အမျိုးသမီးတွေ ထိုက်ထိုက်တန်တန်နေရာ မရသေးဘူးလို့ ဆိုလိုက်တဲ့ ဒေါ်စောမြရာဇာလင်း

.

ဒီတစ်ပတ်မှာတော့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်းကို တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီတွေ့ဆုံမေးမြန်းချက်တွေထဲမှာ ရခိုင်တိုင်းရင်းသူတစ်ဦးအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ် သဘောထားတွေ ရခိုင်ပြည်နယ်အတွက် မျှော်လင့်ချက်တွေ အမျိုးသမီးခေါင်းဆောင်တစ်ဦးအနေနဲ့ တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေကို ကြားရသိကြရမှာဖြစ်ပါတယ်။

မင်္ဂလာပါ ဆရာမ စောမြရာဇာလင်းရှင့်။

ပထမဆုံးအနေနဲ့ ဆရာမ မိုင်ဂျာယန် အစည်းအဝေးကိုလည်း တက်ခဲ့တယ်လို့ သိရတယ်။ အဲဒီအစည်းအဝေးပေါ်မှာ ဆရာမရဲ့ စိတ်ကျေနပ်မှု ရှိခဲ့သလားဆိုတာကို သိချင်ပါတယ်ရှင့်။

ဟုတ်ကဲ့။ အားလုံးကျေနပ်တယ်လို့တော့ ပြောလို့မရဘူးပေါ့။ ဒါပေမယ့် ကျေနပ်သင့်သလောက် ကျေနပ်ပါတယ်။ ပထမဆုံးအနေနဲ့ ဆိုလို့ရှိရင် ကျွန်မတို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကြားမှာ တချို့ကတော့ လက်မှတ်ထိုးသွားကြတယ်။ တချို့ကလည်း လက်မှတ် မထိုးဘဲ ကျန်ခဲ့တာပေါ့။ အဲလိုအနေအထားမျိုးတွေမှာ ကျွန်မတို့ ပထမဆုံးအကြိမ် အနေနဲ့ မန်ဂျာယန်မှာ ဆုံဖြစ်တယ်။ အဲလို ဆုံဖြစ်ခြင်းသည်လည်း ကျွန်မတို့အတွက် ကောင်းသော ရလဒ်တစ်ခုအဖြစ် ရှုမြင်ပါတယ်။

ဟုတ်ကဲ့ပါ။ လာမယ့် ၃၁ ရက်နေ့မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံအတွက် ဆရာမရဲ့ ကြိုတင်ပြင်ဆင်ချက်လေးလည်း သိပါရစေရှင့်။

လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံပေါ့လေ ၂၁ ရာစု ပင်လုံဆိုပြီးတော့မှ နိုင်ငံတော် အတိုင်ပင်ခံကနေပြီးတော့ သုံးနှုန်း ခေါ်ဝေါ်ထားတာပေါ့။ အဲလိုညီလာခံကြီးတစ်ခု ကျင်းပတယ် ဆိုတာဟာ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အဲဒါဟာ အင်မတန်မှ အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ ပြည်တွင်းစစ်က နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီဖြစ်တယ်။ ဘာကြောင့် ပြည်တွင်းစစ်ဖြစ်သလဲ။ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို မရလို့ ဖြစ်တယ်။ အဲဒါ ရှင်းရှင်းလေးပဲ။ အဲလို ရပိုင်ခွင့်တွေကို တိုက်ပွဲနဲ့ပဲ ဖြေရှင်းဖို့ရာအတွက် နှစ်ပေါင်းများစွာ တိုက်လာခဲ့ပြီးပြီ။ အများကြီး သေခဲ့ကြပြီ။ သွေးချောင်းတွေလည်း စီးခဲ့ကြပြီ။ မြေစာပုံတွေလည်း များခဲ့ကြပြီ။ ဒါပေမယ့် ပြဿနာကို ကျွန်မတို့ မဖြေရှင်းနိုင်ခဲ့ကြဘူး။ ၂၀၁၂ ခုနှစ်ကနေပြီးတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်လာတယ်။ ဒီအပြောင်းအလဲရဲ့ အကျိုးဆက်လို့ ကျွန်မတို့အနေနဲ့ ပြောလို့ရတယ်။ အခုလာမယ့်   ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံဟာဆိုလို့ရှိရင် အမည်နာမအားဖြင့် ဒုတိယ အကြိမ်လို့ မတပ်အပ်သော်လည်း ပထမက ကျင်းပခဲ့ပြီဖြစ်တဲ့ ညီလာခံရဲ့ ကွင်းဆက်ဆိုတာ မမှားနိုင်ဘူး။ ကျွန်မတို့တွေ ဆက်ပြီးတော့မှ ညီလာခံတွေကို ကျင်းပရင်းနဲ့ပဲ ကျွန်မတို့တိုင်းပြည်ထဲမှာ ငတ်မွတ်ခေါင်းပါးနေကြတဲ့ ပြဿနာတွေ တိုင်းရင်းသားတစ်ရပ်လုံး ကိုယ့်ကံကြမ္မာ ကိုယ့်မဖန်တီးနိုင်ကြဘူး။ မွေးရာပါ အခွင့်အရေးတွေကို အပြည့်အဝ မရကြဘူး။ စသည်ဖြင့် လူ့အခွင့်အရေးများစွာ ရှုထောင့်ပေါင်းစုံက ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို ကျွန်မတို့က စားပွဲဝိုင်းမှာ အဖြေရှာဖို့အတွက် ဒီလိုညီလာခံတွေ ကျင်းပလာရခြင်း ဖြစ်တယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအပေါ်မှာ ဆရာမရဲ့ မျှော်လင့်ချက်တွက်၊ အိပ်မက်တွေလည်း သိပါရစေ။

ဟုတ်ကဲ့။ အိပ်မက်တွေ ရှိပါတယ်။ မျှော်လင့်ချက်တွေလည်း ရှိပါတယ်။ ဥပမာ ရခိုင်ဆိုပါစို့ ။ ရခိုင်တွေမှာ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ ဥပမာအနေနဲ့ အထင်ကရ   ပြောမယ်ဆိုရင် မြောက်ဦးကို သွားလိုက်လို့ရှိရင် အခြားနိုင်ငံတွေကို သွားလိုက်ရတာထက် မတူဘူး။ တအား ခံစားချက်တွေရှိတယ်။ ကျွန်မတို့မြင်ချင်တဲ့ ကျွန်မတို့ နန်းတော်ရာကို ကျွန်မတို့ ကောင်းစွာ မမြင်ရတော့ဘူး။ ပြိုပျက်နေပြီးတော့မှ အများကြီး ခံစားချက်မကောင်းတာတွေလည်း ဖြစ်ရပါတယ်။ ထိုနည်းလည်ကောင်း စာပေတွေ ရိုးရာအမွေအနှစ်တွေ၊ စသည်အားဖြင့် ပျောက်ဆုံးနေတာ ဆုံးရှုံးနေတာတွေ အများကြီးရှိတယ်။

ကျွန်မတို့က ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရလာဖို့အတွက် တိုက်ပွဲဝင်နေတယ်။ အရင်ကတော့ လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲဝင်ပေါ့။ အခုတိုက်ပွဲဟာဆိုရင် နှလုံးရည်တိုက်ပွဲဘက်ကို ဦးတည်လာတယ်။ အဲလို နှလုံးရည်တိုက်ပွဲကနေပြီးတော့မှ ပြဿနာတွေအားလုံးကို စားပွဲခုံပေါ်မှာ ဖြေရှင်းဖို့ရာအတွက် ကြိုးစားလို့ ကျွန်မတို့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်မတို့လိုချင်တာတွေ ရလာနိုင်တယ်ဆိုလို့ရှိရင် ကျွန်မတို့ ဖန်တီးချင်တဲ့ ကျွန်မတို့နိုင်ငံကို အလှဆုံးအနေနဲ့ ကျွန်မတို့ ဖန်တီးနိုင်လိမ့်မယ်။ ဖန်တီးဖို့လည်း မျှော်လင့်ပါတယ်။

အခုလက်ရှိပေါ့နော် ဆရာမရဲ့ ရခိုင်ပြည်နယ်အပေါ်မှာရော မြင်နေတဲ့အမြင်လေးကို ပြောပြပေးပါဦး။

ဟုတ်ကဲ့။ အခုလက်ရှိ ဖွဲ့စည်းပုံ အခြေခံ အုပ်ချုပ်ပုံအရဆိုရင် ကျွန်မတို့ ကိုယ့်ကြမ္မာကိုယ် မဖန်တီးနိုင်ကြသေးဘူး။ ရခိုင်ပြည်နယ်အစိုးရဆိုပြီးတော့ အဖွဲ့အစည်းတော့ ရှိတာပေါ့လေ။ ဒါပေမယ့် ဗဟိုကပဲ အားလုံးချုပ်ကိုင်တယ်။ ဒါဟာ ဒီမိုကရေစီမကျသလိုပဲ ဖက်ဒရယ်လည်း မဟုတ်ဘူး။ အဲဒါကြောင့်မို့ အခု ကျွန်မတို့ တောင်းဆိုနေတဲ့ အနေအထားဟာဆိုရင် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီ တိုင်းပြည်ဖြစ်ရမယ်။ ဒီမိုကရေစီ ရှိရမယ်။ အဲဒီတိုင်းပြည်ဟာ ဘာလဲ ဖက်ဒရယ်စနစ်ကို တည်ဆောက်တဲ့ Power Sharing ကို သုံးနိုင်တဲ့ တိုင်းပြည်ဖြစ်ရမယ်ဆိုတာ ကျွန်မတို့ရဲ့ အခုလက်ရှိ ကြိုးစားနေတဲ့ အိပ်မက်ပါ။

ဟုတ်ကဲ့ပါဆရာမ။ နောက်တစ်ခုက လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုက ဘာဖြစ်မလဲဆိုတာကို သုံးသပ်ပေးပါဦး။

စိတ်ပူမှုတွေရှိပါတယ်။ အဲဒီစိတ်ပူမှုက ဘာလဲဆိုရင် တိုင်းရင်းသားတွေက အခွင့်အရေးတွေကို တောင်းဆိုလာပြီဆိုရင် နောက်ပြန်လှည့်မှာကို ကျွန်မတို့ စိတ်ပူမှုတွေ ရှိပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ စဉ်းစားကြည့်လိုက်လို့ရှိရင်လည်း ပွင့်လင်းမြင်သာမှုကို ရှိတဲ့ အနေအထားတစ်ခုခုကို ရောက်လာပြီဆိုလို့ရှိရင် နောက်ပြန်လှည့်တယ်ဆိုတာလည်း ဖြစ်ချင်မှ ဖြစ်မယ်ပေါ့။ ဒါပေမယ့် အရင်ကဖြစ်ခဲ့တာတွေ အများကြီး ရှိခဲ့တာမို့ အဲလို စိန်ခေါ်မှုတွေအပေါ်မှာ သံသယတွေရှိတယ်။ သံသယတွေ ပြေပျောက်ပြီလားဆိုရင် အားလုံးမပျောက်နိုင်သေးဘူး။

ဒါပေမယ့်လည်း ကျွန်မတို့လည်း သတိကြီးစွာ သွားပါတယ်။ ဆိုလို့ရှိရင် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစဉ်အဆက် အုပ်ချုပ်လာတဲ့ ပုဂ္ဂိုလ်တွေကလည်းပဲ တိုင်းရင်းသားတွေကတော့ ဖက်ဒရယ် ကိုတော့ ပြောနေကြတယ်။ တစ်ချိန်ချိန် တစ်နေ့နေ့မှာ ခွဲထွက်မှာလား ဆိုတာမျိုးကို စိတ်ပူနိုင်တယ်။ စိတ်ပူမှုတွေ ရှိနိုင်တယ်။ အဲလိုအမြင်တွေကတော့ နှစ်ဖက်စလုံးမှာ ရှိနိုင်တယ်။ ဒါကလည်း စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောပါတယ် ခွဲထွက်ခွင့်မပါသော ပင်လုံပေါ့လေ ခွဲထွက်ခွင့်မပါသော ဖက်ဒရယ်စနစ်ကို သူက တည်ဆောက်ချင်တယ်လို့ ပြောပါတယ်။ ရွာလေးတစ်ရွာမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာဆိုလို့ရှိရင် ကိုယ့်အိမ်လေးကို ဆောက်နေကြတယ်။ သာတူညီမျှရှိတယ်။ ဆေးခန်းတွေ ရှိတယ်။ ကျောင်းလေးရှိတယ်။ စာသင်ဖို့ဆိုရင်လည်း အဆင်ပြေတယ်။ သောက်ရေဆိုရင်လည်း အားလုံး အတူတူ လုံလုံလောက်လောက်ရတယ်။ ကိုယ့်ရဲ့ မိသားစုဘဝကိုလည်း ဖန်တီးနိုင်ခွင့် ရှိတယ်ဆိုရင် အဲဒီရွာက ခွဲထွက်ချင်မှခွဲထွက်မယ်။ ဒါပေမယ့် အဲလိုတော့မဟုတ်ဘူး ရွာသူကြီး လုပ်တဲ့သူက အမြဲတမ်း ငြူဆူပြီးတော့မှ အပြစ်ရှာနေတယ် ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်ဆိုလို့ရှိရင် အဲဒါဟာ ဘယ်သူမှ ပြောလို့မရတဲ့ ကိစ္စဖြစ်တယ်။ အဲဒါကြောင့်မို့ အဓိကက ဘာလဲဆိုရင် ခွဲခြားမဆက်ဆံဖို့နဲ့ သာတူညီမျှဖြစ်ဖို့ အားလုံး ညီတူညီမျှ ဘယ်လိုဖြစ်မလဲဆိုတာကတော့ အဓိက အရင်းခံပဲ ဖြစ်ပါတယ်။

ဟုတ်ကဲ့ပါဆရာမ နောက်ဆုံးမေးခွန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို ဆရာမအနေနဲ့ သုံးသပ်ပေးပါဦး။

အားမရသေးပါဘူး။ ကျွန်မတို့ဆိုလို့ရှိရင် ရခိုင်အမျိုးသမီးများအစည်းအရုံးကို ဖွဲ့စည်းပြီးတော့မှ အမျိုးသမီးတွေရဲ့ Capacity ကို မြှင့်တင်လာတာကိုလည်း ကျွန်မတို့ နှစ်ပေါင်း ၁၇ နှစ် ရှိပါပြီ။ ထိုနည်းလည်ကောင်းပဲ WLB ကို ကျွန်မတို့ရဲ့လက်နဲ့ ကျွန်မတို့ရဲ့ ဦးနှောက်နဲ့ တည်ဆောက်လာ ခဲ့ကြတယ်။ ပြီးလို့ရှိရင် စွမ်းအင်မြင့်တက်လာအောင် ပြည်နယ်တိုင်းက အမျိုးသမီးတွေကို ကျွန်မတို့ ခေါ်ပြီးတော့မှ စွမ်းရည်မြှင့်တင်တယ်။ ပြီးလို့ရှိရင် ဒီအမျိုးသမီးတွေရဲ့ စွမ်းအားနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကိုလည်း ကြိုးစားခဲ့ကြတယ်။

ကျွန်မတို့ရဲ့ သမီးလေးတွေ ညီမလေးတွေက နေရာအသီးသီးကို သွားရတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံပေါင်းများစွာ အတော်များများကို ရောက်ကြတယ်။ အဲလိုသွားတာဟာ   မြန်မာနိုင်ငံရဲ့   ပြုပြင် ပြောင်းလဲရေးအတွက်ကို ကျွန်မတို့ အမျိုးသမီးတွေရဲ့ အစွမ်းနဲ့ တိုက်ပွဲဝင်ခဲ့တာ ဒါဆိုရင် အခု မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဟာ အထဲကနေပြီးတော့ လုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့ အစွမ်းအစတချို့ ပါမယ်။ ကျွန်မတို့ ပြည်ပကလုပ်တဲ့ အင်အားတွေရဲ့ တွန်းအားတွေကြောင့်လည်း အများကြီး ပါပါတယ်။

ဒီမြန်မာနိုင်ငံဟာ မပြောင်းလဲလို့ မရတော့ဘူး။ ပြောင်းလဲလာတယ်။ ဒါဟာ ကျွန်မတို့ ပျိုးခဲ့တဲ့ စိုက်ခဲ့တဲ့ သစ်ပင်တွေရဲ့ အသီးအပွင့်တွေရဲ့ ခွန်အား အဲဒါတွေဟာ အကျိုးပြုခဲ့တာပဲ ဖြစ်တယ်။ ဒါပေမယ့် ဒီနေ့ထိ ကျွန်မတို့က ရည်မှန်းတိုင်းအတိုင်းကို မရောက်လာသေးဘူး။ အခု UPDJC  ကျွန်မတို့ အမျိုးသမီး တစ်ယောက်စ နှစ်ယောက်စ ပါတယ်။ ဒါပေမယ့် ဒီအမျိုးသမီးတွေဟာ ဆိုလို့ရှိရင် ထိုက်ထိုက်တန်တန် နေရာမရသေးဘူးလို့ ကျွန်မ တစ်ယောက်တည်းအနေနဲ့ မြင်တယ်ပေါ့လေ။

ကျွန်မကတော့ တိုက်ပွဲဝင်စိတ် ရှိတယ်။ ရှေ့မှာလည်းပဲ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍတွေကို ရောက်တဲ့အခါမှာ အမျိုးသမီးတွေဟာ ဝန်ကြီးဌာနတွေမှာ ဘယ်လောက်ပါလာမလဲ။ အမတ်နေရာတွေမှာ ဘယ်လောက်ပါလာမလဲ။ ပြည်နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့တွေမှာ အမျိုးသမီးတွေ ဘယ်လောက်ပါလာမလဲဆိုတာကတော့ ကျွန်မတို့ စောင့်ကြည်နေသလိုပဲ ထိုင်ကြည့်နေဖို့တော့ မဟုတ်ဘူး။ ကျွန်မတို့ အမျိုးသမီးတွေရဲ့ အင်အား နိုင်ငံတကာရဲ့ အင်အားပြီးလို့ရှိရင် ပြည်သူပြည်သားတွေရဲ့ စိတ်ဓာတ် အင်အားတွေနဲ့အတူ ကျွန်မတို့ ရှေ့ဆက်ပြီးတော့ ကြိုးစားသွားရဦးမှာပါ။