ရခိုင်နယ်စပ်မှ ကျောင်းသား ၁ သိန်းကျော် ယခုနှစ် ပညာသင်ကြားခွင့် ဆုံးရှုံးဖွယ်ရှိ

ရခိုင်နယ်စပ်မှ ကျောင်းသား ၁ သိန်းကျော် ယခုနှစ် ပညာသင်ကြားခွင့် ဆုံးရှုံးဖွယ်ရှိ

မောင်တော၊ အောက်တိုဘာ ၁၉ ရက်။                     ။ ရခိုင်နယ်စပ် မောင်တောခရိုင်အတွင်း နယ်မြေမတည်ငြိမ်မှုများကြောင့် ရပ်နားထားရသော အခြေခံပညာကျောင်းများမှာ ပြန်လည် ဖွင့်လှစ်နိုင်ရန် အခွင့်အလမ်း နည်းပါးလျက်ရှိပြီး ကျောင်းသား ၁၂၆၀၀၀ ကျော်တို့၏ ယခုနှစ် ပညာသင်ကြား ခွင့်မှာ ဆုံးရှုံးရဖွယ်ရှိသည်။

“ အခုပိတ်ထားတဲ့ ကျောင်းတွေကို ပြန်ဖွင့်ဖို့အတွက် အခြေအနေအပေါ်မှာ မူတည်တယ်ဆိုတာကတော့ မူလ အခြေ အနေလို မဟုတ်ဘဲ တည်ငြိမ်မှုမရှိဘူး။ စိုးရိမ်နေရတဲ့ အခြေအနေဖြစ်နေလို့   ပြောတာပါ။ တကယ်လို့ ပြန်ဖွင့်မယ်ဆိုရင် လည်း ဆရာ ဆရာမတွေရဲ့ စိတ်ဓါတ်ရေးရာ လုံခြုံမှုတွေရှိဖို့လိုတယ်။ နောက်တစ်ခုက ကျောင်းတွေကို ပြန်ဖွင့်ရင်တောင် သူတို့ရဲ့ စိတ်ဓါတ်အပေါ်မှာ မူတည်ပါတယ်။ သူတို့ တာဝန်ကျနေတဲ့ ရွာတွေက လူတွေ ပြန်မရောက်သေးရင်တော့ သွားဖို့လည်းမလွယ်ပါဘူး” ဟု မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောသည်။

နယ်ခြားစောင့် ရဲဌာနချူပ်နှင့် ရဲစခန်း ၃ သုံးခု တပြိုင်နက် ဝင်ရောက် စီးနင်းခံခဲ့ရသည့် အောက်တိုဘာ ၉ တိုက်ခိုက်မှု နောက်တစ်နေ့တွင် လုံခြုံရေးအရ မောင်တောခရိုင်တစ်ခုလုံးမှ အခြေခံပညာကျောင်း များကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မောင်တောခရိုင်အတွင်း မူလတန်းမှ အထက်အတန်းအထိ ဘူးသီးတောင်မြို့နယ်၌ အခြေခံပညာကျောင်း ၂၁၉ ကျောင်းနှင့် ကျောင်းသား၊ ကျောင်းသူ ၅၆၀၀၀ ကျော်ရှိကာ ၊ မောင်တောမြို့နယ်တွင် စာသင်ကျောင်း ၁၈၃ ကျောင်းနှင့် ကျောင်းသား၊ ကျောင်းသူ ၇၀၀၀၀ ခန့် ရှိကြောင်း ပြည်နယ်ပညာရေး စာရင်းမှတ်တမ်းများအရ သိရသည်။

“ ပုံမှန်အနေအထားအတိုင်း ဆိုရင်တော့ သီတင်းကျွတ် ကျောင်းပိတ်ပြီးရင် အခုလ ၂၄ ရက်နေ့မှာ ဖွင့်ပေးသွားရမှာပါ။ ဒါပေမယ့် အခြေအနေအပေါ်မှာ မူတည်နေပါတယ်။ ဖွင့်ဖို့တော့ မလွယ်ပါဘူး။   ကျောင်းသားတွေရဲ့ လုံခြုံရေး၊ ဆရာ ဆရာမတွေရဲ့ လုံခြုံရေးအတွက်လည်း လိုသေးတယ်လေ။ ဒါကြောင့် မြို့နယ်တစ်ခုလုံးကို ပြန်မဖွင့်ပေးနိုင်ရင်တောင် မြို့ပေါ်လောက်မှာ ဖွင့်လှစ်ပေးနိုင်အောင် အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။” ဟု ဦးခင်အောင်က ပြောသည်။

မောင်တောဒေသ တစ်ခုလုံးရှိ ကျေးရွာ အများစုမှ ရခိုင်တိုင်းရင်းသား ကျေးရွာသားများမှာ ယနေ့အချိန်ထိ စိုးရိမ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေမှု မြင့်တက်နေသည့်အတွက် မြို့ပေါ်ရှိ   ကျောင်းအချို့   ပြန်လည် ဖွင့်လှစ်ပေးပါကလည်း တက် ရောက်နိုင်မည် မဟုတ်ကြောင်း ကျောင်းသားမိဘများက ပြောကြသည်။ ရခိုင်ပြည်နယ် ပညာရေးဌာန၏ စာရင်းမှတ်တမ်းများ အရ မောင်တောခရိုင်ရှိ   ကျောင်းသား၊ ကျောင်းသူ ၁၂၆၀၀၀ ကျော် ၏ ၁၀ ရာခိုင်နှုန်းမှာ ရခိုင်တိုင်းရင်းသားများဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly