ဒီမိုကရေစီ အခွင့်အရေးများကို ရှေ့ကာလများတွင် ကာကွယ်ပေးရန် အာဏာပိုင်များကို အမေရိကန် တိုက်တွန်း

ဒီမိုကရေစီ အခွင့်အရေးများကို ရှေ့ကာလများတွင် ကာကွယ်ပေးရန် အာဏာပိုင်များကို အမေရိကန် တိုက်တွန်း

ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်တွင်းတွင် ဒီမိုကရေစီ အခွင့်အရေးကို ရှေ့လာမည့် ကာလများနှင့် ယင်းအလွန် ကာလများ၌ပါ အကာအကွယ်ပေးရန် အာဏာပိုင်များကို တိုက်တွန်းကြောင်း အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်ချက် ထုတ်ပြန်လိုက်သည်။ 

ပြည်တွင်းတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ဖြင့် ဖမ်းဆီး၍ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်နေခြင်းအပေါ် အမေရိကန်ပြည်ထောင်စု အနေဖြင့် စိုးရိမ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် လူတစ်ဦးတစ်ယောက်ချင်းစီ၏ အခြေခံကျသော ငြိမ်းချမ်းစွာ ထုတ်ဖော်နိုင်ခွင့်နှင့် စုဝေးနိုင်ခွင့်ကို ကျင့်သုံးခြင်းသည် မည်သည့် ဒီမိုကရေစီနိုင်ငံတွင်မဆို အဓိကကျသကဲ့သို့ လက်ရှိပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွင်လည်း အခြေခံကျသည်ဟုလည်း ပါဝင်သည်။

ယင်းအပြင် အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် အဆိုပါအခွင့်အရေးများကို လွတ်လပ်စွာ ကျင့်သုံးနိုင်ရေးသည် လာမည့်ရွေးကောက်ပွဲ ကာလအတွင်း ရွေးကောက်ပွဲ ပွင့်လင်းမြင်သာရှိမှု၊ အားလုံးပါဝင်နိုင်မှု နှင့် အများယုံကြည်လက်ခံနိုင်မှု တို့ကို တိုင်းတာရာတွင် လွန်စွာ အရေးပါမည်ဟုလည်း ဆိုလိုက်သည်။

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် လက်ရှိအချိန်ထိ ကျောင်းသားများနှင့် တက်ကြွ လှုပ်ရှားသူများကို ထောင်ဒဏ်များ ချမှတ်ခဲ့သည်လည်း ရှိပြီး အမှုရင်ဆိုင်နေရသူများလည်း ရှိသည်။ အဆိုပါ အမှုဖြင့် ဆန္ဒပြရာတွင် ဖြတ်သန်းသည့် မြို့နယ် အလိုက်လည်း သီးခြား ပြစ်ဒဏ်များ ချမှတ်လေ့ရှိသည်။

ယင်းအပြင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၆၉ ဦး ဆက်လက်ဖမ်းဆီးထိန်းသိမ်း ခံနေရပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၄၄၆ ဦး တရားရင်ဆိုင်နေရကြောင်း နိုင်ငံရေး အကျဉ်းသားကူ ညီစောင့်ရှောက်ရေးအသင်း (AAPP)  က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags