ဆိုးလ်လေဆိပ်မှာ Galaxy Note 7 အစားထိုးလဲလှယ်နိုင်မယ့် ကောင်တာ ဆမ်ဆောင်း ဖွင့်လှစ်

ဆိုးလ်လေဆိပ်မှာ Galaxy Note 7 အစားထိုးလဲလှယ်နိုင်မယ့် ကောင်တာ ဆမ်ဆောင်း ဖွင့်လှစ်
(ဓာတ်ပုံ - အီးပီအေ)

အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများမှာ လေယာဉ်ခရီးစဉ်အတွင်း Galaxy Note 7 အသုံးပြု သယ်ဆောင်မှု ပိတ်ပင်ထားတဲ့နောက် ယခု တောင်ကိုရီးယားမှ ပျံသန်းထွက်ခွာမယ့် Note 7 အသုံးပြုသူ ခရီးသည်တွေကို အခြားဖုန်းများနှင့် အစားထိုးလဲလှယ်မှု လုပ်ပေးသွားမယ်လို့ နာမည်ကြီး ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီက တနင်္လာနေ့မှာ ပြောပါတယ်။

အမေရိကန်၊ ကနေဒါ၊ အစ္စရေးနှင့် ဂျပန်အပြင် အခြားနိုင်ငံများမှ လေကြောင်းလိုင်းများက Galaxy Note 7 ဖုန်းများ မီးစွဲလောင်ကျွမ်းမှုများ သတင်းများ ထွက်ပေါ်လာပြီးနောက် အဆိုပါဖုန်းတွေကို ပိတ်ထားတာဖြစ်စေ၊ airplane mode အနေအထားမှာ ထားတာဖြစ်စေ ခရီးစဉ်အတွင်း လုံးဝ သယ်ဆောင်ခွင့် ပိတ်ပင်လိုက်တာကြောင့် ဆမ်ဆောင်းက အခုလို လေဆိပ်တွေမှာ အစားထိုးဖုန်းများ လဲလှယ်ခွင့် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

"Note 7 အသုံးပြုသူများက သူတို့ရဲ့ဖုန်းတွေကို အခြား ဖုန်းမော်ဒယ်တစ်ခုခုနဲ့ အစားထိုးနိုင်ဖို့ အင်ချွန်း (နိုင်ငံတကာ) လေဆိပ်မှာ ကျနော်တို့ ကောင်တာတစ်ခု ဖွင့်လှစ်ထားပါတယ်။"လို့ ဆမ်ဆောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

အခြားနိုင်ငံများရှိ လေဆိပ်များတွင် တိုးချဲ့ဖွင့်လှစ်မယ် မဖွင့်ဘူးဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုသွားခြင်း မရှိပေ။

သြဂုတ်လက အမေရိကန်နည်းတူ တောင်ကိုရီးယားမှာလည်း အများဆုံး ရောင်းချခဲ့တဲ့ Galaxy Note 7 ဟန်းဆက်ကို ကိုရီးယားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက အဆိုပါဖုန်းတွေကို နိုင်ငံတကာလေကြောင်း သို့မဟုတ် ပြည်တွင်းလေကြောင်း ခရီးစဉ်တွေမှာ မည်သည့် ပိတ်ပင်တားမြစ်မှုမျိုး ထုတ်ပြန်ထားခြင်း မရှိခဲ့ပါဘူး။

အစောပိုင်း သီတင်းပတ်အတွင်း အရောင်းရပ်ဆိုင်းပြီး ထုတ်လုပ်မှုပါ ပိတ်သိမ်းလိုက်တဲ့ ဆမ်ဆောင်း Galaxy Note 7 ဖုန်းတွေရဲ့ အလိုအလျောက် လောင်းကျွမ်းမှု အကြောင်းအရင်းကို ရှာဖွေဖို့ တောင်ကိုရီးယားအစိုးရက စုံစမ်းစစ်ဆေးမှုကို အောက်တိုဘာ ၁၇ ရက်နေ့က စတင်ခဲ့တယ်လို့ ဆိုပါတယ်။

အင်ဂျင်နီယာများက ပြဿနာ နောက်ကွယ်က အကြောင်းအရင်း ဖော်ထုတ်ဖို့ "အင်ဂျင်နီယာပိုင်း၊ ထုတ်လုပ်ရေးနှင့် အရည်အသွေး ထိန်းချုပ်မှု လုပ်ငန်းစဉ်များရဲ့ အဆင့်တိုင်းကို ပြန်လည်သုံးသပ်"နေတယ်လို့ အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

Galaxy Note 7 ဖုန်းတွေမှာ ပြဿနာတွေ ဆက်တိုက်ဖြစ်ပေါ်လာချိန်မှာတော့ စက်တင်ဘာလထဲမှာ ဆမ်ဆောင်းက Note7 ဖုန်း ၂.၅ မီလီယံ ဝန်းကျင်ခန့်ကို ပြန်လည်သိမ်းဆည်းသွားသလို ဈေးကွက်အတွင်းရှိ Note7 တွေကို ပိတ်သိမ်းသွားပါတယ်။

Galaxy Note 7 ပြန်လည်ရုတ်သိမ်းလိုက်တာကြောင့် ယခုနှစ် ဇူလိုင်လမှ ၂၀၁၇ မတ်လအကြားမှာ ဒေါ်လာ (၅.၄) ဘီလီယံ ဆုံးရှုံးဖွယ်ရှိတယ်လို့ ဆမ်ဆောင်းက ခန့်မှန်းထားပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly