သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်း လှူဒါန်းသွားမယ့် လီယိုနာဒို ဒီကာပရီယို

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်း လှူဒါန်းသွားမယ့် လီယိုနာဒို ဒီကာပရီယို

တိုက်တန်းနစ်မင်းသားကြီး လီယိုနာဒို ဒီကာပရီယိုသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်း လှူဒါန်းသွားမည်ဖြစ်ကြောင်း လီယိုနာဒို ဒီကာပရီယိုဖောင်ဒေးရှင်းက ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများက လူသားတို့၏ အကြီးမားဆုံး စိန်ခေါ်မှုဟု ခေါ်ဆိုသော သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲ မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အကူအညီ ပေးလိုကြောင်း လီယိုနာဒိုက ပြောကြား သည်။

ကျွန်တော်တို့ နေထိုင်ရာကမ္ဘာကြီး ပျက်စီးမှုများ ဆက်လက်ဖြစ်ပေါ်နေမှုကို အချိန်ကြာကြီး လျစ်လျူရှုလို့ မရနိုင်ကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာမြေ၏ အနာဂတ်ကို တီထွင်ဖန်တီးရန် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ လူသားများရဲ့ အကြီး မားဆုံးစိန်ခေါ်မှုကို ဖြေရှင်းရန် လုပ်ဆောင်နေတဲ့ အဖွဲ့တွေကို ကူညီထောက်ပံံ့မှုတွေ ပေးရတဲ့ အတွက် ဂုဏ်ယူမိပါတယ်” ဟု လီယိုနာဒိုက ပြောကြားသည်။

ငွေကြေး သန်းပေါင်းများစွာကို သမုဒ္ဒရာဂေဟစနစ်များ ကာကွယ်စောင့်ရှောက်မှုနှင့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ Virunga အမျိုးသားပန်းခြံတွင် မျိုးသုန်းပျောက်ကွယ်တော့မယ့် ဂေါ်ရီလာမျောက်ဝံများ ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့များ ကိုထောက်ပံပေး သွားမည်ဖြစ်သည်။

လီယိုနာဒိုသည် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူ တစ်ဦးအဖြစ် ကြာရှည်လုပ်ဆောင် လျက်ရှိပြီး ရာသီဥတုပြောင်းလဲ မှုနှင့် စပ်လျဉ်း၍ ဟုတ်တိုင်းမှန်ရာ ပြောဆိုမှုကြောင့် တစ်ခါတစ်ရံ ဝေဖန်မှုများ ခံခဲ့ရသည်။

လီယိုနာဒိုသည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက နယူးယော့ခ်မြို့တွင် ပြုလုပ်သော ရာသီဥတု ပြောင်းလဲ မှုဆိုင်ရာ ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့သည်။ လီယိုနာဒို သည် ညစ်ညမ်းစေသော ပစ္စည်းစွန့်ထုတ်သူများအား ဖြိုခွင်း ရန်နှင့် ကာဗွန်ထုတ်လုပ်မှုကို လျှော့ချရန် အရေးယူလုပ်ဆောင်မှုများ ချက်ချင်း လုပ်ဆောင်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂ ကိုယ်စားလှယ်များ ကို ပြောကြားခဲ့ခြင်းကြောင့် ဝေဖန်ခံခဲ့ရသည်။

ငွေကြေးလှူဒါန်းမှုသည် လီယိုနာဒိုအတွက် ပထမဆုံးအကြိမ် လှူဒါန်းမှု မဟုတ်ကြောင်းနှင့် ၎င်းသည် ၂၀၁၃ ခုနှစ်က နီပေါနိုင်ငံ တွင် မျိုးသုန်းပျောက်ကွယ်တော့မည့် ကျားများ ကာကွယ် စောင့်ရှောက်ရေးအတွက် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့သို့ အမေရိကန်ဒေါ်လာ ၃ သန်း လှူဒါန်းခဲ့သည်။

Ocean 5 Amazon Watch ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့၊ ဆင်များ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့နှင့် California Wolf Center တို့သည် လီယိုနာဒို ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် ငွေကြေးများကို ရရှိသည့် အဖွဲ့များ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly