စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို အရေးယူဖို့ နည်းဥပဒေရေးဆွဲနေ

စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို အရေးယူဖို့ နည်းဥပဒေရေးဆွဲနေ
ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှိုက်သိမ်းနေသည့် စည်ပင်ဝန်ထမ်းများအား သြဂုတ်လ ၂၅ ရက်က တွေ့ရစဉ်။

ရန်ကုန်၊ အောက်တိုဘာ ၁၈ ။              ။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ဥပဒေနှင့်အညီ နည်းဥပဒေ ရေးဆွဲနေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး လွှတ်တော်တွင် ပြောကြား လိုက်သည်။

လသာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ရန်ကုန်မြို့တော်အတွင်း စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုများကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များဖြင့် အရေးယူဆောင်ရွက်ရန်နှင့် ဒဏ်ငွေပေးဆောင်စေရန် အစီအစဉ်ရှိ မရှိ မေးမြန်းမှုအပေါ် ဦးမောင်မောင်စိုးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

စည်းကမ်းမဲ့ အမှိုက်လွှင့်ပစ်ခြင်းကို အရေးယူဆောင်ရွက်နိုင်ရန် စောင့်ကြည့်နိုင်မည့် ဝန်ထမ်းအရေအတွက်မှာ လုံ လောက် ခြင်းမရှိဘဲ အလုပ်သမား အင်အား ရှားပါးနေကြောင်း ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။

"သတင်းပေး သူနည်းပြီး အပြစ်ပြောတဲ့သူများတဲ့အားနည်းချက်တွေကြောင့် ရာနှုန်းပြည့် အောင်မြင်စွာ အကောင်အ ထည်ဖော်နိုင်ခြင်း မရှိပါဘူး" ဟု စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများနှင့် ပတ်သက်ပြီး ဦးမောင်မောင်စိုးက ပြောသည်။

စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုမရှိစေရန် လက်ရှိအချိန်တွင် ကြပ်မတ်ဆောင်ရွက်လျက်ရှိနေကြောင်းနှင့် ၂၀၁၁ မှ လက်ရှိ အချိန်အထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုပေါင်း ၁၄၁၉၁ မှု ဒဏ်တပ် အရေး ယူနိုင်ခဲ့ ကြောင်း ဦးမောင်မောင်စိုး၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly