ဆမ်ဆောင်း Galaxy Note 7 မီးလောင်မှု တောင်ကိုရီးယားအစိုးရ စုံစမ်းစစ်ဆေး

ဆမ်ဆောင်း Galaxy Note 7 မီးလောင်မှု တောင်ကိုရီးယားအစိုးရ စုံစမ်းစစ်ဆေး
(ဓာတ်ပုံ - အီးပီအေ)

အစောပိုင်း သီတင်းပတ်အတွင်း အရောင်းရပ်ဆိုင်းပြီး ထုတ်လုပ်မှုပါ ပိတ်သိမ်းလိုက်တဲ့ ဆမ်ဆောင်း Galaxy Note 7 ဖုန်းများရဲ့ အလိုအလျောက် လောင်းကျွမ်းမှု အကြောင်းအရင်းကို ရှာဖွေဖို့ တောင်ကိုရီးယားအစိုးရက စုံစမ်းစစ်ဆေးမှု စတင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆမ်ဆောင်းကုမ္ပဏီက တောင်ကိုရီးယားမှာ မီးစွဲလောင်ကျွမ်းခဲ့တဲ့ ဖုန်း (၅)လုံးကို နိုင်ငံပိုင် Korea Testing Laboratory ဓာတ်ခွဲခန်းသို့ ပေးအပ်ထားပြီး လက်ရှိမှာ စတင် စစ်ဆေးလုပ်ဆောင်နေတယ်လို့ Yonhap သတင်းအေဂျင်စီက တနင်္ဂနွေနေ့က ဖော်ပြထားပါတယ်။

KTL ဓာတ်ခွဲခန်းက ပြဿနာ အတိအကျ အကြောင်းအရင်းကို ရှာဖွေဖို့ မီးစွဲလောင်မှုတင် စစ်ဆေးမှာ မဟုတ်သလို X-ray ကဲ့သို့ နည်းပညာများနှင့် ကွန်ပျူတာ ပုံရိပ်နည်းပြများကိုလည်း အသုံးပြုလိမ့်မယ်လို့ သိရပါတယ်။

"ကျနော်တို့ မီးစွဲလောင်ခဲ့တဲ့ ဖုန်းတွေကို KTL ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုနှင့်အတူ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါပေမယ့် ရလဒ်ကိုတော့ ထိုင်ပြီး စောင့်မနေနိုင်ပါဘူး" လို့ ဆမ်ဆောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

"ကုမ္ပဏီက တတ်နိုင်သမျှ အမြန်ဆုံး ပြဿနာတွေရဲ့ အတိအကျ အကြောင်းအရင်း ရှာတွေ့ဖို့ ဖြစ်နိုင်သမျှ အရင်းအမြစ်များအားလုံး စုစည်းသွားမယ်လို့" အဆိုပါပုဂိုလ်က ထည့်သွင်း ပြောဆိုသွားပါတယ်။

အမေရိကန် စားသုံးသူ ကုန်ပစ္စည်းအန္တရာယ်ကင်းရှင်းရေးကော်မရှင်မှ သိမ်းဆည်းထားတဲ့ ဖုန်းတွေကိုလည်း ဆမ်ဆောင်းက စမ်းသပ်သွားဖို့ စဉ်းစားနေပါတယ်။

ဆမ်ဆောင်းကုမ္ပဏီက လာမယ့်နှစ်မှာ သူတို့ရဲ့ မော်ဒယ်အသစ် Galaxy S8 ရောင်းချဖို့ ပြင်ဆင်တဲ့အနေနဲ့ ဝယ်ယူသူများထံမှ ယုံကြည်မှု ပြန်လည် ရယူလိုတာကြောင့် အခုလို Galaxy Note 7 ရဲ့ ပြဿနာ အကြောင်းအရင်းကို ရှာဖွေနေတာလို့ ဒေသတွင်း ကျွမ်းကျင်သူများက သုံးသပ်ထားပါတယ်။

ဆမ်ဆောင်းက Galaxy Note 7 ကို သြဂုတ် ၁၉ ရက်နေ့က စတင်ရောင်းချခဲ့ပေမယ့် နိုင်ငံအမျိုးမျိုးမှ အဆိုပါဖုန်းများ အလိုအလျောက်လောင်ကျွန်းမှုဖြစ်ရပ် ၃၀ ကျော်ရှိကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက်  စက်တင်ဘာလ အစောပိုင်းမှာ ပြန်လည် သိမ်းဆည်းဖို့ ကြေညာခဲ့ပါတယ်။

ဆမ်ဆောင်းက ဖုန်း ၂.၅ မီလီယံခန့်ကို ပြန်လည်သိမ်းဆည်းပြီး နောက်ထပ် အသစ်သုတ် Galaxy Note 7 နဲ့ ၎င်းကို အစားထိုးပေးဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဘက်ထရီအပူလွန်ကဲမှုတွေ ဆက်ရှိနေတာကြောင့် နောက်ဆုံးမှာ ရောင်းချမှုတွေကို ပိတ်သိမ်းခဲ့ပြီး ဖုန်းတွေကို ထပ်မံ ထုတ်လုပ်တော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

Galaxy Note 7 ပြန်လည်ရုတ်သိမ်းလိုက်တာကြောင့် နောက်(၆)လကျော်မှာ လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်း ဝမ် ၃.၅ ထရီလီယံ (ဒေါ်လာ၃.၁ ဘီလီယံ) ခန့် ဆုံးရှုံးလိမ့်မယ်လို့ ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီက ခန့်မှန်းထားပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly