ချင်းတွင်းမြစ်ရေတိုးလာခြင်းကြောင့် နစ်မြှုပ်ရေယာဉ်ရှာဖွေရာမှာ အခက်ကြံုတွေ့

ချင်းတွင်းမြစ်ရေတိုးလာခြင်းကြောင့် နစ်မြှုပ်ရေယာဉ်ရှာဖွေရာမှာ အခက်ကြံုတွေ့

ရန်ကုန်၊အောက်တိုဘာ ၁၆ ။                  ။ ချင်းတွင်းမြစ်အတွင်း အောက်တိုဘာ ၁၅ ရက်က နစ်မြှုပ်ခဲ့သည့် အမြန်ရေယာဉ်ကို ဆယ်ယူရာမှာ ချင်းတွင်းမြစ်ရေ တက်လာခြင်းကြောင့် အခက်အခဲရှိနေကြောင်း စစ်ကိုင်းတိုင်း၊ ကနီမြို့၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက မဇ္ဈိမသို့ပြောသည်။

"ချင်းတွင်းမြစ်ရေက ဒီနေ့မနက် သုံးပေလောက်တိုးတယ်၊ ရေစီးကလည်း တအားသန်လာတော့ ရေငုပ်လို့မရအောင်ကို ဖြစ်နေတယ်" ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။

ကရိန်းပါသည့် သဘောၤကြီးများကို နစ်မြုပ်ရေယာဉ် ဆယ်ယူရာမှာ အသုံးပြုဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရက ယမန့်ညက ပေးပို့ထားပြီး လက်ရှိတွင် ရေငုပ်သမားများနှင့် ရှာဖွေနေကြောင်း၊ သေဆုံးသူအလောင်း တစ်လောင်း ထပ်မံတွေ့ရှိထားကာ အလောင်းငါးလောင်းအထိရှိနေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဟုမ္မလင်းမှ မုံရွာသို့ မောင်းနှင်လာသည့် အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်အသင်းမှ အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ်သည် အောက်တိုဘာ ၁၅ရက် နံနက် ၄ နာရီကျော်ခန့်က ကနီမြို့နယ်၊ မိချောင်းတွင်း ကျေးရွာအနီးတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမြန်ရေယာဉ် နစ်မြှုပ်ချိန်တွင် ရေယာဉ်ပေါ်၌ ခရီးသည် ၃၀၀ ထက် မနည်း ပါဝင်လာပြီး ၁၀၀ ကျော် ပျောက်ဆုံးနေကြောင်း ဦးထွန်းထွန်းဝင်း၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly