ထိုင်းတွင် အိမ်ရာမဲ့များ ဆက်တိုက်အသတ်ခံနေရခြင်းတွင် မြန်မာတစ်ဦးကို ဖမ်းဆီးထားသော်လည်း နောက်ထပ်အိမ်ရာမဲ့တစ်ဦး အသတ်ခံရပြန်

ထိုင်းတွင် အိမ်ရာမဲ့များ ဆက်တိုက်အသတ်ခံနေရခြင်းတွင် မြန်မာတစ်ဦးကို ဖမ်းဆီးထားသော်လည်း နောက်ထပ်အိမ်ရာမဲ့တစ်ဦး အသတ်ခံရပြန်

ဘန်ကောက်၊ အောက်တိုဘာ ၁၇ ။            ။ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဘန်ခွမ်အရပ်တွင် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက အိမ်ရာမဲ့နောက်တစ်ဦး အသတ်ခံရကာ သေဆုံးနေသည်ကို   တွေ့ရှိရာ နှစ်လအတွင်း ခြောက်ယောက်မြောက် အသတ်ခံရခြင်းလည်းဖြစ်သည်။

 အစောပိုင်းက အိမ်ရာမဲ့လေးဦး အသတ်ခံရခြင်းအတွက် မြန်မာအမျိုးသားတစ်ဦးအား စွပ်စွဲသံသယရှိကာ ဖမ်းဆီးထားသည့်ကြားမှ ယခုကဲ့သို့ လူသတ်မှု ထပ်မံဖြစ်ပွားခြင်းလည်းဖြစ်သည်။

 နာဝါမန် ၉၂ လမ်းမကြီး အဝင်လမ်းတွင် အိမ်ဆိုင်ဟောင်းတစ်ခု၏ရှေ့၌ သေဆုံးနေသည့် ရုပ်အလောင်းအား တွေ့ရှိခြင်းဖြစ်သည်။ သွေးအလူးလူးဖြင့် အဝတ်မဲ့ခန္ဓာကိုယ် တစ်စောင်းလှဲလျက်ဖြင့် ခေါင်းတွင် နက်ရှိုင်းသည့် ကွဲရှဒဏ်ရာနှင့်အတူ ပါးစပ်နှင့် နှာခေါင်းတို့တွင် သွေးများ စီးကျကာ သေဆုံးနေခြင်းဖြစ်သည်။ သေဆုံးသူ၏ ဝတ်ဆင်ခဲ့သည်ဟု ယူဆရသည့် အဝတ်အစားများကို ဘတ်ငွေ ၂၄၀ နှင့်အတူ အနီးဝန်းကျင်တစ်နေရာတွင် တွေ့ရှိသည်။

 ယခုသေဆုံးသူသည် စိတ်မှန်ပုံမရကြောင်း၊ သို့သော် ပြော၍ဆို၍ နားလည်ကြောင်းနှင့် ဒီပတ်ဝန်းကျင်သို့ ရောက်ရှိနေထိုင်နေသည်မှာ ငါးလခန့်ရှိပြီဖြစ်ကြောင်း အသက် ၄၅ နှစ်အရွယ် ဒူအန်ပွန်ဆိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

 ဘန်ကောက်နှင့် ပတ်ထုံဌာနီပြည်နယ်အတွင်း အိမ်ရာမဲ့ ငါးဦး အသတ်ခံရပြီးနောက် ၎င်းတို့အား ပိုမိုကာကွယ်လုံခြုံမှု ပေးနိုင်ရေးအတွက် စစ်ဆေးမှုများ လုပ်ဆောင်ရန် ဘန်ကောက်ရဲအကြီးအကဲက အမိန့်ထုတ်ထားစဉ် ယခုလူသတ်မှု ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

 ပတ်ထုံဌာနီပြည်နယ်အတွင်း အိမ်ရာမဲ့လေးဦး သေဆုံးမှုတွင် သံသယရှိကာ ဖမ်းဆီးထားသူ မြန်မာနိုင်ငံမှ ဂျင်မီဆိုသူ၏ ဒီအိုင်အေနှင့် အခင်းဖြစ်ရာတွင် ရရှိသော ဒီအိုင်အေတို့ တူညီမှုရှိသည်ဟု ရဲက ပြောသော်လည်း ၎င်းက စွပ်စွဲချက်များကို ငြင်းဆန်သည်။

 ဂျင်မီသည် နိုင်ငံတွင်းသို့ တရားမဝင်ခိုးဝင်မှုဖြစ် ဖမ်းခံရဖူးပြီး စက်တင်ဘာ ၁၂ ရက်က တက်ပြည်နယ်မှ တစ်ဆင့် ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်သော်လည်း ၎င်းက ထပ်မံခိုးဝင်လာကာ လူသတ်မှုများ ကျုးလွန်ခြင်းဖြစ်နိုင်ကြောင်း စွပ်စွဲထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly