ဥရောပနိုင်ငံများသို့ မြန်မာကျွန်းသစ် တင်သွင်းသည့် ကုမ္ပဏီ ကိုးခု ဥပဒေချိုးဖောက်ကြောင်း EIA အဖွဲ့ထုတ်ပြန်

ဥရောပနိုင်ငံများသို့ မြန်မာကျွန်းသစ် တင်သွင်းသည့် ကုမ္ပဏီ ကိုးခု ဥပဒေချိုးဖောက်ကြောင်း EIA အဖွဲ့ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၁၈ ။          ။ ဥရောပနိုင်ငံ များမှ အကြီးစားသစ်ကုမ္ပဏီများ အပါအဝင် မြန်မာ့ကျွန်းသစ်ကို ဝယ်ယူတင်ပို့နေသည့် သစ်ကုမ္ပဏီ ၉ ခုက ဥရောပသမ္မဂသို့ သစ်တင်သွင်းမှုဆိုင်ရာ စည်းမျဉ်း (Europ ean Union Timber Regulation)ကို ချိုးဖောက်ခဲ့ကြောင်း သဘာဝပတ်ဝန်းကျင် စုံစမ်း စစ်ဆေးရေးအဖွဲ့ (EIA)က သတင်းထုတ်ပြန်သည်။

ယင်း ကုမ္ပဏီများတွင် ဂျာမနီ အခြေစိုက်ကုမ္ပဏီတစ်ခု၊ အီတလီနိုင်ငံ အခြေစိုက်ကုမ္ပဏီ သုံးခု၊ ဒိန်းမတ် အခြေစိုက် ကုမ္ပဏီ တစ်ခု၊ ဘယ်လ်ဂျီယံ အခြေစိုက်ကုမ္ပဏီ တစ်ခု၊ နယ်သာလန်နိုင်ငံအခြေ စိုက်ကုမ္ပဏီ သုံးခု ပါဝင်ပြီး အီတလီ၊ ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ် ဂျီယံနှင့် ဒိန်းမတ်နိုင်ငံများသို့ တင်ပို့နေကြခြင်း ဖြစ်သည်။

အီးအိုင်အေ၏ သစ်တောဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူ Peter Cooper က " ကြိုတင်စုံစမ်းလေ့လာချက် လုပ်ဆောင် ရာမှာ အခြေခံသိဖို့လိုတဲ့ သတင်းအချက်အလက်တွေ မရရှိတဲ့ အခြေအနေမှာ ကုမ္ပဏီတွေဘက်ကလည်း အရောင်း အဝယ် မလုပ်သင့်ပါဘူး။ ဒါပေမယ့် သိသိလျက်နဲ့ စည်းမျဉ်းကို ချိုးဖောက်ပြီး ဝယ်ယူကြတယ်။ ပြီးတော့ ဥရောပဈေး ကွက်ထဲ တင်သွင်းခဲ့ကြပါတယ်"ဟု ဆိုသည်။

ဥရောပနိုင်ငံမှ အာဏာပိုင်များအနေဖြင့် EUTR ကို အကောင်အထည်ဖော်လိုက်နာရန် တာဝန်ရှိသောကြောင့် အဆိုပါ ကုမ္ပဏီများ၏ ကျွန်းတင်သွင်းမှုများကို စည်းမျဉ်းနှင့်အညီ အရေးယူဆောင်ရွက်ရန် အီးအိုင်အေ အနေဖြင့်  တိုက်တွန်းလိုကြောင်း  သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ကုမ္ပဏီများအနေဖြင့် သစ်ဝယ် ယူခဲ့သည့် နိုင်ငံကို ဖော်ပြသော်လည်း သစ်ခုတ်လှဲသော ပါမစ်ရရှိသည့် နေရာ ကို မဖော်ပြနိုင်ခြင်း၊ သစ်ခုတ်လှဲခွင့် ပါမစ်များချထား ပေးရာတွင် အကျင့်ပျက်ခြစားမှု မလျော့ကျခြင်း၊ နှစ်စဉ် ခုတ်လှဲခွင့် ပါမစ်ရရှိထားသည့် တစ်ဆင့်ခံ ကန်ထရိုက်စာချုပ်ချပြမှု မရှိခြင်း၊ နှစ်စဉ် ခုတ်လှဲခွင့်ပြုသော သစ်ပမာဏထက် ကျော်လွန် ခုတ်ယူခြင်း၊ ခုတ်လှဲရာနှင့် သယ်ယူပို့   ဆောင်ရာတွင် ပြုစုထားသော စာရင်းဇယားများ အတည်မပြုနိုင်ခြင်းနှင့် အရင်း အမြစ်မသိရသော သစ်များဖြစ်နေခြင်းကြောင့် ဥပဒေချိုးဖောက်မှုများ ရှိနေသည်ဟု EIA၏  သတင်းထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။

"မြန်မာပြည်က ကျွန်းသစ်တွေမှာ တရားမဝင်တဲ့နည်းန့ ထုတ်လုပ်ရောင်းချမှု မြင့်မားလွန်းတဲ့အတွက် ဥရောပဈေး ကွက် ထဲကို တရားဝင်ရောင်းချဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တဲ့ သတင်းအချက်အလက် ရှိခွင့်နဲ့ အစိုးရအတွင်း ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက်ဖြစ်ပါတယ်" ဟု Cooper က အဆိုပါ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly