဒေသမှ တိုင်းရင်းသားများသည် မောင်တောမြို့၊ ဘူး သီးတောင်မြို့နှင့် စစ်တွေမြို့များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly