ဒိုင်နမိုကိဗ်ကွင်းလယ်လူ ဂျာမိန်းလန်းစ်ကို ဆန်းဒါးလန်း ခေါ်ယူ

ဒိုင်နမိုကိဗ်ကွင်းလယ်လူ ဂျာမိန်းလန်းစ်ကို ဆန်းဒါးလန်း ခေါ်ယူ

ဇူလိုင် ၁၆၊ အင်္ဂလန်။ ။ ဆန်းဒါးလန်းအသင်းသည် ဒိုင်နမိုကိဗ်အသင်းမှ နယ်သာလန်အလယ်တန်းကစားသမား ဂျာမိန်းလန်းစ်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။ ဂျာမိန်းလန်းစ်မှာ အလယ်တန်းကစားသမားဟု ဆိုသော်လည်း တောင်ပံနှင့် တိုက်စစ်မှူးနေရာများတွင် ကစားနိုင်သူ ဖြစ်သည်။

ဂျာမိန်းလန်းစ်၏ ပြောင်းရွှေ့ကြေးကို အတိအကျထုတ်ပြန်ကြေညာခြင်း မရှိခဲ့သော်လည်း ပေါင် ၈ သန်းဝန်းကျင် ပေးချေခဲ့ရပြီး လေးနှစ်စာချုပ် ချုပ်ဆိုမည်ဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။

ဂျာမိန်းလန်းစ်နှင့် ဆန်းဒါးလန်းနည်းပြ အက်ဗိုကက်တို့မှာ ပြန်လည် လက်တွဲကြခြင်းဖြစ်သည်။ ပီအက်စ်ဂျီအသင်းနှင့် အယ်လ်ခမာအသင်းတို့ ကို အက်ဗိုကက်ကိုင်တွယ်စဉ်က လန်းစ်မှာ အက်ဗိုကက်၏လက်အောက်တွင် ကစားခဲ့ဖူးသူ ဖြစ်သည်။

'ဆန်းဒါးလန်းကစားသမားဖြစ်လာရလို့ ပျော်ပါတယ်။ ဒီအသင်းက ကောင်းမွန်တဲ့အသင်းလို့ ထင်ပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားခွင့် ရရှိမှာက ကျွန်တော့်ရဲ့ ကစားသမားဘဝအတွက် နောက်တစ်ဆင့်မြင့်တက်လာတာပါပဲ။ ဆန်းဒါးလန်းကို အက်ဗိုကက်ကိုင်တွယ်ချိန်ကစပြီး ကျွန်တော်သတိထားကြည့်ခဲ့မိပါတယ်။ ဒီမှာ အသင်းကောင်းတစ်သင်းရှိပါတယ်။ ဒါကြောင့် ဒီကို ပြောင်းခွင့်ရတာ ပျော်ပါတယ်။

ကျွန်တော့်အနေနဲ့ ဘယ်တောင်ပံမှာ ကစားနိုင်သလို ညာတောင်ပံမှာလည်း ကစားနိုင်ပါတယ်။ တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်ပါသေးတယ်။ အားသာချက်ကတော့ လျှင်မြန်မှုရှိပြီး ဂိုးသွင်းနိုင်တာနဲ့ ဂိုးဖန်တီးပေးနိုင်တာတွေပါပဲ။ ဆန်းဒါးလန်းပရိသတ်တွေအနေနဲ့ ကျွန်တော့်ရဲ့ အရည်အချင်းတွေကို ရာသီသစ်မှာ အများအပြားမြင်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်' ဟု ဂျာမိန်းလန်းစ်က ပြောသည်။

အသက် ၂၇ နှစ်အရွယ်ရှိလန်းစ်သည် ၂၀၁၀ ခုနှစ်ကစပြီး နယ်သာလန်လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရပြီး ၂၉ ပွဲတွင် ၈ ဂိုးသွင်းယူထားသည်။ ဒိုင်နမိုကိဗ်အသင်းတွင် ကစားခဲ့သည့် ပြီးခဲ့သည့် နှစ်ရာသီက ၄၉ ပွဲတွင် ၁၀ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly