ပဋိ့က္ခများ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြရန် ကက်သလစ်ဂိုင်းချုပ် ကာဒီနယ်ချားလ်စ်ဘို ပန်ကြား

ပဋိ့က္ခများ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြရန် ကက်သလစ်ဂိုင်းချုပ် ကာဒီနယ်ချားလ်စ်ဘို ပန်ကြား

ချင်းမိုင်၊ အောက်တိုဘာလ ၁၈ ။                        ။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများ အားလုံး ရပ်ဆိုင်းပြီး ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးကြရန် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်သာနာမှ ကာဒီနယ်ချားလ်စ်ဘိုက မေတ္တာရပ်ခံစာ တစ်စောင်ကို အောက်တိုဘာလ ၁၇ ရက် ထုတ်ပြန်လိုက်သည်။

၂၁ ရာစု ပင်လုံ ညီလာခံကျင်းပြီး၍ မကြာမီ အချိန်အတွင်းပင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလာခြင်း အတွက် ဆရာတော် ချားလ်စ်ဘိုအနေဖြင့် များစွာ စိုးရိမ်ပူပန်ကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဘာသာရေး ခေါင်းဆောင်များကိုလည်း ပါဝင်ရန် လိုလားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာ စစ်ဗိုလ်ချုပ်များ၏ စိတ်ထဲ၌ မည်ကဲ့သို့ စိတ်ကူးကြံစည်နေကြပါသနည်း၊ တခြားသော လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၏ စိတ်ထဲတွင်လည်း မည်ကဲ့သို့ စိတ်ကူးကြံစည်နေကြပါသနည်း တရားသော စစ်ပွဲကို ငါတို့တိုက်နေကြသည်ဟု ခံယူနေကြပါတလော၊ လူသားချင်း တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်သတ်ဖြတ်ကြသော စစ်ပွဲတွင် တရားမျှတမှု မရှိနိုင်ချေ” ဟုလည်း ရေးသားထားသည်။

ငြိမ်းချမ်းရေး ရေရှည်တည်တံ့ရန်အတွက် ဘာသာရေးခေါင်းဆောင်များကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များထဲတွင် ထည့်သွင်းရန်နှင့် လိုလားကြောင်းလည်း ပါရှိသည်။

“ငြိမ်းချမ်းရေးအတွက် ပါဝင်လုပ်ဆောင်မည့်သူများတွင် ဘာသာရေးခေါင်းဆောင်များကိုလည်း ထည့်သွင်းဖို့ အရေးကြီးပါသည်။ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရန် လိုအပ်လာပါက ဘာသာရေး   ခေါင်းဆောင်များသည် ၎င်းတို့နှင့် နီးစပ် သော အောက်ခြေလူထုအသိုင်းအဝိုင်းအဆင့်အထိ ဟောပြောစည်းရုံးနိုင်ရန် ဖြစ်သည်”ဟု ဖော်ပြထားသည်။

စစ်ပွဲ၏ အကျိုးဆက်အနေဖြင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသော ပြည်သူများ ပိုမိုများပြားလာပြီဖြစ်၍ လူသားချင်း စာနာ ထောက်ပံ့သော အဖွဲ့အစည်းများက ဒုက္ခစခန်းများသို့ အစားအသောက် ပံ့ပိုးပေးခြင်းကိုလည်း  ခွင့်ပြုစေလိုကြောင်း ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly