ဆုံးရှုံးသွားသည့် လက်နက်များ ရရှိရေး ပိုက်စိပ်တိုက် ရှာဖွေမည်

ဆုံးရှုံးသွားသည့် လက်နက်များ ရရှိရေး ပိုက်စိပ်တိုက် ရှာဖွေမည်
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

မောင်တော၊ အောက်တိုဘာ ၁၈ ရက်။                ။ အစ္စလမ်မစ်အစွန်းရောက် အကြမ်းဖက်သမားများ၏ စီးနင်းမှုများအတွင်း ဆုံးရှုံးသွားသည့် မောင်တောမြို့နယ် နယ်ခြားစောင့် ရဲဌာနချူပ်မှ လက်နက်များအား ပြန်လည် ရရှိရေး ပိုက်စိပ်တိုက် ရှာဖွေသွားမည်ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချူပ်ကြီး ကျော်ဆွေက ပြောသည်။

ဆုံးရှုံးသွားသည့် လက်နက်များမှာ မောင်တောဒေသတွင် လှုပ်ရှားသည့် Aqa Mul Mujahidin (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့၏ လက်ထဲတွင် ရောက်ရှိနေခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာ ၉ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုများနောက် နှစ်ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယခုအချိန်တွင် ၎င်းအဖွဲ့အနေနှင့် လှုပ်ရှားမှုများ မရှိကြောင်း ဗိုလ်ချူပ်ကြီး ကျော်ဆွေက ပြောသည်။

“လက်နက်တွေ ဆုံးရှုံးလိုက်ရတယ်။ အဲဒီဆုံးရှုံးသွားတဲ့ လက်နက်တွေကို ပြန်လည်ရရှိဖို့အတွက်ကို ကျွန်တော်တို့ ပိုက်စိပ်တိုက် ရှာဖွေသွားမှဖြစ်ပါတယ်။”

နယ်ခြားစောင့်ရဲဌာနချူပ် လက်နက်တိုက် စီးနင်းခံရပြီးနောက် လက်နက်မျိုးစုံ ၆၄ လက်နှင့် ကျည် ၁၀၁၄၀ တောင့် ဆုံးရှုံးခဲ့ပြီး ရဲအရာရှိနှင့် တပ်ဖွ့ဲဝင် ၉ ဦး ကျဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြသည်။

ယခုအခါ မောင်တောခရိုင်အတွင်း အကြမ်းဖက်သမားများ ခိုလှုံနေနိုင်သည့် ကျေးရွာများနှင့် သံသယဖြစ်ဖွယ် ဒေသများတွင် တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များမှ ရှင်းလင်းလျက်ရှိသည်။

ဆုံးရှုံးသွားသည့် လက်နက်များမှ ၁၃ လက်ကို ပြန်လည် ရရှိထားပြီး ဖြစ်ကာ အားလုံး ပြန်လည်ရရှိရေးနှင့် အကြမ်းဖက်သမားများကို ဖမ်းဆီးနိုင်ရေး မောင်တောခရိုင်တစ်ခုလုံးကို ပိုက်စိပ်တိုက် ရှာဖွေနေပြီး စစ်ဆင်ရေး ပြုလုပ်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly