ဖီယင်နုကွင်းလယ်လူ ကလက်ဆီကို ဆောက်သမ်တန်အသင်းခေါ်ယူ

ဖီယင်နုကွင်းလယ်လူ ကလက်ဆီကို ဆောက်သမ်တန်အသင်းခေါ်ယူ

ဇူလိုင် ၁၆၊ ဆောက်သမ်တန်။ ။ ဆောက်သမ်တန်အသင်းသည် မန်ယူအသင်းသို့ ပြောင်းရွှေ့သွားသော ကွင်းလယ်ကစားသမား ရှနိုက်ဒါလင်၏ နေရာတွင် အစားထိုးရန်အတွက် ဖီယင်နုအသင်းမှ နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူ ဂျော်ဒီကလက်ဆီကို ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ဆောက်သမ်တန်အသင်းသည် ရှနိုက်ဒါလင်ကို မန်ယူသို့ ပေါင် ၂၄ သန်းဖြင့် ရောင်းချခဲ့ပြီး ကလက်ဆီကို ပေါင် ၁၂ သန်း ဖြင့် ပြန်လည်ဝယ်ယူခဲ့သည်။ ကလက်ဆီကို ငါးနှစ်စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ကလက်ဆီသည် နည်းပြရော်နယ်ကိုးလ်မန်းနှင့် ဖီယင်နုအသင်းတွင် လက်တွဲခဲ့ဖူးသူ ဖြစ်သည်။ ဆောက်သမ်တန်အသင်းသို့ ရော်နယ်ကိုးလ်မန်းပြောင်းရွှေ့ခဲ့သည့်အချိန်အထိ လက်တွဲခဲ့ကြသည်။

ကလက်ဆီကို နယူးကာဆယ်အသင်းက စိတ်ဝင်စားခဲ့သော်လည်း နည်းပြဟောင်းရှိရာ ဆောက်သမ်တန်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

'ဆောက်သမ်တန်ကို ပြောင်းနိုင်ခဲ့တဲ့ ခံစားချက်က တကယ်ကို ကောင်းပါတယ်။ ဒီအသင်းက အသင်းကောင်းပါ။ ဒီကို လာရလို့ ပျော်ပါတယ်။ ရော်နယ်ကိုးလ်မန်းက တကယ်တော်တဲ့နည်းပြပါ။ လူကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကြောင့် ဒီကိုလာတာတော့မဟုတ်ပါဘူး။ ဆောက်သမ်တန်အသင်းကြောင့် လာတာပါ။ ဆောက်သမ်တန်ပွဲတွေကို အများကြီးကြည့်ဖူးပါတယ်။ သူတို့ရဲ့ ကစားပုံကို ကြည့်ရတာ ကောင်းပါတယ်။ ဒီအသင်းမှာ ကောင်းမွန်တဲ့ အခိုက်အတန့်တွေနဲ့ ကောင်းမွန်တဲ့ရာသီတွေကို ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်' ဟု ကလက်ဆီက ပြောသည်။

ဂျော်ဒီကလက်ဆီသည် နယ်သာလန်လက်ရွေးစင်အဖြစ် ၂၀၁၂ ခုနှစ်က စတင်ရွေးချယ်ခံခဲ့ရပြီး ၁၁ ပွဲ ကစားပေးထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly