ရွန်နီအစား ပေါ့ဂ်ဘာနှင့်မာရှယ်တို့ ပင်နယ်တီကန်သွင်းခဲ့သည့်အတွက် ပြဿနာမရှိဟု မော်ရင်ဟို ပြော

ရွန်နီအစား ပေါ့ဂ်ဘာနှင့်မာရှယ်တို့ ပင်နယ်တီကန်သွင်းခဲ့သည့်အတွက် ပြဿနာမရှိဟု မော်ရင်ဟို ပြော

အောက်တိုဘာ ၂၁၊ အင်္ဂလန် ။                 ။ မန်ယူအသင်းက ဖီနာဘာချီအသင်းကို လေးဂိုး-တစ်ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် မန်ယူအသင်းက ပင်နယ်တီနှစ်ကြိမ် ရခဲ့ရာတွင် ပေါ့ဂ်ဘာနှင့် မာရှယ်တို့က ကန်သွင်းခဲ့ကြသည်။ ယခင်က မန်ယူတွင် ရွန်နီ ကသာ ပင်နယ်တီကန်သွင်းလေ့ ရှိသော်လည်း ယခုပွဲတွင် ရွန်နီရှိနေလျက် ပေါ့ဂ်ဘာနှင့်မာရှယ်တို့က ကန်သွင်းခဲ့ကြခြင်း ဖြစ်သည်။

ပင်နယ်တီကန်သွင်းသည့် တာဝန်ကို ရွန်နီ့ထံမှ ပေါ့ဂ်ဘာနှင့် မာရှယ်တို့ ရယူပြီး ကန်သွင်းခဲ့သည့်အတွက် မည်သည့်ပြဿနာမှ မရှိကြောင်း မန်ယူနည်းပြ မော်ရင်ဟိုက ပြောသည်။

ပေါ့ဂ်ဘာမှာ ပထမပင်နယ်တီ ရရှိချိန်တွင် ရွန်နီကို ခွင့်တောင်းကာ ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ရွန်နီအနေဖြင့် ပင်နယ်တီ မကန်သွင်းခဲ့သည့်အတွက် အသင်းဖော်ဟောင်း မိုက်ကယ်အိုဝင်က ဝေဖန်ခဲ့သော်လည်း ပွဲအပြီးတွင် ပေါ့ဂ်ဘာက ယခုကဲ့သို့ ရှင်းလင်းခဲ့သည်။ ‘ပင်နယ်တီကန်ချင်တယ်လို့ ရွန်နီကို ကျွန်တော်ပြောခဲ့ပါတယ်။ သူကလည်း ခွင့်ပြုပါတယ်။ ရွန်နီ့လို ကစားသမားဆီကနေ ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ဂိုးသွင်းနိုင်လို့ အရမ်းပျော်ပါတယ်။ ဒါက ကြီးမားတဲ့ လေးစားမှုပါပဲ။ တကယ်ကို ဝမ်းသာပါတယ်’ ဟု ပြောဆိုခဲ့သည်။

ရွန်နီသည် မန်ယူအသင်းတွင် ပွဲထွက်ကစားသမားအဖြစ် မကစားရသည်မှာ လေးပွဲရှိသွားပြီဖြစ်ပြီး ယခုပွဲတွင်မှ ပွဲထွက်ကစားခွင့် ရခဲ့ခြင်းဖြစ်သည်။ ပင်နယ်တီကန်သွင်းရန် ပေါ့ဂ်ဘာကို ရွေးချယ်ထားခြင်း ဖြစ်ကြောင်းနှင့် ကွင်းအတွင်း ပင်နယ်တီကန်သွင်းသည့်တာဝန်ကို လွတ်လွတ်လပ်လပ် ခွင့်ပြုထားကြောင်း မော်ရင်ဟိုက ရှင်းလင်းခဲ့သည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly