ဒီိမိုကရေစီနည်းဖြင့်သာ ပညာရေး ပြု ပြင်ပြောင်းလဲရေး အောင်မြင်နိုင်ပေမည်

ဒီိမိုကရေစီနည်းဖြင့်သာ ပညာရေး ပြု ပြင်ပြောင်းလဲရေး အောင်မြင်နိုင်ပေမည်
 

ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စ အသွယ်သွယ်ထဲမှာ ရေတိုပြောင်းလဲလုပ်ဆောင်ရမယ့် ကိစ္စတွေ ရှိသလို ရေရှည်ပြောင်းလဲရေးကိစ္စများလည်း ရှိပါတယ်။   ရေတို ရေရှည်   ပြု ပြင်ပြောင်းလဲရေး နှစ်ခုစလုံးကို တပြိုင်နက် လုပ်ကြရမယ့် သဘောပါပဲ။

ရေတိုပြုပြင်ပြောင်းလဲရေးဆိုတာကတော့ ဥပမာ ဘတ်စ်ကားလိုင်းတွေ ပြေးဆွဲနေကြတဲ့ လက်ရှိစနစ်အစား သည့်ထက် မှန်ကန်သွက်လက်တဲ့ ပြေးဆွဲနည်းအသစ်တွေနဲ့ အသစ်တီထွင်အသုံးပြုရေး၊ လမ်းဘေးဈေးသည် တွေကို လူသွားလမ်းများ မထိခိုက်ရလေအောင် အစီစဉ်သစ်ချမှတ် အကောင်အထည် ဖော်ခြင်း၊ ကျူးကျော်တဲ များကို စနစ်တကျ နေရာပြန်လည်ချထားပေးခြင်း အစရှိတဲ့   ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများပဲ ဖြစ်ပါတယ်။ ရေရှည်အချိန်ယူ ပြုလုပ်ရမယ့် အလုပ်တွေကတော့ ပညာရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများပဲ ဖြစ်ပါတယ်။

ရေရှည်ပြု ပြင်ပြောင်းလဲရေး လုပ်ငန်းတွေအနက် ပညာရေး ပြု ပြင်ပြောင်းလဲရေးဟာ တခြားပြုပြင်ပြောင်းလဲရေး လုပ်ငန်းများထက် ခေါင်းတစ်လုံးပိုမြင့်တယ်လို့ ယူဆမိပါတယ်။ ဒါ့အပြင် ပညာရေးပြုပြင်ပြောင်းလဲမှုဟာ တခြား ပြုပြင်ပြောင်းလဲရေးများကို ပြဌာန်းနိုင်လောက်အောင် အခြေခံကျတယ်လို့တောင်မှ ပြောလို့ရနိုင်မယ် ထင်ပါတယ်။ ဒါ့အပြင် ပညာရေးပြုပြင်ပြောင်းလဲမှုရဲ့ ထူးခြားတဲ့အချက်က ရုပ်ဝတ္ထုပြုပြင်ပြောင်းလဲရေး မဟုတ်ဘဲ လူတွေရဲ့ စိတ်သဏ္ဍာန်ပြောင်းလဲရေး တနည်းအားဖြင့်ပြောရရင် လူတွေရဲ့ အတွေးအခေါ် အယူအဆ ပြုပြင်ပြောင်းလဲရေးအချက်ပါပဲ။

လူတွေရဲ့ အတွေးအခေါ် ပြု ပြင်ပြောင်းလဲရေးကို ဆောင်ရွက်ရမှာဖြစ်တာမို့ သေချာတာကတော့ ရေတိုလုပ်ငန်း မဟုတ်တော့ဘဲ ရေရှည်အချိန်ယူ ပြောင်းလဲရမယ့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံ သို့တည်းမဟုတ် လူ့အဖွဲ့အစည်းတစ်ခုမှာ ပညာရေးကောင်းရင်ကောင်းသလောက်၊ ပညာရေးစနစ် မှန်ရင် မှန်သလောက်၊ ပညာရေးစနစ်   ခေတ်မီရင်   ခေတ်မီသလောက် အဲဒီ သက်ဆိုင်ရာ တိုင်းပြည်များ တိုးတက် ထွန်းကားပြီး အသိအမြင်ကြွယ်ဝလာကြရမှာ မလွဲပါဘူး။ ပြောင်းပြန်ပြန်ပြီး စဉ်းစားရင်တော့ နိုင်ငံတနိုင်ငံရဲ့ ပညာရေးစနစ် ညံ့ဖျင်းရင် ညံ့ဖြင်းသလောက်၊ နိမ့်ရင် နိမ့်သလောက်၊ အဲဒီသက်ဆိုင်ရာနိုင်ငံဟာလည်း အချိန်ကြာလာတာနဲ့အမျှ အရာရာ နိမ့်ဆင်းလာခဲ့ပြီး ပြည်သူတွေရဲ့ တွေးခေါ်မျှော်မြင်မှုတွေလည်း ပျက်ပြား နိမ့်ဆင်းလာကြရမှာ မလွဲပါဘူး။ ဒီအချက်ကတော့ ကျွန်တော်တို့တိုင်းပြည် လက်ရှိခံစားနေရတဲ့ ပြဿနာ အ၀၀ကို ကြည့်ရင် သိနိုင်ကြမှာပါ။ ဒါကြောင့်မို့လည်း ပြု ပြင်ပြောင်းလဲရေးအလုပ်တွေ မလုပ်ရင် မဖြစ်တဲ့ အခြေကို ဆိုက်လာကြရတာပါ။ ပညာရေးပြု ပြင်ပြောင်းလဲရေးကို မဖြစ်မနေ ဆောင်ရွက်ကြဖို့ ဆော်သြလာကြရတာပါ။

ပညာရေးပြုပြင်ပြောင်းလဲရေးဆောင်ရွက်ကြတဲ့အခါ လုပ်နည်းလုပ်ဟန်ကိစ္စမှာတော့ ငြင်းကြခုန်ကြရမှာပါပဲ။ ကျောင်းသင်ခန်းစာတွေ အသစ်ပြန်ဆွဲကြရမယ့်ကိစ္စ၊ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ကြမယ့် သူတွေရဲ့ နယ်ပယ်ကို သည့်ထက် ပိုပြီးချဲ့ထွင်ဖို့၊ ကျောင်းဆရာ ဆရာမတွေ၊ ကျောင်းသားတွေရဲ့ အခန်းကဏ္ဍကို သည့်ထက်ပိုပြီး မြှင့်တင်ပေးဖို့၊ ပညာရေးနယ်ပယ်ရဲ့ ဒီမိုကရေစီအခွင့်အရေး သည့်ထက်ပိုပြီး ကျယ်ပြန့် နက်ရှိုင်းစေဖို့ အစရှိတဲ့ လက်တွေကျတဲ့ အလုပ်တွေကို အပူတပြင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဘယ် ပြုပြင်ပြောင်းလဲရေး နည်းဟန် နည်းပရိယာယ်များပင်ဖြစ်ပစေ လူတွေရဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးနယ်ပယ်တစ်ခုလုံးက တာဝန်ရှိသူများအဆုံး အတွေးအခေါ်အယူအဆ မှန်ကန်မြင့်မားလွတ်လပ်တဲ့ ဦးတည်ချက်ဆီကိုသာ ချဉ်းကပ်စေမယ့် ပြုပြင်ပြောင်းလဲရေးများပဲ ဖြစ်ရပါမယ်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအားလုံးရဲ့ အခင်းအကျင်းအားလုံးဟာ ဒီမိုကရေစီအခင်းအကျင်းအပေါ်မှာသာ ဖြတ်သန်းကြရမှာဖြစ်တာမို့ ပညာရေးပြုပြင်ပြောင်းလဲရေး အောင်မြင်စေရေး အာမခံချက်ဟာလည်း ဒီမိုကရေစီ အခင်းအကျင်း မှန်ကန်ကျယ်ပြန့်ရေးအပေါ်မှာ အခြေခံပြီး ဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ပါတယ်။

ဒါကြောင့်မို့ ဗျူရိုကရေစီစနစ်တုန်းကလို လူတစ်စုကသာ စီမံကွပ်ကဲစဉ်းစားသည့် ပြုပြင်ပြောင်းလဲရေး မဖြစ်စေဘဲ ဒီမိုကရေစီနည်းကျ ပြု ပြင်ပြောင်းလဲရေးနည်းလမ်းဖြင့်သာ ပညာရေး   ပြု ပြင်ပြောင်းလဲရေး လုပ်ငန်းကြီး အောင်မြင်စေနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly