ယာဉ်စည်းကမ်းလိုက်နာ အားလုံး စိတ်ချမ်းသာ

ယာဉ်စည်းကမ်းလိုက်နာ အားလုံး စိတ်ချမ်းသာ
ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ် မဟာဗန္ဓုလလမ်း လမ်းပေဓရှိ မော်တော်ယာဉ်များအား ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၅ ရက်ကတွေ့ရစဉ်။

အခုတလော ရန်မြို့ ဘတ်စကားများပေါ်က ဇာတ်လမ်းများကို ပြန်ကြားလာရပြန်သည်။ အထူးသဖြင့် ဘတ်စ်ကားမောင်းသူနှင့် ယာဉ်အကူများအကြောင်း ပိုပြီး ကြားလာရပြန်သည်။

လွန်ခဲ့သည့် တပါတ်က ဘတ်စ်ကားတစ်စီး၏ နောက်ကို နောက်ထပ် ဘတ်စ်ကားတစ်စီးက ဝင်တိုက်လိုက်သည်။ တမင်ဝင်တိုက်ခြင်း မဟုတ်သော်ငြားလည်း ရှေ့ကား၏ နောက်မှန်ကြီးကွဲသွားရသည်။ နောက်ကဝင်တိုက်မိသွားသည့်ကားပေါ်မှ ကားသမားများ ဆင်းလာကြသည်။ ရှေ့ကားပေါ်က ကားသမားများနှင့် အချီအချစကားများကြသည်။ ကံအားလျော်စွာ ပြင်းပြင်းထန်ထန် ငြင်းခုန်ပြောဆိုကြသော်ငြားလည်း ခိုက်ရန်ဒေါသဖြစ်သည်အထိတော့ ရောက်မသွားခဲ့။ ခရီးသည်များကတော့ ကားပေါ်တွင် သည်အတိုင်းထိုင်စောင့်ကာ ရင်တထိတ်ထိတ်ဖြစ်ကြရသည်။ နောက်တော့ နောက်ကားမှာ စက်ပျက်သွားခဲ့သည်။ နောက်ကားပေါ်မှ ခရီးသည်များ ရှေ့ကားပေါ် ပြောင်းကြရသည်။

အမှန်စင်စစ် ယင်း ဘတ်စ်ကားနှစ်စီးမှာ အပြန်အလှန် ယှဉ်ပြိုင်ပြီးမောင်းလာကြခြင်းဖြစ်သည်။ နောက်ကားပေါ်က ကားစပယ်ရာနှင့် ကားမောင်းသူတို့သည် ယှဉ်မောင်းလိုက်လာနေသည့် တခြားဘတ်စ်ကားပေါ်က ကားသမားများကို တချိန်လုံးဆဲဆိုလာနေခဲ့ကြသည်။ ခရီးသည်များကိုပင် အားမနာနိုင်ပဲ သူတို့ကိုယ်တိုင်လည်း အော်ကာဟစ်ကာ ကားကို ထင်သလိုမောင်းလာခဲ့ကြသည်။ သူတို့ကားကို တဖက်ကားက ကျော်တက်သွားလျင် အားကျမခံ ကားကို အတင်းအဓမ္မ အကြမ်းပတမ်းမောင်းကာ ပြန်ကျော်တက်ဖို့ ကြိုးစားကြသည်။ ခရီးသည်များ မည်သူမျှ မျက်နှာမကောင်းနိုင်ကြတော့။ တလမ်းလုံး ဘုရားတလာခဲ့ကြရသည်။ နောက်တော့ သင်္ဃန်းကျွန်း အသင်းတိုက်ကားဂိတ်တွင် ရောက်နှင့်နေသည့် ရှေ့က ဘတ်စ်ကားကို နောက်က အတင်းဝင်ရပ်ရင်းက နောက်ကားက ရှေ့ကားကို နောက်မှ ဝင်တိုက်မိသည်အထိ ဖြစ်ရတော့သည်။

တခါတလေ ကားသမားတချို့က ကားမောင်းရင်း တလမ်းလုံး တယ်လီဖုံးပြောရင်းမောင်းသည်။ ဘီယာဗူးမော့ရင်း ဆေးလိပ်သောက်ရင်း ကားမောင်းသည်။ ကွမ်းကတော့ ကားဆရာတိုင်းစားကြသည်။ ကားရပ်သည်ဖြစ်စေ မောင်းနေသည်ဖြစ်စေ ကားပြတင်းပေါက်များမှတဆင့် ကားသမားအားလုံး ကွမ်းတံတွေးထွေးကြသည်။ တခါကမူ ကားမောင်းသူတစ်ဦး ကားမောင်းရင်း ဂိမ်းဆော့နေသည်ကိုပင် တွေ့ခဲ့ရသည်။ သူတို့ ပြောနေ ဆိုနေ ပြုမူနေပုံတွေက ခရီးသည်တွေကို ရှိတယ်လို့ပင် မထင်။ လေးစားဖို့တော့ ဝေးစွ။ သူတို့အပြုအမူများကိုကြည့်ပြီး ခရီးသည်တချို့မှာ စိတ်ဆိုးဒေါသဖြစ်ကြရသော်လည်း ထုတ်ဖေါ်ပြောဆိုတားမြစ်လျင် ရန်ဖြစ်တော့မည်မှာသေချာနေသည့်အနေအထားမို့ မည်သူကမျှ မပြောဝံ့ကြ။ ပြောလျင်လည်း သူတို့က သီးခံကြမည့်ပုံမပေါ်။ တခါက ယင်းအပြုအမူမျိုး မပြုလုပ်ဖို့ပြောသည့် ခရီးသည်ကို အပြန်အလှန် အခြေအတင်ပြောရင်းက လမ်းတဝက်တွင် ကားရပ်ကာ မကျေနပ်လျင် ကားပေါ်က ဆင်းသွားဖို့ မောင်းချဖူးသည်ဟုပင် ကြားဖူးသည်။

ယင်းကဲ့သို့သော အပြုအမူများဖြစ်သည့် ကားမောင်းရင်း သတင်းစာဖတ်၊ ကားမောင်းရင်း ဘီယာမော့၊ ကားမောင်းရင်း ဆေးလိပ်သောက်သည့်အပြုအမူများမှာ လွန်စွာ အန္တရာယ်ရှိပါသည်။ ခရီးသည်များ၏ အသက်အန္တရယ်မှာ သူတို့လက်ထဲတွင် ဘုရားတလျက် ဝကွက်အပ်ထားရသလို ဖြစ်နေသည်။

ယခုတော့ အောက်တိုဘာလ ၁၄ ရက်နေ့ထုတ် သတင်းစာတစ်ခုတွင် ယာဉ်မောင်းများ အရက်သောက်ထားခြင်း ရှိ မရှိ၊ ဂိတ်တာဝန်ခံများကိုယ်တိုင် စစ်ဆေးမည် ဆိုသည့်သတင်းတစ်ပုဒ် ပါလာခဲ့ပါသည်။ နာမည်ပျက်လွန်းမကပျက်၊ မတော်တဆ ယာဉ်တိုက်မှုများဖြစ်၊ သံတုတ်နှင့်ရိုက် ဓါတ်ဆီလောင်းမီးရှို့သည်အထိ ခိုက်ရန်ဒေါသ ဖြစ်ခဲ့ကြရသည့် ယာဉ်လိုင်းများကို ထိရောက်မှန်ကန်သည့် အရေးယူ စစ်ဆေးမှုများ မဖြစ်မနေ ဆောင်ရွက်ရပါလိမ့်မည်။

သည်နေရာတွင် ယာဉ်မောင်းတချို့ကမူ ဆိုးသွမ်းယာဉ်မောင်းတချို့ကြောင့် ယာဉ်မောင်းလောက နာမည်ပျက်ရသည်ဟု ငြီးငြူပြောဆိုသံများလည်း ကြားရတတ်ပါသည်။ သို့သော် စည်းကမ်းနှင့်ညီညွတ်ပြီး ခရီးသည်များအပေါ် ယဉ်ကျေးစွာ ဆက်ဆံပြုမူတတ်သည့် ယာဉ်ဝန်ထမ်းများမှာ အနည်းစုသာလျင် ဖြစ်နိုင်ပါသည်။ သည်အထဲက ယာဉ်စည်းကမ်းလိုက်နာကာ ခရီးသည်များကို ယဉ်ကျေးစွာ ပြုမူဆက်ဆံတတ်သည့် ယာဉ်မောင်းအနည်းစုကိုမူ လေးစားရပါသည်။

အခုတော့ ရန်ကုန်မြို့တွင်း ဘတ်စ်ကားများကို တင်းကြပ်စွာ စစ်ဆေးအရေးယူတော့မည့်သဘောဖြစ်သည်။ ကောင်းပေစွ သင့်လျော်ပေစွဟူ၍သာ ထောက်ခံလိုက်ရပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly