ခရီးတူတူသွားလို့ အကောင်းဆုံး လူ(၁၀)မျိုး

ခရီးတူတူသွားလို့ အကောင်းဆုံး လူ(၁၀)မျိုး

သီတင်းလည်းကျွတ် ပွင့်လင်းရာသီလည်း ရောက်လာပြီဆိုတော့ ခရီးတွေထွက်တော့မယ့် ပရိသတ်ကြီးအတွက် ခရီးတူတူ သွားလို့ အကောင်းဆုံး လူဆယ်မျိုးကို တင်ဆက်ပေးလိုက်တယ်နော်။ ဒီစာကို ဖတ်ပြီးသွားရင် သင့်သူငယ်ချင်းကကော ဘယ်လိုခရီးသွားမျိုးလဲ ဆိုတာ မျှဝေပေးခဲ့ဖို့ မမေ့နဲ့ဦး။

 

(၁) ပိုက်ဆံချွေတာသူ

ခရီးတစ်ခုထွက်ဖို့ ပိုက်ဆံအများကြီး ကုန်စရာမလိုဘူးလို့ ခံယူချက်ထားသူဖြစ်ပါတယ်။ ဈေးအသက်သာဆုံး စားသောက်ဆိုင်တွေ၊ တည်းခိုခန်းတွေကို သိချင်ရင် သူတို့ကို မေးလိုက်တာ အသေချာဆုံးပါပဲ။ သူတို့နဲ့ တူတူ ခရီးထွက်တဲ့အခါမှာ ဈေးအတန်ဆုံးနဲ့ ခရီးတစ်ခုကို ထွက်နိုင်မှာဖြစ်တာကြောင့် ပိုက်ဆံကုန် သက်သာမှာ ဖြစ်ပါတယ်။

 

(၂) ပေါ့ပေါ့ပါးပါးသမား
ခရီးထွက်ဖို့ အရေးကြီးတဲ့ ပစ္စည်းတွေလောက်ပဲ သယ်တဲ့သူရယ်ပါ။ ဒါကြောင့် သူ့ခရီးဆောင်အိတ်က တခြား သူတွေထက်စာရင် နေရာလွတ် ပိုများနေလေ့ရှိပါတယ်။ ဒါကြောင့် ခရီးမှာ သင်ဝယ်ယူခဲ့တဲ့ လက်ဆောင် ပစ္စည်းတွေကိုထည့်ဖို့ အကောင်းဆုံး အကူအညီ ရမှာဖြစ်ပါတယ်။ 

 

(၃) စကားပညာရှင်
သူ့ခရီးဆောင်အိတ်ထဲမှာ ဘာသာစကား စာအုပ်တစ်အုပ်က အမြဲပါလေ့ရှိတယ်။ ခရီးမထွက်ခင် ထိုဒေသနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ ဒေသစကား၊ ဘာသာစကားတွေကို အမြဲ ကြိုတင်လေ့လာထားသူ တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ထိုဒေသရောက်တဲ့အခါ အစားအစာ မှာယူတဲ့နေရာမှာ သူ့ကို အားကိုးနိုင်မှာ အသေချာပါပဲ။

 

(၄) ရှင်သန်သူ
ပိုက်ဆံမပါ၊ ဒေသစကားမတတ်၊ မြေပုံမပါဘဲနဲ့ တည်းခိုတဲ့ နေရာကနေ အဝေးကြီးမှာ ရောက်နေရင်တောင်မှ သူ့အတွက် ပြဿနာ ရှိမှာမဟုတ်ပါဘူး။ တည်းခိုခန်းကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရောက်အောင် ပြန်လာတတ်လေ့ ရှိပါတယ်။ လေယာဉ် လွတ်သွားတာမျိုး၊ တည်းခိုခန်းတွေ ပြည့်နေတာမျိုး ဖြစ်နေရင်တောင်မှ ခရီးကို အပျော်ဆုံးဖြစ်အောင် ဖန်တီးတတ်တဲ့သူ ဖြစ်ပါတယ်။

 

(၅) စူးစမ်းရှာဖွေလိုသူ
သူဟာ ခရီးထွက်ပြီဆိုကတည်းက မျက်စိကို အနားမပေးဘဲ ရောက်တဲ့နေရာတိုင်းမှာ စူးစမ်းလေ့လာတတ်သူ ဖြစ်ပါတယ်။ သူ့ရဲ့ လှုံ့ဆော်မှုကြောင့် အနားမနေရဘဲ တစ်ချိန်လုံး အပြင်ထွက် နေရတာကြောင့် သူ့ကို စိတ်ပျက်မိကောင်း စိတ်ပျက် မိပါလိမ့်မယ်။ ဒါပေမယ့် သူ့ကြောင့်လည်း သင်နေရာစုံ ရောက်တာကြောင့် အဖိုးတန်ခရီး တစ်ခုဖြစ်မှာပါ။

 

 

(၆) ဓာတ်ပုံဆရာ
သူဟာ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာလောက်တော့ ဓာတ်ပုံရိုက် မတော်ပေမယ့်လည်း သင်ခရီးမှာ ပျော်ခဲ့တဲ့ပုံတွေကို အကောင်းဆုံး ပုံဖော်နိုင်ဖို့အတွက် သူတို့က အဆင်သင့် ဖြစ်နေလေ့ရှိပါတယ်။ သူတို့ဘယ်သွားသွား ကင်မရာ တစ်လုံးကတော့ အမြဲပါလေ့ရှိပြီး သင် ပို့စ်ပေးသမျှကို မငြီးမငြူ ရိုက်ကူးပေးမယ့်သူများ ဖြစ်ပါတယ်။

 

(၇) စီစဉ်သူ
ခရီးထွက်ဖို့ သူဟာ အမြဲတက်ကြွလေ့ရှိသူဖြစ်ပြီး  ခရီးစဉ်တစ်လျှောက် အစီအစဉ်တွေကို သူက ဆွဲပေးမှာဖြစ်ပါတယ်။ ဒါကြောင့် သူပါပြီဆိုရင် ဘယ်မှာ တည်းမယ်၊ ဘာလုပ်မယ်၊ ဘယ်ကိုသွားမယ် ဆိုတာကို စိတ်ပူစရာလိုမှာ မဟုတ်ပါဘူး။

 

(၈) အစားသရဲ
သူတို့ဟာ ခရီးသွားရာ လမ်းတစ်လျှောက်မှာ  အစားအသောက် အသစ်အဆန်းတွေကို မြည်းစမ်းစားကြည့်ဖို့ စိတ်အားထက်သန်သူ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ ခရီးထွက်တဲ့အခါမှာ အစားအသောက် အသစ်အဆန်းတွေကို  မြည်းစမ်းဖြစ်မှာကတော့ အသေချာပါပဲ။ 

 

(၉) အသစ်အဆန်းတွေကို စိန်ခေါ်လိုသူ
သူဟာ ထူးထူးဆန်းဆန်း စွန့်စွန့်စားစား ခရီးထွက်ရတာမျိုးကို သဘောကျတတ်သူ ဖြစ်တာကြောင့် သူနဲ့ ခရီးထွက်ရတာ ရင်ခုန် စိတ်လှုပ်ရှားဖွယ် အပြည့်ဖြစ်နေပါလိမ့်မယ်။ 

 

 

(၁၀) မှတ်မိသူ
သူဟာ ဘယ်လိုနေရာဒေသကိုပဲ ရောက်ရောက် လမ်းမှတ်မိတတ်သူဖြစ်ပြီး မျက်စိလည် လမ်းမှားဖြစ်မှာကို စိုးရိမ်စရာ မလိုတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ လမ်း မမှတ်မိတတ်သူ တစ်ဦးဆိုရင်တော့ ဒီလိုလူမျိုးနဲ့ ခရီးတူတူ သွားတဲ့အခါမှာ သင့်အတွက် လုံခြုံနေပါလိမ့်မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags