ကြက်သွန်နီ ဘယ်လိုစိုက်ကြမလဲ

18 October 2016
ကြက်သွန်နီ ဘယ်လိုစိုက်ကြမလဲ

ကြက်သွန်ပင်ဟာ အအေးကြိုက် သီးနှံ့ပင်ပဲ ဖြစ်ပါတယ်။ နှစ်ရှည်သီးနှံ့ပင်ဖြစ်ပြီး နှစ်ချင်း စိုက်ပျိုး ရိတ်သိမ်းနိုင်ပါတယ်။ ဥနဲ့ အမြိတ်ကိုသာ စားသုံးရပြီးတော့ အပင်ရဲ့ အမြင့်ကတော့ ၄ လက်မကနေ ၂၄ လက်မအထိ ရှိပါတယ်။ အကျယ်ကတော့ ၁ လက်မကနေ ၅ လက်မအထိ ကျယ်ပါတယ်။ ကြက်သွန်ကို မီးဖိုချောင်သုံး သီးနှံအဖြစ်လည်ကောင်း၊ ဆေးဖက်ဝင် သီးနှံအဖြစ်လည်ကောင်း၊ အသုံးပြုကြပါတယ်။

ကြက်သွန်ကို ကမ္ဘာမှာ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော်ခန့်က စတင်စိုက်ပျိုးခဲ့တာပဲ ဖြစ်ပြီးတော့ အိန္ဒိယ၊ အီဂျစ်၊ အီတလီနိုင်ငံများကတော့ ရှေ့ဟောင်း ယဉ်ကျေးမှုတွေမှာ အလေးထားခဲ့ကြတဲ့ သစ်ပင်ဖြစ်ပါတယ်။

 ကြက်သွန်နီက မြေသြဇာ ကောင်းမွန်တဲ့မြေ၊ နှုန်းမြေ၊ သဲနှုန်းမြေတို့ကို ကြိုက်နှစ်သက်ပါတယ်။ ကြက်သွန်နီမျိုးပေါင်း ၁၈ မျိုးကျော် ရှိပြီးတော့ အသက်မှာလည်း ၄၅ ရက်ကနေ နှစ်ရှည်အထိ ရှိကြပါတယ်။ နေရောင်ခြည်ကို တစ်နေ့မှာ ၁၂ နာရီကနေ ၁၄ နာရီအထိရမှ ဥတဲ့ကြက်သွန်မျိုးနဲ့ ၁၄ နာရီကနေ ၁၆ နာရီအထိ ရမှဥတဲ့ ကြက်သွန်မျိုးဆိုပြီးတော့ ကြက်သွန်မျိုးပေါင်းများစွာလည်း ရှိပါတယ်။ အခွံရဲ့ အရောင်အသွေးက အနီ၊ အဝါ၊ အဖြူ၊ အနီရင့်ရောင်၊ ခရမ်း စတဲ့အရောင်မျိုးစုံတွေလည်း ရှိကြပါတယ်။ အနံ့ပြင်းတဲ့မျိုးနဲ့ အနံ့နည်းတဲ့မျိုးဆိုပြီးတော့လည်း ရှိပါတယ်။ အရသာချိုတဲ့မျိုးနဲ့ အရသာ အချိုပေါ့တဲ့မျိုးဆိုပြီးတော့လည်း ရှိကြပါတယ်။

 ကြက်သွန်ရဲ့ အရွယ်ကတော့ ကြီးငယ်အလတ် အရွယ်မျိုးစုံ ရှိပါတယ်။ ပုံမှန်သုံးစွဲနေကြတဲ့ ကြက်သွန်မျိုးကတော့ ကြက်သွန်ချိုမျိုး ဖြစ်ပြီးတော့ အနံ့အရသာက မပြင်းထန်လှပါဘူး။ ချက်ပြုတ်ရာမှာဖြစ်စေ၊ အသုပ်သုပ်ရာမှာဖြစ်စေ၊ အသုံးပြုကြပါတယ်။

 ကြက်သွန်ကို စိုက်ပျိုးမယ်ဆိုရင် အစေ့၊ ဥ၊ ပျိုးပင် စတာတွေကို မိမိကြိုက်နှစ်သက်ရာ စိုက်ပျိုးနိုင်ပါတယ်။ ရေလွှမ်းတဲ့နေရာနဲ့ ရေဝပ်တဲ့နေရာတွေကိုတော့ မကြိုက်နှစ်သက်ပါဘူး။ သဲဆန်ပြီး ဖွာတဲ့မြေမျိုး ကျောက်တုံးကျောက်ခဲ ကင်းစင်တဲ့မြေမျိုးဆိုရင်တော့ ပိုမိုကြိုက်နှစ်သက်ပါတယ်။ အပေါ်ယံမြေဆီလွှာရဲ့ တစ်လက်မ နှစ်လက်မခန့်ကတော့ မြေဆွေးဖြစ်သင့်ပါတယ်။ မျိုးစေ့တွေကို စိုက်ပျိုးမယ်ဆိုရင်တော့ မြေကြီးထဲကို လက်မဝက်အနက်နဲ့ တစ်ပင်နဲ့တစ်ပင်ကိုတော့ လေးလက်မခန့် ခွာပြီး စိုက်ပျိုးပေးရမှာပါ။ အမြိတ်စားကြက်သွန် စိုက်ပျိုးမယ်ဆိုရင်တော့ ၂ လက်မခန့် ခွာပြီး စိုက်ပျိုးပေးရမှာပါ။ အပင်ပေါက်လာပြီးရင်တော့ လိုအပ်တဲ့အကွာအဝေးကို ချန်ပြီး သူတို့ရဲ့အပင်တွေကို နှှုတ်ပစ်ပေးရပါမယ်။

 ဥအသေးမျိုး အပင်ပေါက်ကို စိုက်ပျိုးမယ်ဆိုရင် တစ်ပင်နဲ့တစ်ပင်ကို ၄ လက်မကနေ ၆ လက်မအထိ ခွာပြီး စိုက်ပျိုးပေးရမှာပါ။ တစ်တန်းနဲ့တစ်တန်းကိုတော့ တစ်ပေခန့် ခြားပေးရမှာပါ။ ကြက်သွန်ဥ အသေးမျိုးကို စိုက်ပျိုးမယ်ဆိုရင်တော့ မြေကြီးထဲမှာ နှစ်လက်မခန့် နက်စေခြင်းဖြင့် ဥရဲ့ ထိပ်ပိုင်းကတော့ မြေပြင်ပေါ်မှာ ထွက်နေရမှာ ဖြစ်ပါတယ်။ အပင်ပေါက်ကလေးတွေကိုတော့ လေးလက်မ ရှိစေရန်နှင့် မလိုတဲ့အပင်တွေကို နှုတ်ပစ်ပေးရပါမယ်။

သုံးပတ်ကို တစ်ကြိမ်ခန့် ဓာတ်မြေသြဇာ အချိုး ၅ ဒသမ ၅ အချိုးကို အပင်တိုင်းရဲ့ ဘေးဘက်မှာ ထည့်ပေးရပါမယ်။ ပေါင်းမြက် ရှင်းလင်းပေးရန်နဲ့ ရေမှန်မှန် ပေးရန်အတွက်ကတော့ အထူးလိုအပ်ပါတယ်။ စိုက်ပေါင်များကို ကောက်ရိုး ဒါမှမဟုတ်ရင် သီးနှံ့ အဖျင်းအမှုန်များကို တစ်လက်မ နှစ်လက်မခန့် အုပ်ထားပေးရမှာပါ။ အဲလို ဖုံအုပ်ထားပေးခြင်းကတော့ ပေါင်းမြတ်များကို သက်သာစေခြင်း အစိုဓာတ် ထိန်းသိမ်းပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။

စိုက်ပျိုးပြီး ၂ လခန့်ကြာရင်တော့ အမြိတ်စား ကြက်သွန်တွေကို စတင်တူးဖော်နိုင်ပါတယ်။ ကြက်သွန်အစိုကိုတော့ ဥဖြစ်လာပြီးနောက် လိုအပ်သလို တူးဖော်နိုင်ပါတယ်။ ကြက်သွန်ပင်ကို အမြိတ်များ အဝါရောင်သန်းလာရင်တော့ ရေကို ဖြတ်ထားပေးရပါမယ်။ အပင်ညှိုးလာပြီး ခွေကျလာပြီး နောက်တစ်ပတ်အကြာမှာတော့ ကြက်သွန်ဥများကို တူးဖော်နိုင်ပါတယ်။

တူးဖော်ထားတဲ့ ကြက်သွန်ဥများကိုတော့ ခြောက်သွေ့ပြီး နွေးတဲ့အခန်းထဲမှာ ဖြန့်ထားပေးရပါမယ်။ ဥခွန်တွေ ခြောက်လာပြီး စက္ကူလို ပါးလွှာလာရင်တော့ အရိုးဓာတ်များကို တစ်လမခန့်ခွာပြီး ထိပ်ဖျားပိုင်းကို ဖြတ်ပေးရပါမယ်။ ဖြတ်ပြီးသား ကြက်သွန်ဥများကိုတော့ ဇာအိပ်ထဲကိုထည့်ပြီး အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ် ဖာရင်ဟိုက်နဲ့ ၅၅ ဒီဂရီ စင်တီဂရိတ် ဖာရင်ဟိုက်ရှိပြီး မှောင်တဲ့အခန်းထဲမှာ သိမ်းထားရမှာဖြစ်ပါတယ်။ ချိုတဲ့ကြက်သွန်ဥမျိုးကတော့ တစ်လလောက်သာ ထားခံပြီးတော့ အနံ့စူးရှ အနံ့ပြင်းတဲ့ ကြက်သွန်ကတော့ လေးလခန့်အထိ ထားခံပါတယ်။ မြန်မာ့ကြက်သွန်ဥမျိုးကတော့ နှစ်ပေါက်အောင် အထားခံပါတယ်။

 ကြက်သွန်နီရဲ့ အနံ့ကြောင့် ရောဂါပိုးကျရောက်မှုဟာ နည်းပါတယ်။ ကြက်သွန်လေးပိုးနဲ့ လောက်ကောင်ပိုးတို့ကတော့ အမြိတ်နဲ့ ဥတွေကို ဖျတ်ဆီးတက်ပါတယ်။  မြေကွက်ကို အလှည့်ကျ စိုက်ပျိုးပေးခြင်းနဲ့ ရေမဝပ်အောင် မြေကွက်ကို ပြုပြင်ပေးခြင်းကလည်း ရောဂါပိုးမွှားတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဓာတ်ခွဲခန်း စမ်းသပ်ချက်အရ ကြက်သွန်နီ ဥကြီးတစ်ဥမှာ ဆိုရင်တော့ ရေဓာတ်က ၈၈ ဒသမ ၆ ရာခိုင်နှုန်း၊ ပရိုတင်းဓာတ်က ၁ ဒသမ ၂ ရာခိုင်နှုန်း၊ အဆီဓာတ်က ၀ ဒသမ ၁ ရာခိုင်နှုန်း သတ္တုဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်ဓာတ်နဲ့ ထုံးဓာတ် မီးဆုံးဓာတ်တွေ ပါဝင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly