မြန်မာ နှင့် အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့များ နယ်စပ်လုံခြံုရေးအတွက် ပူးပေါင်းဆောင်ရွက်မည်

မြန်မာ နှင့် အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့များ နယ်စပ်လုံခြံုရေးအတွက် ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၀ ။                       ။ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးအတွက် နယ်ခြားစောင့်တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်၏  အိန္ဒိယသမ္မတနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း ထုတ်ပြန် ကြေညာ သည့် ပူးတွဲကြေညာချက်အရ သိရသည်။

၎င်း ပူးတွဲကြေညာချက်အရ နယ်စပ်လုံခြုံရေးအတွက် သတင်းအချက်အလက် ဖလှယ်ရာတွင် ဆက်လက် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ပြီး နယ်စပ်လုံခြုံရေး တပ်ဖွဲ့များအချင်းချင်းဆွေးနွေးမှုများ အရှိန်မြှင့် ဆောင် ရွက်ရန် နှစ်နိုင်ငံစလုံး သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် နယ်စပ်တစ်လျှောက် လုံခြုံရေး ထိန်းသိမ်းမှုသည် နယ်စပ်ဒေသ စီးပွားရေးနှင့် လူမှုဘဝ တိုးတက်စေရေးအတွက် အရေးပါကြောင်း၊ အချုပ်အခြာ အာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန်လေး စားကြောင်းနှင့် သောင်းကျန်းသူများ၏ လှုပ်ရှားမှုများနှင့် အကြမ်းဖက်မှုအန္တရာယ်ကို ဆန့်ကျင်တိုက်ဖျက်သွားမည် ဖြစ် ကြောင်း ဖော်ပြပါရှိသည်။

နှစ်နိုင်ငံစလုံးအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှု၏ မည်သည့်ပုံစံမျိုးကိုမဆို ရှုံ့ချကြောင်း၊ မည်သည့်နေရာ၌ မည်သူကျူး လွန်သည် ဖြစ်စေ၊ အကြမ်းဖက်တိုက်ခိုက်မှုမှန်သမျှကို ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဖြေရှင်းရန်ကျန်ရှိနေသည့် နှစ်နိုင်ငံနယ်နိမတ် သတ်မှတ်ရေးကိစ္စရပ်များကို ဆောလျင်စွာ ဖြေရှင်းရန် လိုအပ် ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လျှပ်စစ် ဓါတ်အား ပံ့ပိုးပေးရေးအတွက် အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံအပေါ် ကူညီသွားမည်ဖြစ်ပြီး နှစ်နိုင်ငံ လျှပ်စစ်ဓါတ် အားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးနိုင်ခဲ့ပြီး လမ်းပန်းဆက်သွယ်မှု အဆင့်မြှင့် တင် ခြင်း၊ စိုက်ပျိုးရေး၊ ပညာရေးဆိုင်ရာ အခြေခံအဆောက်အဦ၊ ကျန်းမာရေး စောင့်ရှောက် မှု၊ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာနှင့် စက်မှုသင်တန်း များကို အရှိန်တိုးမြှင့်ဆောင်ရွက်ရန် သ ဘောတူညီခဲ့ကြသည်။

ထို့အပြင် ရဲလေ့ကျင့်ရေး အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးခြင်း နှင့် သိပ္ပံနည်းကျ အမှုအခင်းများ စစ်ဆေး ခြင်းများကို မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးရန် အိန္ဒိယ နိုင်ငံက ကတိပေးခဲ့ပြီး ရေနံဓါတုနှင့် ရေနံထွက်ကုန်များ ရောင်းချ ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် ပါဝင်ယှဉ်ပြိုင်ရန် အိန္ဒိယ ကုမ္ပဏီများကို မြန်မာနိုင်ငံ ဘက်မှ ဖိတ်ကြားခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် အောက်တိုဘာ ၁၇ ရက်နေ့က သွားရောက်ခြင်းဖြစ်သည်။
အဆိုပါ ခရီးစဉ် မတိုင်မီ အောက်တိုဘာလ ၁၆ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဂိုအာမြို့တွင် ကျင်းပ သည့် BRICS-BIMSTEC Outreach Summit ကို တက်ရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly