မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ရက် ၁၀၀ အပေါ် ပြန်လည်သုံးသပ်ခြင်း (ဒုတိယပိုင်း)

မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ရက် ၁၀၀ အပေါ် ပြန်လည်သုံးသပ်ခြင်း (ဒုတိယပိုင်း)

Mizzima Dialouge TV Show အစီအစဉ်ကနေ အပတ်စဉ် အစိုးရရဲ့ မူဝါဒတွေကို သုံးသပ်ဆွေးနွေးတဲ့ စကားဝိုင်းတွေ ကျင်းပလျက်ရှိပါတယ်။ ဒီတပတ်မှာတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့ ရက် ၁၀၀အတွင်း လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည် သုံးသပ် ဆွေးနွေးဖို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ရဲ့ အကြီးတန်း ဒုဥက္ကဋ္ဌ ဦးနှင်းဦး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း နဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးတို့ကို ဖိတ်ခေါ်ထားပါတယ်။ ဒီဆွေးနွေးပွဲကို မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒီပုဂ္ဂိုလ်များကို လာရောက်ဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ခဲ့ပေမယ့် သူတို့ မအားလပ်တဲ့အတွက် မလာနိုင်ခဲ့ပါဘူး။

ဆွေးနွေးမှု ဒုတိယပိုင်းမှာပေါ့ ဆရာဦးစိုးထွန်းနဲ့ ပြန်ဆက်ချင်ပါတယ်။ ဟုတ်ကဲ့ ဆရာဦးစိုးထွန်းခင်ဗျ။ ကျွန်တော်တို့ ဆရာမက ထောက်ပြသွားတာလည်းရှိတယ်။ မူဝါဒနဲ့ ဥပဒေတွေက ကျွန်တော်တို့ ဒီ ပြီးခဲ့တဲ့ ရက် ၁၀၀ မှာ ပီပီပြင်ပြင် အကောင်အထည်မဖော်နိုင်သေးတာ အဲတော့ စိုက်ပျိုးရေးနဲ့ ဝန်ကြီးဌာနအနေနဲ့ရော ဘာတွေလုပ်သင့်လဲ။ ဒီလိုမျိုး မူဝါဒတွေကို ဘယ်လောက်ထိ တွန်းတွန်းတိုက်တိုက်နဲ့ အကောင်အထည် ဖော်သင့်လဲ။ ဘာတွေ ဆက်လုပ်သင့်လဲ။

ဒေါက်တာ စိုးထွန်း

အထွေထွေ အတွင်းရေးမှူး (MAPCO)

ကျွန်တော်တို့မြင်တာကတော့ ဆရာမ ဒေါ်စုစုနွေး ဆွေးနွေးတဲ့ထဲမှာလည်း ပါတာပေါ့နော်။ အဓိကတော့ လယ်သမားတွေရဲ့ လိုအပ်ချက်ဆိုတာ ကျွန်တော်တို့ရဲ့ ချေးငွေကလည်း တစ်ခုတော့ ပါပေမယ့် တခြားလိုအပ်ချက်တွေ ရှိနေသေးတာလည်း ရှိတယ်။ တစ်ဖက်မှာလည်း လယ်ယာမြေ သိမ်းဆည်းရေးအပြင်ကိုပေါ့ တစ်ဘက်မှာတော့ ကျွန်တော်တို့က ကျန်တဲ့ဟာတွေကို ပြောနေရင် အများကြီး ဆွေးနွေးနေရမယ်။ တစ်ခုပဲ ကျွန်တော်တို့အနေနဲ့ လယ်ယာစိုက်ပျိုးရေးနဲ့လည်း တိုက်ရိုက်သက်ဆိုင်တယ်။ လယ်သမားတွေနဲ့ တိုက်ရိုက်သက်ဆိုင်တာကတော့ ခုနက တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပေါ့ ဒီဥပဒေက ရည်ရွယ်ချက်တွေကို ပြန်ကြည့်ရင် ခုနက ဆရာမဒေါ်စုစုနွေး ထောက်ပြတဲ့ဟာတွေ အကုန်ပါတယ်။ လယ်သမားတွေ လုံလောက်တဲ့ နှစ်ရှည်ချေးငွေ ရရှိရေးကို ဆောင်ရွက်ရမယ်။ နောက်တစ်ခု စက်မှုလယ်ယာ ကူးပြောင်းရေးအတွက် အစိုးရက ထောက်ပံ့ပေးဖို့ ပါတယ်။ ဒါတွေကလည်း လယ်သမားတွေရဲ့ လိုအပ်ချက်ပေါ့နော်။ နောက်တစ်ခါ ထွက်ရှိလာတဲ့ဟာကို ဈေးကွက်ရရှိအောင် ဆောင်ရွက်ပေးဖို့ပါမယ်။ နောက်တစ်ခါ ကျွန်တော်တို့တွေ သဘာဝဘေးအန္တရာယ်ဖြစ်ရင်လည်း အစိုးရက လုံလောက်တဲ့ ပံ့ပိုးမှု ပေးရမယ်။ ဒါကလည်း ခုနက ဆရာမ ဒေါ်စုစုနွေး ဆွေးနွေးတာပါတယ်။ နောက်ဆုံးတစ်ချက်က လုပ်ကွက်ငယ် လယ်သမား တစ်ဧက၊ ဆယ်ဧက လယ်သမားတွေကို အစိုးရက ဦးစားပေးပြီး ဆောင်ရွက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက် ငါးချက်ပါတယ်။ ကျွန်တေ်ာတို့မြင်တာကတော့ ကျန်တဲ့ဥပဒေတွေပြောရင်တော့ အများကြီး ခဏထားဦး။ ဒီဥပဒေကတော့ ခုနက ကျွန်တော်တို့ လက်ရှိ ဒီကနေ့ ပြောတဲ့ဟာနဲ့ တိုက်ရိုက်သက်ဆိုင်တယ်။ လယ်ဆည်ဝန်ကြီးဌာနအနေနဲ့ လယ်သမားတွေအတွက် ဆောင်ရွက်ရမယ်။ လယ်သမားဆိုတာကလည်း ကျွန်တော်တို့အနေနဲ့ ဆန်စပါးစိုက်ပျိုးတဲ့ လယ်သမားအပြင်ကို ဆည်လုပ်ငန်းလုပ်တဲ့ ပုဇွန်လုပ်ငန်း ငါးလုပ်ငန်း လုပ်တဲ့သူတွေကလည်း The Farmer ဆိုတဲ့ Definition မှာ ပါတယ်။ ဒီဥပဒေကိုပဲ လွန်ခဲ့တဲ့ နှစ်နှစ်က ပြဌာန်းထားတယ်။ အခုထိ အသက်ဝင်အောင် မလုပ်နိုင်ဘူး။ တစ်ခါ နည်းဥပဒေ ကျွန်တော်တို့အနေနဲ့ မထွက်လာနိုင်ဘူး။ နောက်တစ်ခါ ဒီဥပဒေမှာလည်း ဗဟိုကော်မတီ မြို့နယ်၊ တိုင်း။ ခရိုင်၊ အလိုက်တွေ မဖွဲ့နိုင်ဘူး။ ပြီးတော့ ဗဟိုကော်မတီကို ဒုတိယသမ္မတနှင့် ဦးဆောင်ပြီးတော့ ဖွဲ့တာရှိတယ်။ တစ်ကြိမ်တော့ အစည်းအဝေးခေါ်တယ်။ အဲဒီအစည်းအဝေးမှာလည်း အဓိကကျတဲ့ လယ်သမားတွေရဲ့ အကျိုးဆောင်ရွက်ဖို့ မတွေ့ဘဲနဲ့ ကျွန်တော်တို့ ကြားတာကတော့ ငြင်းခုန်ပြီးတော့ ပြီးသွားတာပေ့ါ။ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုန်ကြရင်း အစည်းအဝေးက ပြီးသွားပါတယ်တဲ့။ ဘာမှလည်း အစည်းအဝေး ဆုံးဖြတ်ချက် ထွက်လာတာ မတွေ့ရဘူးလို့ ကြားတယ်။ ဒါတွေကလည်း မဖြစ်သင့်တဲ့ကိစ္စလို့ မြင်ပါတယ်။ ကျွန်တော်အနေနဲ့ ညီလေးမေးတဲ့မေးခွန်းအရ လက်ရှိ ဆရာ ဦးနှင်းဦးတို့ ဒေါ်စုစုနွေးတို့ ဆွေးနွေးချက်အရ ကျွန်တော်အနေနဲ့လည်း အကြံပြုပါလို့ ဆိုရင်တော့ လယ်ဆည်ဝန်ကြီးဌာနအနေနဲ့ ရက် ၁၀၀ ပြည့်သွားတဲ့အချိန်မှာ ဒီဥပဒေကို အသက်ဝင်အောင် မလုပ်နိုင်တဲ့ဟာတစ်ခုကတော့ ပြုပြင်စေချင်ပါတယ်။ နောင်လာမယ့် နောက် ရက် ၁၀၀ မှာရော ဆောင်ရွက်ပေးမလား။ ဒါမှမဟုတ်လည်း အရင်အစိုးရလိုပဲ အစိုးရသက်တမ်းသာ ပြီးသွားတယ် ဒီဥပဒေကြီးက ဒီလိုပဲ ဆက်ဖြစ်သွားမလား ဒါလေးကတော့ ကျွန်တော်အနေနဲ့ တစ်ခုပဲ တောင်းဆိုပါဆိုရင်တော့ ဒီအချက်ကတော့ အခုလက်ရှိ ကျွန်တော်တို့ ဆွေးနွေးတဲ့အထဲမှာ တော်တော်များများ ဒီဥပဒေမှာ လွှမ်းခြုံတယ်လို့ မြင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကျွန်တော် ဘာပြောချင်လဲဆိုတော့ ဒီဥပဒေက ၁၆ ကြိမ်လောက် အစည်းအဝေး လုပ်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်လည်း ၁၁ ကြိမ်လောက် ပါဝင်ပါတယ်။ ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်က ဒီဥပဒေ ရေးဆွဲတဲ့အထဲမှာ ပါဝင်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့မြင်တာကတော့ ဒါက အစိုးရအဖွဲ့အနေနဲ့လည်း လက်ရှိ လယ်ဆည်ဝန်ကြီးဌာနအနေနဲ့လည်း ဒါ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ရေးဆွဲခဲ့တာ ဖြစ်တဲ့အတွက်ကြောင့်မို့ အသက်ဝင်အောင် လုပ်ဖို့အတွက်ရယ် နောက်တစ်ချက်က လယ်သမားတွေအတွက် အရေးကြီးတယ်ဆိုရင်လည်း ဒါလေးကို ဆောင်ရွက်ဖို့အတွက် ကျွန်တော်အနေနဲ့ ဒီနေရာကနေပြီးတော့ တင်ပြလိုပါတယ်။

မဇ္ဈိမ

ဆရာဦးနှင်းဦးက ငါးလုပ်ငန်း ဥက္ကဋ္ဌအဖွဲ့အနေနဲ့ ပြောမယ်ဆိုရင်တော့ မွေးမြူရေးနဲ့ ပတ်သက်ပြီးတော့ ဘာများ ထပ်ပြီးတော့ ဖြည့်ပြောချင်သေးလဲ။

ဦးနှင်းဦး

အကြီးတန်း ဒုဥက္ကဋ္ဌ - မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်

သူက ဒီလိုရှိပါတယ်ခင်ဗျ။ တစ်ချိန်တုန်းက ဆိုလို့ရှိရင် ဒီရေလုပ်ငန်းက မြန်မာနိုင်ငံမှာဆိုရင် နိုင်ငံခြားဝင်ငွေ ရရှိမှုနဲ့ပတ်သက်ရင် တတိယအဆင့်မှာ ရှိနေပါတယ်။ ပြန်ပြောမယ်ဆိုရင် ကျွန်တော်တို့ ဒီ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုတာ ညီကိုမောင်နှမတွေလိုပဲ ဖြစ်ပါတယ်။ အဲတော့ ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့်တကွ ပိုလျှံတာကို နိုင်ငံခြားကို Export လုပ်ပြီးတော့ နိုင်ငံခြားဝင်ငွေ ရှာနိုင်တာလည်း ဖြစ်ပါတယ်။ အခုဖြစ်ပေါ်နေတဲ့ ဒေါ်လာဈေးတက်မှုတွေ ကုန်ဈေးနှုန်း ကြီးမားမှုတွေအားလုံးသည် ဒေါ်လာကိုပဲ မှီခိုနေရတဲ့ လုပ်ငန်းတွေဖြစ်တဲ့အတွက်ကြောင့် ဒေါ်လာများများရမှ ဒါကို ချလို့ရမှာဖြစ်ပါတယ်။ အခုကတော့ ကျွန်တေ်ာတို့က Import များပြီး Export နည်းနေတဲ့အတွက်ကြောင့် Import မှာ လိုအပ်တဲ့ ဒေါ်လာတွေအားလုံးကို ပြန်ခုနေရတဲ့အခါမှာ   ဒေါ်လာဈေးက မြင့်လာတဲ့အတွက် ကျွန်တော်တို့ တဖက်က ဆင်းရဲနွမ်းပါးမှု လျော့ချရေးဆိုတဲ့ ဇာတ်လမ်းမှာလည်း နည်းနည်းလေး အတားအစီးများ ဖြစ်နေမလားပေါ့နော်။ နောက်တစ်ခုက ကျွန်တော်တို့ ငွေကြေးဖောင်းပွမှု။  တောမှာရော မြို့နယ်မှာရော ကျေးရွာမှာရေး နေတဲ့သူတွေအတွက်က ကုန်ဈေးနှုန်း ကြီးမားမှုက မလွဲမသွေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့က အကြံပြုချင်တာက ရေလုပ်ငန်းစိုက်တာရဲ့ သီးသန့် ပြောမယ်ဆိုရင် အာရှတိုက်မှာ အာဆီယံ ၁၀ နိုင်ငံထဲကို ပြန်ကြည့်ရင် ဗီယက်နာမ်နိုင်ငံနဲ့ ယိုးဒယားနိုင်ငံက အများကြီး အတုယူစရာကောင်းတဲ့ နိုင်ငံတွေဖြစ်တယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဗီယက်နမ်နိုင်ငံရဲ့ ကမ်းရိုးတန်းက ကျွန်တော်တို့နဲ့ မတိမ်းမယိမ်းပါ။ သူကတော့ နဲနဲပိုရှည်ပါတယ်။ သို့သော် ကုန်းတွင်းပိုင်းကို ယှဉ်တဲ့အခါကျတော့ ကျွန်တော်တို့က နှစ်ဆလောက်ရှိပါတယ်။ အဲဒီတော့ တစ်ခါ ထပ်ပြီးတော့ အိမ်နီးနားချင်း နိုင်ငံဖြစ်တဲ့ ယိုးဒယားနိုင်ငံကို ပြန်ကြည့်တဲ့အခါမှာ ကျွန်တော်တို့ ၂၈၃၂ မိုင်လောက်ရှည်တဲ့ ကမ်းရိုးတန်းထက်စာရင် သူက အများကြီးသေးပါတယ်။ သို့သော် သူတို့နိုင်ငံတွေက ရေလုပ်ငန်းကနေပြီးတော့ နိုင်ငံခြားဝင်ငွေ ၈ ဘီလျံ၊ ၉ ဘီလျံ ရှာလို့ရတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ နောက် အနာဂါတ်ကိုလည်း Target ထားပြီးတော့ ၁၀ ဘီလျံလောက် ရအောင်လုပ်မယ်ဆိုပြီးတော့ ဖော်ပြထားတာကိုလည်း တွေ့တဲ့အတွက် ကျွန်တော်တို့က ဒီလို Connection နှစ်ခုချင်း ယှဉ်တဲ့အခါမှာ သာတောင်သာနေတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးတိုးတက်ဖို့ ကျွန်တော်တို့နိုင်ငံရဲ့ စားဝတ်နေရေး ဖူလုံမှုကိစ္စတွေနဲ့ တိုက်ရိုက် ပက်သတ်နေတဲ့အချိန်မှာ တိုက်ရိုက်ပတ်သက်နေတဲ့ ရေလုပ်ငန်း Sector(ကဏ္ဍ) တစ်ခုက အရေးကြီးတယ်လို့ နံပါတ်တစ်အနေနဲ့ တင်ပြလိုပါတယ်။

အဲတော့ ပြန်ကြည့်ရင် မူဝါဒအရ ပြန်ကြည့်မယ်ဆိုရင်တော့ နည်းဗျူဟာအရ ဘာလုပ်သင့်တယ်ဆိုရင် အဓိကက သူတို့က မွေးမြူရေးကို စောင်းပေးပြီးတော့ လုပ်သွားပါတယ်။ အဲတော့ ကျွန်တော်တို့ဆီမှာ ကျွန်တော် တင်ပြခဲ့တဲ့ ပင်လယ်ကမ်းရိုးတန်း ၂၈၀၀ လောက်မှာရှိတဲ့ ကမ်းရိုးတန်းက ကျွန်တော်တို့က ဒီရေငန်ပိုင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းက လုံးဝ မတိုးတက်ခဲ့ပါဘူး။ အဲတော့ အခြားနိုင်ငံတွေက ရေလုပ်ငန်းကနေ ဝင်ငွေ အများကြီး ရနေပါတယ်။ အဲတော့ ရေချိုမွေးမြူရေး၊ ရေငန်မွေးမြူရေးနဲ့ ဖမ်းဆီးရေးကနေ သုံးခု ပေါင်းလိုက်တဲ့အခါမှာ ပျမ်းမျှ ၈ ဘီလျံလောက်ရတယ်။ ကျွန်တော်တို့မှာ အဲဒီသုံးခုပေါင်းကနေ ရရှိနိုင်တာက လက်ရှိအနေအထားမှာ သန်း ၅၀၀ လောက်ပဲရှိတယ်။ အများဆုံးဖြစ်တယ်။ သန်း ၄၀၀ ကျော်လောက်ပဲ ရရှိတဲ့အတွက် အဆနှစ်ဆယ်နိးပါးလောက် ကွာဟနေပါတယ်။ ဒါကို ကျွန်တေ်ာတို့က ဘယ်လိုမြင်လဲဆိုရင် အခွင့်အလမ်းပဲ မြင်ပါတယ်။ လုပ်တာ ကိုင်တာတွေက မြန်မာနိုင်ငံမှာ အများကြီးရှိနေပါတယ်။ ဒါကို ကျွန်တော်တို့က အားထည့်ပြီးတော့ လုပ်လိုက်မယ်ဆိုလို့ရှိရင် ခုနက ကျွန်တော်တင်ပြခဲ့တဲ့ ဗီယက်နမ်နိုင်ငံတို့ ယိုးဒယားနိုင်ငံတို့ ရရှိတဲ့ဝင်ငွေဟာ မရနိုင်စရာ မရှိပါဘူး။ ဒီလိုရရှိခြင်းက ဘာကြောင့်လဲဆိုရင် ခုနက တင်ပြခဲ့တဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ စားဝတ်နေရေး၊ ကုန်ဈေးနှုန်း မြင့်မားလာတဲ့ကိစ္စတွေ အားလုံးကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းပေးနိုင်ပြီးတော့ လူတွေအားလုံးရဲ့ ကျေနပ်မှုကို ပေးနိုင်တဲ့ အခြေအနေကို ဖိန်တီးနိုင်မယ်လို့ သုံးသပ်ထားပါတယ်။

မဇ္ဈိမ

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အဲတော့ ဆရာမ ဒေါ်စုစုနွေးကို ကျွန်တော် ပြန်ပြီးတော့ နဲနဲ မေးပါရစေ။ ဆရာမ ခုနက ပြောသွားတဲ့အထဲမှာ တောင်သူလယ်သမားတွေအတွက် နှစ်ရှည်ချေးငွေ နှစ်သိန်းခွဲ သုံးသိန်းလောက် ပေးသင့်တယ်ဆိုတော့ အဲဒီတော့ ကျွန်တော်တို့က တကယ့်တကယ် တောင်သူလယ်သမားတွေကို ချေးငွေထုတ်ချေးတယ်ဆိုတာက နည်းလမ်းမှန်ရဲ့လား။ သူတို့တွေရဲ့ဘဝကို ချေးငွေ ထုတ်ချေးရုံနဲ့ ဘယ်လောက်ထိ တိုးတက်မြင့်မားလာမယ်လို့ ပြောလို့ရလား။ အဲဒါက နည်းလမ်းရော မှန်ရဲ့လား။

ဒေါ်စုစုနွေး

ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားရေးရာ ကော်မတီ

ချေးငွေဆိုတာကမျိုးက စိုက်ပျိုးရေးစရိတ်ကို မလုံလောက်တော့ အစိုးရက ချေးပေးရမယ်။ ချေးငွေ ထုတ်ပေးရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တောင်သူလယ်သမားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည် တည်တံ့ခိုင်မြဲဖို့အတွက်ကလည်း အစိုးရအနေနဲ့ စိုက်ပျိုးရေး နည်းပညာတွေကို စနစ်တကျနဲ့ ကူညီဆောင်ရွက်ပေးဖို့တော့ လိုအပ်တယ်။ ကျွန်မတို့ လယ်သမားတွေက ချေးငွေတင်မဟုတ်ဘူး နည်းပညာတွေလည်း လိုအပ်နေတယ်။ အဲတော့ ကျွန်မတို့ မျိုးစပါးတွေကို မျိုးကောင်း၊ မျိုးသန့်တွေကို မထုတ်လုပ်နိုင်တာတွေက နည်းပညာအားနည်းလို့ပါ။ နောက်ပြီး ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင် မြေဆီလွှာတွေ ပျက်ဆီးနေတယ်။ စပါးစိုက်ပျိုးရေးရဲ့ စနစ်က တစ်နှစ်နဲ့တစ်နှစ် စပါးက တိုးပြီးတော့ ထွက်လာတာမရှိဘူး။ စုတ်ပြီးတော့ပဲ ထွက်တယ်။ ဒါတွေက ဘာလဲဆိုရင် မြေဆီလွှာတွေ ပျက်ဆီးလို့ပါ။ အဲတော့ ဒီမြေကြီးတွေကို နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ဘယ်လိုမျိုး ပြုပြင်မလဲဆိုတဲ့ နည်းပညာတွေ လိုပါတယ်။ အဲလို နည်းပညာတွေကိုလည်း အစိုးရကနေ ပံ့ပိုးနိုင်ရမယ်။ ပြီးတော့ လယ်သမားတွေကိုလည်း နည်းပညာတွေကို အချိန်ပေးပြီး တက်နိုင်တဲ့ လယ်သမားတွေကို ရွေးထုတ်ပေးပြီး အစိုးရကနေပြီးတော့ အခမဲ့ သင်ပေးတဲ့ စနစ်မျိုးတွေ အစိုးရကနေပြီးတော့ ဆောင်ရွက်ရမယ်။ အဲလိုမျိုးတွေ ဆောင်ရွက်ပြီးတော့ လယ်သမားက စိုက်ပျိုးရေး လုပ်တာတင်မဟုတ်ပဲနဲ့ မွေးမြူရေးကိုပါ ပူးတွဲပြီးတော့ လုပ်နိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေကိုလည်း အစိုးရကနေ ပံ့ပိုးဖို့လိုတယ်။ အဲလိုမျိုးတွေ ပံ့ပိုးမှ လယ်ကနေထွက်တဲ့ စပါးက ပိုလျံပြီးတော့ မွေးမြူရေးနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့မိသားစု စားဝတ်နေရေးကို အထောက်အကူ ပြုနိုင်ပြီးတော လယ်သမားတွေက ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။

အပိုင်း (၁) အား အောက်ပါတွင် ကြည့်ရှုနိုင်ပါသည်-http://www.mizzimaburmese.com/article/19165

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly