အန္တာတိကတွင် အဏ္ဏဝါဘေးမဲ့တော တည်ဆောက်ရန် စတင်စည်းဝေး

အန္တာတိကတွင် အဏ္ဏဝါဘေးမဲ့တော တည်ဆောက်ရန် စတင်စည်းဝေး
ဓာတ်ပုံ-အီးပီအေ

ဟိုဘတ်(သြစတြေးလျ)၊ အောက်တိုဘာ ၁၇ ။       ။ သြစတြေးလျနိုင်ငံတွင် အန္တာတိကရေနေသက်ရှိရင်းမြစ်များ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ကော်မရှင် CCAMLR က အန္တာတိကရေပြင်အတွင်း အဏ္ဏဝါဘေးမဲ့တော ဖန်တီးနိုင်ရေး အောက်တိုဘာ ၁၇ ရက်က စတင်စည်းဝေးဆွေးနွေးသည်။

နိုင်ငံပေါင်း ၂၄ နိုင်ငံနှင့် ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်များက ဟိုဘတ်မြို့တွင် ဆယ်ရက်ကြာ အစည်းအဝေးအား စတင်ခြင်းဖြစ်ကာ အန္တာတိကရေပြင် စတုရန်ကီလိုမီတာ ငါးသန်းကျော်ထက်မနည်း ဧရိယာအတွင်း ရေနေသက်ရှိထိန်းသိမ်းကာကွယ်ရေးဇုန်သုံးရပ် ဖန်တီးနိုင်ရေး အဆိုပြုမှုရရန် ဆွေးနွေးကြခြင်းဖြစ်သည်။

ရုရှနိုင်ငံက သဘာပတိမူသည် အဆိုပါအစည်းအဝေးတွင် အမေရိကန်နှင့် နယူးဇီလန်တို့က Ross Sea တွင် ဘေးမဲ့ကာကွယ်ရေးဇုန် ဖန်တီးရေး အဆိုပြုထားချက်နှင့် သြစတြေးလျ၊ ဥရောပသမဂ္ဂနှင့် ပြင်သစ်နိုင်ငံတို့၏ အရှေ့အန္တာတိကတွင် အခြားဘေးမဲ့ကာကွယ်ရေးဇုန် ဖန်တီးရေး အဆိုပြုချက်တို့အား ဆွေးနွေးကြမည်ဖြစ်သည်။

ယခင် အစည်းအဝေးလေးရပ်တွင် ပယ်ချခဲ့ဖူးသည့် အဆိုပါ စီမံကိန်းနှစ်ရပ်အပြင် ဂျမနီနိုင်ငံက တင်သွင်းသည့် Weddell Sea တွင် ဘေးမဲ့ကာကွယ်ရေးဇုန်တည်ဆောက်ရေး တတိယမြောက် အဆိုပြုချက်ကိုလည်း ဆွေးနွေးကြမည်းဖြစ်သည်။ “အခုနှစ် အစည်းအဝေးကတော့ ရလဒ်ထွက်လာနိုင်ကောင်းရဲ့။ ပန်းတိုင်ဆီရောက်ဖို့က ရုရှက အဓိကဖြစ်တယ်။”ဟု အန္တာတိကသမုဒ္ဒရာမိတ်ဖက်များဆိုသည့် ထုတ်ပြန်ချက်၌ The Pew Charitable Trusts မှ ဒါရိုက်တာတစ်ဦးဖြစ်သူ အန်ဒရေးကာဗန်နက်ချ်က ပြောသည်။

အစည်းအဝေးတွင် အခြားဦးစားပေးအဖြစ် အန္တာတိကရေပြင်အတွင်း ပုစွန်ငါးဖမ်းလုပ်ငန်းများအား ထိန်းသိမ်းစီမံခန့်ခွဲရေးနှင့် ပါတာဂိုနီးယန်းသွားပါငါးများ တရားမဝင်ဖမ်းဆီးခြင်းများကို တိုက်ဖျက်ရေးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အန္တာတိကသမုဒ္ဒရာမိတ်ဖက်များစီမံကိန်းဒါရိုက်တာ မစ်ဝေါကာက CCAMLR အနေဖြင့် ရေနေသက်ရှိကာကွယ်ရေးဧရိယာများ ဖော်ထုတ်သွားရန် အခွင့်အလမ်းရှိထားပြီး မည်သည့် နှောင်နှေးမှုမျိုးမဆိုက အန္တာတိကရေပြင်နဲ့ ရေနေသတ္တဝါများ၏ ကံကြမ္မာအတွက် ကောင်းကျိုးဖြစ်မည်မဟုတ်ကြောင်း ပြောသည်။

သြဂုတ်လအတွင်း၌ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားသည် ကမ္ဘာ့အကြီးဆုံးရေပြင်ကာကွယ်ရေးဧရိယာအဖြစ် ဟာဝိုင်ယီအနီးတွင် Papahanaumokuakea အဏ္ဏဝါအမျိုးသားဘေးမဲ့နယ်ပယ်ကို တိုးချဲ့ရန် ဆုံးဖြတ်ခဲ့သည်ကို ၎င်းက ထောက်ပြသည်။

တောင်သမုဒ္ဒရာဒေသသည် ပင်ဂွင်းများ၊ ဝေလငါးများ၊ ပင်လယ်ဖျံများ၊ ဧရာမပြည်ကြီးငါးကြီးများနှင့် ငါးဖမ်းကုမ္ပဏီများ အဓိကပစ်မှတ်ထားဖမ်းဆီးသည့် အန္တာတိကသွားပါငါးများအပါအဝင်   ရေနေမျိုးစိတ်ပေါင်း ၁၀၀၀၀ ကျော်ထက်မနည်း ကျင်လည်ကျက်စားရာဒေသဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly