ထိုင်းတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် တစ်နှစ်ပတ်လုံး ဝတ်ဆင်ရန် ဝင်ငွေနည်းပြည်သူ ရှစ်သန်းကျော်အတွက် အနက်ရောင် အဝတ်အစားများ ဝေငှပေးမည်

ထိုင်းတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် တစ်နှစ်ပတ်လုံး ဝတ်ဆင်ရန် ဝင်ငွေနည်းပြည်သူ ရှစ်သန်းကျော်အတွက် အနက်ရောင် အဝတ်အစားများ ဝေငှပေးမည်

ဘန်ကောက်၊ အောက်တိုဘာ ၁၈ ။               ။ ထိုင်းနိုင်ငံ၏ နတ်ရွာစံဘုရင်မင်းမြတ် ဘူမိဘောအတွက် တစ်နှစ်ပတ်လည် ဝမ်းနည်းခြင်းအထိမ်းအမှတ် ကာလတစ်လျှောက် ဝတ်ဆင်နိုင်ရန် ဝင်ငွေနည်း ပြည်သူပေါင်း ရှစ်သန်းကျော်အား အနက်ရောင် အဝတ်အစားများကို နိုင်ငံပိုင်ဘဏ်များက ဝေငှသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အတွင်းဝန် ဆွမ်ချိုင်းဆူဇာပေါင်ဆီက   အောက်တိုဘာ ၁၇ ရက်က ပြောသည်။

အဆိုပါ အစီအစဉ်အတွက် အနက်ရောင် တီရှပ်တစ်ထည် ထိုင်းဘတ်ငွေ ၅၀ နှုန်းဖြင့် နိုင်ငံပိုင်ဘဏ်များထံ ဘတ်ငွေ သန်း ၄၀၀ ခွဲတမ်းချ သွားပေးမည်ဖြစ်ကြောင်း ၎င်းက ဆိသည်။ ဝင်ငွေနည်းပါးသော ပြည်သူများအတွက် အကူအညီပေးခြင်း အစိုးရ၏ မူဝါဒလုပ်ငန်းစဉ်အရ စီစဉ်ခြင်းဖြစ်သည်။

“အစိုးရအနေနဲ့ကတော့ ပြောပါတယ်။ ပြည်သူအားလုံး အနက်ရောင်ပဲ မဖြစ်မနေ ဝတ်ဆင်ရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လည်း နတ်ရွာစံ ကံတော်ကုန် ဘုရင်မင်းမြတ်အတွက် ပူဆွေးဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ဝင်ငွေနည်းပြည်သူတွေ အနက်ရောင်အဝတ်အစား ဝတ်ဆင်နိုင်ရန် သင့်တော်မှာပဲလို့ ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ထင်မြင်မိလို့ပဲဖြစ်ပါတယ်။”ဟု ဆွမ်ချိုင်းဆူဇာပေါင်ဆီက ပြောသည်။

အထည်ချုပ် လုပ်ငန်းများနှင့် လက်လီ အရောင်းသမားများကို အနက်ရောင် အဝတ်အစားများ ပိုပြီးထုတ်လုပ်ရန်အတွက် တိုက်တွန်းထားကြောင်း ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ဆွမ်ကစ်ဂျာတူသီရိပီတက်ကလည်း ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၆-၁၇ ရက်တို့၌ ဈေးကွက်တွင် အနက်ရောင်အဝတ်အစားများ ပြတ်လပ်သွားခဲ့ကြောင်း ၎င်းက ပြောသည်။ “ဒီသီတင်းပတ်ကစပြီး အနက်ရောင ်အဝတ်အစားတွေ မပြတ်မလပ်ရအောင် ထုတ်လုပ်ရမှာဖြစ်တယ်။”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags