ခရီးသည်များ အစုအပြံုလို်က် သေဆုံးခဲ့ရတဲ့ ရေယာဉ်တိမ်းမှောက်မှု ထိရောက်စွာ အရေးယူဆောင်ရွက်ရေး

ခရီးသည်များ အစုအပြံုလို်က် သေဆုံးခဲ့ရတဲ့ ရေယာဉ်တိမ်းမှောက်မှု ထိရောက်စွာ အရေးယူဆောင်ရွက်ရေး
ဓါတ်ပုံ - အီးပီအေ

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်မှာ ချစ်တွင်းမြစ်အတွင်း ဟုမ္မလင်းမြို့နဲ့ မုံရွာမြို့သွား အောင်စိုးမိုးကျော်ရေယာဉ် ကျောက်ဆောင်တစ်ခုကို ကွေ့ရှောင်ရင်းက နစ်မြုပ်ခဲ့ပါတယ်။ သဘောၤစီးခရီးသည် ၇၀ ကျော် ရေနစ်သေဆုံးခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ အင်မတန် ထိတ်လန့်ကြေကွဲဖို့ကောင်းတဲ့ အဖြစ်အပျက်ပဲဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီသတင်းကြောင့် တတိုင်းပြည်လုံးက ပြည်သူတွေလည်း ဝမ်းနည်းကြေကွဲကြရပါတယ်။ ရေနစ်ကွယ်လွန်သွားကြရတဲ့ ကာယကံရှင်များရဲ့ မိဘဆွေမျိုးအသိုင်းအဝိုင်းတွေအဖို့လည်း ဖြေလို့မရနိုင်အောင် ထိတ်လန့်ကြေကွဲကြရမှာပါပဲ။

အောင်စိုးမိုးကျော်ရေယာဉ်နစ်မြုတ်သွားရခြင်း အကြောင်းရင်းအပေါ်မူတည်ပြီး၊ အစုအပြုံလိုက် ရေနစ်သေဆုံးရတဲ့အကြောင်းရင်းအပေါ်မူတည်ပြီး သတင်းဂယက်တွေလည်း တော်တော်လေး ဖြစ်လာခဲ့ ပါတယ်။ အထူးသဖြင့် အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုတ်သွားရခြင်းဟာ သတ်မှတ်ဝန်ထက်ပိုပြီး လူတွေအဆမတန် တင်လို့ အခုလို တိမ်းမှောက်သွားရတာ ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာခဲ့ ပါတယ်။ ခရီးသည် ၃၅ ယောက် ဝန်းကျင်သာ တင်ဆောင်ခွင့်ရှိပေမယ့် ခရီးသည် ၂၀၀ ကျော် ၃၀၀ နီးပါးတင်လာလို့ အခုလို ဝန်နဲ့အားမမျှဖြစ်ပြီး တိမ်းမှောက်ရတာဖြစ်တယ်၊ ဖြစ်ပွားစဉ်က မိုးလေသည်လည်းပဲ ပုံမှန်ဖြစ်တဲ့အကြောင်း ဝေဖန်ပြောဆိုလာကြပါတယ်။

ဒီအဖြစ်ဆိုးကြီး ဖြစ်ပွားပြီး နောက်တနေ့ကစပြီး သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဆီက တုန့်ပြန်ပြောဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။ ဝန်ပိုတင်ခြင်း၊ လောဘဇောတိုက်ခြင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်များရဲ့ တာဝန်မဲ့မှုများကြောင့်သာ အခုလို အဖြစ်မျိုးဖြစ်တာမို့ အဆင့်ဆင့် စစ်ဆေးအရေးယူသွားမှာ ဖြစ်တယ်ဆိုတဲ့ သတင်းလည်း ထွက်လာပါတယ်။ ဒေသအာဏာပိုင် တစ်ဦးကလည်း ရေယာဉ်တွေ ဝန်ပိုတင်နေကြတာကို စစ်ဆေးအရေးယူမယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ ပြည်သူတွေရဲ့အမြင်မှာတော့ ဒီလိုဒီလောက် အရေးယူ ဆောင်ရွက်လာတာမျိုးနဲ့တော့ မကျေနပ်နိုင်ကြပါဘူး။ လူတွေ အစုအပြုံလိုက် သေဆုံးရတဲ့အမှုဟာ သာမန်အမှု မဟုတ်ပါဘူး။ တာဝန် ပေါ့လျော့မှုဆိုတဲ့ အချက်တစ်ချက်အပေါ် မူတည်ပြီးမှ အရေးယူဆောင်ရွက်တာနဲ့ ပြီးသွားမှာကို မလိုလား ကြပါဘူး။ နောက်နောင် ဒီလို အဖြစ်ဆိုးတွေ ပြည်သူတွေ မခံစားရလေအောင် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ အလျင်အမြန်ဆောင်ရွက်ရမယ်လို့ပဲ မြင်ကြပါတယ်။ တာဝန်ရှိသူ အဆင့်ဆင့်ကို အမြန်ဆုံးစစ်ဆေးပြီး အဆင့်လိုက် ထိရောက်စွာ အရေးယူ အပြစ်ပေးတာမျိုးနဲ့ နောက်နောက် ဒီလို မဖြစ်လာရလေအောင် ကြိုတင်စီမံ ဆောင်ရွက်မှုများ အတိအကျချမှတ် ဆောင်ရွက်ကြရမယ်လို့ပဲ မြင်ကြပါတယ်။

ဥပမာအနေနဲ့ ပြောရရင် လွန်ခဲ့တဲ့နှစ်က တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံက အခုလို ရေယာဉ်တိမ်းမှောက်မှုလို အဖြစ်မျိုး ကြုံခဲ့တဲ့အခါ ရေယာဉ်တာဝန်ရှိသူတွေ ဘယ်လိုဘယ်နည်း အရေးယူခံခဲ့ကြရသလဲဆိုတဲ့ အဖြစ်နဲ့ နှိုင်းယှဉ်သုံးသပ်လို့ ရမယ်ထင်ပါတယ်။

ဒီတုန်းက တောင်ကိုရီးယားနိင်ငံ ဒီခရီးစဉ်မှာ သေဆုံးရတဲ့ကျောင်းသားနဲ့ ဆရာမတွေအတွက် ခရီးကိုစီစဉ်တဲ့ တာဝန်ရှိတဲ့ ကျောင်းဆရာက သူ့ကိုယ်သူ တာဝန်ယူတဲ့ အနေနဲ့ ကိုယ်ကိုယ်ကို အဆုံးစီရင် သွားခဲ့ပါတယ်။ အမှုရင်ဆိုင်နေတုန်းမှာပဲ သဘောၤပိုင်ရှင်ကလည်း သူ့ကိုသူ သတ်သေပြီး တာဝန်ရှိကြောင်း ပြသွားခဲ့ပါတယ်။ သမ္မတကြီးကလည်း ကယ်ဆယ်ရေးတွေ အလျင်အမြန် မဆောင်ရွက်ပေးနိုင်လို့ တိုင်းပြည်ကို ငိုယိုပြီး တောင်းပန်ခဲ့ပါတယ်။ သဘောၤမာလိန်မှူးက သေဒဏ်ကျခံရပါတယ်။ ကျန်တဲ့ သင်္ဘောတာဝန်ရှိသူနဲ့ ဆိပ်ကမ်းအာဏာပိုင်တချို့ အနည်းဆုံး ၁၀ နှစ်နဲ့ချီပြီး အမြင့်ဆုံး ထောင်ဒဏ်တစ်သက် အစရှိတဲ့ ပြစ်ဒဏ်အသီးသီး ကျခံခဲ့ကြရပါတယ်။

ဒါကတော့ တောင်ကိုရီးယားနိုင်ငံရယ်လို့ မဟုတ်ပါဘူး။ ဘယ်နိုင်ငံမှာပဲဖြစ်ပစေ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံရင် ဒီလို ထိရောက်ပွင့်လင်းမြင်သာ မှန်ကန်တဲ့ အရေးယူဆောင်ရွက်မှုတွေကို တိုင်းပြည်တာဝန်ရှိသူများ အနှေးနဲ့အမြန် ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ချင်းတွင်းမြစ်တွင်း အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုတ်ပြီး ခရီးသည်များ အစုအပြုံလိုက် ရေနစ်ကွယ်လွန်ခဲ့ရတဲ့အဖြစ်ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးတာမျိုး အပါအဝင် အခြားမှန်ကန်သည့် နည်းပေါင်းစုံဖြင့် သက်ဆိုင်ရာက အမြန်ဆုံး အရေးယူဆောင်ရွက်ပေးပါမည့်အကြောင်း ပြည်သူများနဲ့အတူ မဇ္ဈိမကလည်း တောင်းဆိုဆန္ဒပြုလိုက်ပါတယ်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly