အမေရိကန်ဆန့်ကျင်ရေး ဖိလစ်ပိုင်ဆန္ဒပြသူများအား ရဲက ဗင်ကားဖြင့် ၀င်တိုက်ကာ လူစုခွဲ

အမေရိကန်ဆန့်ကျင်ရေး ဖိလစ်ပိုင်ဆန္ဒပြသူများအား ရဲက ဗင်ကားဖြင့် ၀င်တိုက်ကာ လူစုခွဲ
ဓာတ်ပုံ-အီးပီအေ

အောက်တိုဘာ ၁၉ ။           ။ ဖိလစ်ပိုင်မြို့တော် မနီလာတွင် အောက်တိုဘာ ၁၉ ရက်နံနက်ပိုင်းက အမေရိကန် ဆန့်ကျင် ဆန္ဒပြစုဝေးပွဲ တစ်ခု ပေါ်ပေါက်ခဲ့ရာ ရဲတပ်ဖွဲ့ ဗင်ကားတစ်စီးက ဆန္ဒပြသူများကို ဝင်တိုက်ကာ ရှင်းလင်းခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

 အလားတူ နှစ်ဘက်အကြား အပြန်အလှန်တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ကြောင်းလည်း သိရသည်။

ဒေသခံ တိုင်းရင်းသား ပြည်သူများ၊ ကျောင်းသားများ အပါအဝင် ဆန္ဒပြသူ ရာပေါင်းများစွာတို့ နိုင်ငံတွင်း၌ အမေရိကန်တပ်များ ရှိနေမှုကို ဆန့်ကျင်ရန်နှင့် သမ္မတဒူတာတေး လွတ်လပ်သော   နိုင်ငံခြားရေးမူဝါဒကို ထောက်ခံရန် အမေရိကန်သံရုံးသို့ စုဝေးချီတက်လာခဲ့ရာမှစကာ ယခု ပဋိပက္ခများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

 "လွတ်လပ်မှုကို ထောက်ခံသည်"၊ "အမေရိကန် ဝင်စွက်ဖက်မှုကို ဆန့်ကျင်သည်" ဆိုသော စာသား ဆိုင်းပုဒ်များ ကိုင်ဆောင်ထားသော ဆန္ဒပြသူများသည် သံရုံးအနီး ရဲတံတိုင်းကို ချိုးဖောက် ဖျက်စီးရန် ကြိုးပမ်းခဲ့သည်ဟု သိရသည်။

 ယင်းနောက် အဆိုပါ ဆန္ဒပြမှုများမှာ အကြမ်းဖက်မှုများနှင့် အဆုံးသတ်သွားခဲ့ပြီး အာဏာပိုင်များက လူအုပ်ကို အကြမ်းနည်းသုံးကာ လူစုခွဲခဲ့သည်ဟု သိရသည်။ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့မှ ဗင်ကားတစ်စီးမှာ လူအုပ် အတွင်း ရှေ့တိုး၊ နောက်ဆုတ် မောင်းနှင်ကာ ဆန္ဒပြသူများကို ဝင်တိုက်ခဲ့သည့်အပြင် မျက်ရည်ယို ဗုံးများကိုလည်း သုံးခဲ့သည်ဟု သိရသည်။

 ဆန္ဒပြခေါင်းဆောင် ရီနေတို ရေရက်စ်က တွစ်တာတွင် ပြောကြားရာတွင် လူပေါင်း ၂၉ ဦး ဖမ်းဆီး ခံခဲ့ရကြောင်းနှင့် ဆရာဝန်၊ သူနာပြုနှင့် မီဒီယာသမား တစ်ဦးစီတို့ ပါဝင်သွားကြောင်း သိရသည်။ ဒေသစံတော်ချိန် ညနေ လေးနာရီခန့်တွင်မူ ဖမ်းဆီးခံဆန္ဒပြသမားများကို ပြန်လွှတ်ပေးခဲ့သည်ဟုလည်း ဆိုသည်။ အလားတူ ဒဏ်ရာရ ဆန္ဒပြသမား ဆယ်ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ရဲတပ်ဖွဲ့ ဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိသွားသူများ ရှိခဲ့ကြောင်း ရေရက်စ်က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly