အစိုးရ အကူးအပြောင်းတွင် ထုတ်ပေးခဲ့သော မြေဂရန် ၂၃၀ ကျော်ကို ပြန်လည် ရုပ်သိမ်းမည်မဟုတ်

အစိုးရ အကူးအပြောင်းတွင် ထုတ်ပေးခဲ့သော မြေဂရန် ၂၃၀ ကျော်ကို ပြန်လည် ရုပ်သိမ်းမည်မဟုတ်

ရန်ကုန် ၊ အောက်တိုဘာ ၁၉ ။              ။ ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြုချက်ဖြင့် ချထားပေးခဲ့သော မြေကွက် ဂရန် ၂၃၂ ခုကို လက်ရှိအချိန်တွင် ပြန်လည် ရုပ်သိမ်းသွားမည်မဟုတ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက လွှတ်တော် တွင်ပြောကြားခဲ့သည်။

သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်၏ မြေဂရန်များကို ပြန်လည်စီစစ်ပြီး မသင့်တော်သည့် အနေအထားများ တွေ့ရှိပါက ဂရန်များကို ပြန်လည်ရုပ်သိမ်းပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းမှုကို ပြန်လည်ဖြေကြား ခဲ့ ခြင်း ဖြစ်သည်။

အဆိုပါ မြေကွက် ဂရန် ၂၃၂ ခုသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော် မတီရဲ့ ခွင့်ပြုညွှန်ကြားချက်မှုအရ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း အထူးဝန်ဆောင်ခ နှုန်းထားဖြင့် ချထားပေးခဲ့ခြင်း ဖြစ် သည်။

" အဲ့ဒါတွေဟာ အရင်တုန်းက မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေနဲ့ အညီ စီစစ်ဆောင်ရွက်ခဲ့တာဖြစ်လို့ ၂၃၂ ကွက်စလုံးတော့ ပြန်လည်ရုပ်သိမ်းပေးဖို့ အစီအစဉ်မရှိပါဘူး" ဟု ဦးမောင် မောင်စိုးက ပြောသည်။

မန္တလေးတိုင်းအတွင်း ချထားပေးသည့် မြေဂရန်များကို ပြန်စစ်ဆေးရာတွင် မသမာမှုများ တွေ့ရှိရခြင်းကြောင့် ရန်ကုန် တွင် ပြန်လုပ်သင့်သည့်အတွက် မေးမြန်းရခြင်းဖြစ်ကြောင်း ဦးနေဘုန်းလတ်က လွှတ်တော်အပြီး မီဒီယာများနှင့် တွေ့ဆုံ စဉ် ပြောသည်။

"ဒီ ၂၃၂ ကွက်မှာ ဘောလုံးကွင်းတွေလည်း ပါသွားနိုင်တယ် ၊ ပန်းခြံတွေလည်း ပါသွားနိုင်တယ်။ ကျွန်တော်တို့က စီစစ်ဖို့ ကျွန်တော်တို့ကို သတင်းအချက်အလက်ပေးပါဆိုတော့လည်း အဲ့ဒါလည်း ပေးမယ်ဆိုတဲ့ သဘောမျိုး မပြော သွား ဘူး" ဟု ဦးနေဘုန်းလတ်က ပြောသည်။

သို့ပေမယ့် အဆိုပါမြေကွက်များကို တစ်ဦးချင်းအလိုက် ချထားပေးခြင်းဖြစ်သောကြောင့် တစ်ဦးချင်းအလိုက် အငြင်းပွား မှုများ ဖြစ်ပေါ်လာပါက ပြန်လည်စီစစ် ပေးမည်ဖြစ်ကြောင်း ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly