ချိူကူသံအစစ် သို့မဟုတ် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အယူအဆသစ်

ချိူကူသံအစစ် သို့မဟုတ် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အယူအဆသစ်

အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့တိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်ခဲ့ရတာ နှစ် ခြောက်ဆယ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ ပြည်တွင်းစစ်နဲ့ လွတ်လပ်ရေးနဲ့က ပူးချည်ထားခံရတဲ့ တိုင်းပြည်တစ်ခုအဖို့ တွေးကြည့်တိုင်း ကြေကွဲဖို့လည်းကောင်း၊ ရှက်ဖို့လည်း ကောင်းပါတယ်။ အဆိုးဆုံးကတော့ ရာစုနှစ်ဝက်ကျော် တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ မရေမတွက်နိုင်လောက်အောင် ဆုံးရှုံးခဲ့ရတဲ့ အမျိုးသား နစ်နာမှုကြီးပါပဲ။

ပြည်တွင်းစစ်ကို ဆန့်ကျင်ကြပါတယ်၊ ငြိမ်းချမ်းရေးကို မြတ်နိုးပါတယ်ဆိုတဲ့ ခေတ်အသီးသီးရဲ့ခေါင်းဆောင်များ စဉ်ဆက်မပြတ် ပြောလာခဲ့ကြတာကလည်း နားမဆံ့နိုင်လောက်အောင်ပါပဲ။   ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းခဲ့ကြတာလည်း အကြိမ်ကြိမ်ပါပဲ။ ဒါပေမယ့် အိတ်ပေါက်နဲ့ ဖားကောက်သလိုပဲဖြစ်ခဲ့တာပါပဲ။ အဆိုးဆုံးကတော့ ပြည်တွင်းစစ်ကို ခေတ်အဆက်ဆက်   ခေါင်းဆောင်တွေကိုယ်တိုင်က အစစ်အမှန် မရယူချင်တဲ့သဘောများလားလို့တောင်မှ သံသယဖြစ်စရာ ဖြစ်လာခဲ့ပါတယ်။

ပြည်တွင်းစစ် ရပ်စဲရေးကြိုးပမ်းမှုတွေကို လေ့လာတဲ့အခါ စစ်ရပ်စဲရေး ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အယူအဆတွေက ကလေးကလား ဆန်လွန်းခဲ့သလိုပါပဲ။ ဘုံ အကျိုးရှိမယ့် ငြိမ်းချမ်းရေးအပေါ် အဖြေမရှာနိုင်ကြဘဲ တစ်ဦးတစ်ဘက်အကျိုးအတွက်ကိုပဲ ဦးစားပေးသလိုဖြစ်တာမို့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေဟာ အဖျားရှူးသွားကြရတာချည်းပါပဲ။

ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ ပျက်ပြားသွားတဲ့အခါ ပဋိပက္ခတွေဟာ ထုံးစံအတိုင်း အရှိန်ပိုမြင့်မားလာရပါတယ်။ သံသယတွေ ပိုမြင့်လာရပါတယ်။ အမုန်းစိတ်တွေ ပိုမိုကြီးထွားလာရပါတယ်။   သေနတ်သံတွေ ပိုကျယ်လာရပြီး ပြည်သူတွေရဲ့ သွေးနဲ့မျက်ရည် ပိုပြီး ကျကြရပြန်ပါတယ်။

ဒီလိုပြောတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြည်တွင်းစစ်ဟာ ကုရာနတ္ထိ ဆေးမရှိဖြစ်ရပြီလောလို့ မေးစရာ ရှိပါတယ်။ ဒီလိုတော့လည်း မဟုတ်ပါဘူး။ အနာရှိတာမှန်ပေမယ့် ဘယ်ဆေးနဲ့မှ တည့်မယ် ပျောက်မယ်ဆိုတာပဲ ကျွန်တော်တို့ မှန်မှန်ကန်ကန် မရွေးချယ်နိုင်ခဲ့ကြလို့သာပါ။ အကယ်၍သာ အနာလည်းသိ ရွေးချယ်တဲ့ဆေးလည်း သိပြီဆိုရင် ဒီပြည်တွင်းစစ် အနာကြီးကို ကုလို့ မပျောက်စရာ အကြောင်းမရှိပါဘူး။

ပြည်တွင်းစစ်ကြီး သက်ဆိုးရှည်လာတာ ဆယ်စုနှစ် ခြောက်ခုကျော်ဆိုတော့ ဒီအနာကြီးက သာမာန်အနာ မဟုတ်တော့ပါဘူး။ ဆေးမြီးတိုလောက်နဲ့လည်း မရနိုင်သလို တဖက်နဲ့တဖက် အပြုတ်တိုက်ရုံလောက်နဲ့လည်း ကုလို့ပျောက်စရာ အကြောင်းမရှိပါဘူး။ စစ်ပွဲတွေ နိဂုံးချုပ်နိုင်ဖို့ သာမာန် အသိအမြင်အယူအဆလောက်နဲ့လည်း မရနိုင်လောက်တော့ပါဘူး။ စစ်နဲ့ပတ်သက်တဲ့ အတွေးအခေါ်အယူအဆ တနည်းအားဖြင့် ကုထုံးနည်းသစ် အမှန်ပင် လိုအပ်လာခဲ့ပါတယ်။ သာမာန် ရေတိုနဲ့ ခတ်တိန်တိန် ခတ်ပိန်းပိန်း စစ်ပွဲဆိုင်ရာ အယူအဆလောက်နဲ့တော့ ကုလို့ ဒီစစ်ကြီး မပြီးတော့ပါဘူး။

ကံအားလျော်စွာပဲ ပြည်တွင်းစစ်နဲ့ပတ်သက်တဲ့ အယူအဆသစ်တစ်ခုကို မနေ့တနေ့ကပဲ ကျွန်တော်တို့ ကြားလိုက်ကြရ သိလိုက်ကြရပါတယ်။ အဲဒါကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် လူထုခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတစ်ခွန်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်နေ့အခမ်းအနားမှာ စကားတစ်ခွန်းပြောသွားခဲ့ပါတယ်။ “ တိုက်ခြင်း ခိုက်ခြင်း တိုက်နိုင်ခြင်း အရည်အချင်း ပြိုင်မည့်အစား၊ မီးငြိမ်းအောင် လုပ်နိုင်မည့် အင်အားကို ပြိုင်ကြရန်” မေတ္တာရပ်ခံခဲ့ပါတယ်။ ဒီစကားဟာ နိုင်ငံတော် အကြီးအကဲတစ်ဦးရဲ့ မေတ္တာရပ်ခံချက်ဆိုတာထက် ပြည်တွင်းစစ် ချုပ်ငြိမ်းရေး အခြေခံသဘောထားတစ်ရပ်အဖြစ် ယူဆကြရမယ့်၊ စစ်နဲ့ပတ်သက်တဲ့ ပဋိပက္ခများနဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေးရရာ ရကြောင်း လမ်းညွှန်ချက်အသစ် တစ်ခုဖြစ်တယ်လို့တောင်မှ ယူဆကြရမှာဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် ချိုးကူသံ အစစ်အမှန်ကို ကျွန်တော်တို့ပြည်သူတွေ ကံအားလျော်စွာ ကြားလိုက်ကြရတဲ့သဘောပါပဲ။

မှန်ပါတယ်။ ခေတ်အဆက်ဆက် တိုင်းပြည်ခေါင်ဆောင်တွေရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့အယူအဆ ပြောစကားတွေကို ကျွန်တော်တို့ ကြားခဲ့ရပြီးပါပြီ။ ရေတိုငြိမ်းချမ်းရေး၊ ဆေးမြီးတိုနည်းငြိမ်းချမ်းရေး၊ အတုအယောင် ငြိမ်းချမ်းရေး၊ အင်အားပြ ငြိမ်းချမ်းရေး၊ ခြံအတွင်း မောင်းသွင်းတဲ့ငြိမ်းချမ်းရေး အစရှိတဲ့ အစစ်အမှန် တာရှည်ခံတဲ့ ငြိမ်းချမ်းရေးနဲ့ လွဲချော်စေတဲ့ ငြိမ်းချမ်းရေးနည်းနာ အဟောင်းများကိုပဲ ဆီသည်မလက်သုတ်လို ကျွန်တော်တို့ ကြားခဲ့ကြရ အသုံးပြုခဲ့ကြရတာ ကြာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ဒီကနေ့လုပ် နောက်တနေ့ သေနတ်ပြန်ပေါက်ခဲ့ကြရတာချည်းပါပဲ။ အဆိုးဆုံး အရုပ်အဆိုးဆုံးက ငြိမ်းချမ်းရေး စကားပြောနေတဲ့တချိန်ထဲမှာကိုပဲ သေနတ်သံတွေ ပိုပြီး အသံကျယ်လာစေတဲ့ အဖြစ်ပါပဲ။ ဒါဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အယူအဆကို နှစ်ဖက်စလုံးက မကိုင်ဆွဲနိုင်လို့သာ အခုလို ငြိမ်းချမ်းရေးလမ်းမှား သို့မဟုတ် ငြိမ်းချမ်းရေးအတုတွေနဲ့ စခန်းသွားခဲ့ကြရတဲ့သဘောပါပဲ။

အခုတော့ ငြိမ်းချမ်းရေးဆိုင်ရာ ဆန်းသစ်ပြီး အခြေခံကျတဲ့ အယူအဆအသစ်တစ်ခုကို ကျွန်တော်တို့ ရလာခဲ့ပါပြီ။

ကျွန်တော်တို့ပြည်သူများကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အဆိုအမိန့်ကို ထောက်ခံကြ ဝိုင်းဝန်းပံ့ပိုးကြမှာ မလွဲပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးဖေါ်   ဆွေးနွေးဖက်များအားလုံးကလည်း ဒီအဆိုအမိန့်အပေါ် အလေးအနက်ထား ကိုင်စွဲသွားကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပြည်သူတွေဟာ စစ်ပွဲတွေကို နိုင်အောင်တိုက်နိုင်တဲ့ ခေါင်းဆောင်ထက် စစ်ပွဲတွေ ထာဝရငြိမ်းသွားအောင်လုပ်ပေးနိုင်မယ့်ခေါင်းဆောင် ရှာခဲ့ကြရတာလည်း ကြားခဲ့ပါပြီ။

သေချာတာကတော့ ကျွန်တော်တို့ပြည်သူများကတော့ ငြိမ်းချမ်းရေး အမှန်တကယ်လိုလားသူများဖြစ်တဲ့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ယင်း ငြိမ်းချမ်းရေးဆိုင်ရာ အယူအဆကို ဝိုင်းဝန်းထောက်ခံကြမှာကတော့ အသေအချာပါပဲ။ ဒီအဆိုအမိန့်ကို မဇ္ဈိမကလည်း အင်တိုက်အားတိုက် ပါဝင်ထောက်ခံ ဝန်းရံသွားမှာဖြစ်ကြောင်း ဆန္ဒပြုလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly