အလက်ပိုမြို့တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းကို ရပ်တန့်ရန် ပူတင်အား ဂျာမနီနှင့် ပြင်သစ်ခေါင်းဆောင်များ တောင်းဆို

အလက်ပိုမြို့တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းကို ရပ်တန့်ရန် ပူတင်အား ဂျာမနီနှင့် ပြင်သစ်ခေါင်းဆောင်များ တောင်းဆို
ဓာတ်ပုံ-အီးပီအေ

အောက်တိုဘာ ၂၀ ။            ။ ရုရှသမ္မတ ဗလာဒီမာပူတင်အနေဖြင့် ဆီးရီးယား၏ အလက်ပိုမြို့အပေါ် ဗုံးကြဲတိုက်ခိုက်နေမှုများကို ရပ်ဆိုင်းပေးရလိမ့်မည်ဟု ဂျာမန်အဓိပတိ အိန်ဂျယ်လာမာကယ်လ်နှင့်   ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းတို့က ပြောကြားလိုက်သည်။ ထိုကဲ့သို့ ဗုံးကြဲနေမှုများမှာ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းနှင့် မခြားကြောင်း ပြင်သစ်နှင့် ဂျာမနီခေါင်းဆောင်များက ပြောကြားသွားသည်။

ဘာလင်မြို့ရှိ ဆွေးနွေးပွဲတစ်ခုတွင် မာကယ်လ်နှင့် အော်လန်းတို့က လက်ရှိ ဆီးရီးယားစစ်ပွဲကိစ္စများနှင့်ပတ်သက်၍ ရုရှသမ္မတ ပူတင်နှင့် မိနစ်ကိုးဆယ်ကျော်ကြာ ဆွေးနွေးခဲ့သည့်အပြင် ယူကရိန်း အရှေ့ခြမ်းအရေးကိစ္စဖြေရှင်းရေးအတွက်လည်း ယူကရိန်းသမ္မတ ပေါ်ရိုရှန်ကိုနှင့်အတူတကွ ဆွေးနွေးခဲ့ကြသေးသည်။

ရုရှနှင့် ရှင်းလင်းပြတ်သားစွာ ဆွေးနွေးခဲ့ကြောင်းနှင့် ဆီးရီးယားရှိ နိုင်ငံရေးလုပ်ငန်းစဉ်ကို အပစ်ရပ်သဘောတူညီမှု အာမခံချက်မရမချင်း စတင်လုပ်ဆောင်၍ ရဦးမည်မဟုတ်ကြောင်း ဂျာမနီ   ခေါင်းဆောင်က ပြောကြားသည်။

လက်တစ်လော အခြေအနေအရ ရုရှအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံလုပ်ဆောင် သွားနိုင်မည်လားဆိုသည့် အလားအလာများကို အီးယူခေါင်းဆောင်များက ငြင်းဆန်သွားခဲ့ပြီး လက်ရှိအရေးကြီးဆုံးမှာ ဆီးရီးယားအရပ်သားများကို ကာကွယ်ပေးရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ပေးဝေရေးတို့ပင် ဖြစ်ကြောင်း ပြင်သစ်နှင့် ဂျာမနီ ခေါင်းဆောင်များက ပြောကြားသည်။

အလားတူ ဆီးရီးယား၏ အာဆတ်အစိုးရနှင့် ရုရှတို့အနေဖြင်လည်း အကြမ်းဖက်မှုနှိမ်နင်းရေးကို အကြောင်းပြချက်ပေးကာ အရပ်သား ၃၀၀,၀၀၀ နေထိုင်လျက်ရှိသော မြို့တစ်မြို့အပေါ် စိတ်ထင်သလို ဗုံးကြဲတိုက်ခိုက်နေ၍ မရကြောင်း အထက်ပါ ခေါင်းဆောင်နှစ်ဦးက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags