တောင်ကိုရီးယားက မြန်မာဒုက္ခသည် ၃၀ အား ဒုတိယအကြိမ်အဖြစ် ခေါ်ယူမည်

တောင်ကိုရီးယားက မြန်မာဒုက္ခသည် ၃၀ အား ဒုတိယအကြိမ်အဖြစ် ခေါ်ယူမည်

တောင်ကိုရီးယားအစိုးရက ပြည်ပဒုက္ခသည်စခန်းတစ်ခုမှ မြန်မာဒုက္ခသည် ၃၀ အား ခေါ်ယူကာ အမြဲတမ်းနေထိုင်ခွင့် ပေးမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က တောင်ကိုရီးယားနိုင်ငံ ပူးပေါင်းပါဝင်ခဲ့သည့် ကုလသမဂ္ဂအစီအစဉ်တစ်ရပ်အရ ယခုကဲ့သို့ ဒုက္ခသည်များအား တာဝန်ယူ ခေါ်ယူခြင်းဖြစ်သည်။

လက်ရှိ ထိုင်းနိုင်ငံတွင် ဒုက္ခသည်အဖြစ် နေထိုင်နေရသူ မြန်မာနိုင်ငံမှ လူ ၃၀ အား အစိုးရက ခေါ်ယူနေရာချထားပေးမည်ဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ကြေညာသည်။ အစောဆုံးအာဖြင့် ယခုလအတွင်း ၎င်းဒုက္ခသည်များအနေဖြင့် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိဖွယ်ရှိသည်။

တောင်ကိုရီးယားနိုင်ငံ ပြီးခဲ့သည့်နှစ်က ပါဝင်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ ပြန်လည်နေရာချထားရေးအစီအစဉ်သည် ခိုလှုံရာနိုင်ငံတစ်နိုင်ငံတွင် ဒုက္ခသည်အဖြစ် ယာယီနေထိုင်နေရသူများအား အခြားနိုင်ငံတစ်ခုက တာဝန်ယူခေါ်ယူခြင်းဖြစ်သည်။ UNHCR ထောက်ခံချက်နှင့်အတူ ဒုက္ခသည်များအား ရွေးချယ်ခေါ်ယူသွားမည်ဖြစ်သည်။

ယခုခေါ်ယူမှုသည် တောင်ကိုရီးယားနိုင်ငံအတွက် ဒုတိယအသုတ်ဖြစ်သည်။ ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်းကလည်း ထိုင်းနိုင်ငံဒုက္ခသည်စခန်းရှိ မြန်မာ ၂၂ ဦးအား တောင်ကိုရီးယားက ခေါ်ယူခဲ့သည်။

ခေါ်ယူခဲ့သည့် ဒုက္ခသည်များအား ကိုရီးယားဘာသာသင်ရန်နှင့် အလုပ်အကိုင်သက်မွေးဝမ်းကျောင်းပညာသင်ရန်အတွက် ဆယ်လကြာမျှ ပြည်ပထောက်ပံ့ရေးစင်တာများ၌ သင်တန်းပေးပြီးမှ တောင်ကိုရီးယားနိုင်ငံသို့ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောသည်။

 UNHCR ၏ ဒုက္ခသည်များ ပြန်လည်နေရာချထားပေးရေးအစီအစဉ်တွင် အမေရိကန်၊ သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၃၀ ခန့် ပါဝင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly