စိုးရိမ်မှုဖြင့် ထွက်ပြေးလာနေကြသူများမှာ ဆက်လက် တိုးပွားလာနေ

စိုးရိမ်မှုဖြင့် ထွက်ပြေးလာနေကြသူများမှာ ဆက်လက် တိုးပွားလာနေ
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

မောင်တော၊ အောက်တိုဘာ ၁၆ ရက် ။                 ။ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် စစ်ဆင်ရေးနယ်မြေအဖြစ် တပ်မတော်မှ တာဝန်ယူ ရှင်းလင်းနေသည့် ရခိုင်နယ်စပ် မောင်တောခရိုင်မှ   ဒေသခံများမှာ စိုးရိမ်မှုကြောင့် နေရပ်စွန့်ခွာမှုမှာ ပိုမို များပြားလာသည်။

အကြမ်းဖက်တိုက်ခိုက်နေသူများ၏ လက်ထဲတွင် သေနပ်များ ရှိနေခြင်းနှင့် အရှေ့အလယ်ပိုင်းဒေသ အစ္စလာမ်မစ် အစွန်းရောက်များ၏ စစ်ဆင်ရေး သင်တန်းများ တက်ရောက်ပြီးသူများ ပါဝင် ဦးဆောင်နေသည်ဟု နိုင်ငံတော်မှ ထုတ်ပြန်ထားခြင်းကြောင့်လည်း ဒေသခံများက ပိုမို စိုးရိမ်နေကြခြင်း ဖြစ်သည်။

“ကျွန်မတို့ကြောက်လို့ ထွက်ပြေးလာကြတာပါ။ ရွာမှာ မနေရဲတော့လို့ပါ။ ကျန်တဲ့သူတွေလည်း ကျန်ခဲ့ပါသေးတယ်။ အနီးအနားက ရွာတွေက ိုမီးရှို့ခံနေရတာ မြင်တော့ ရွာမှာ မနေရဲတော့ဘူး။ ကျွန်မတို့က အောင်သာယာ ကျေးရွာကနေ လာခဲ့ကြတာ ဖြစ်ပါတယ်။ အခု လောလောဆယ်တော့ မိသားစုလေးခုတည်း လာခဲ့တာပါ။ ကလေးကိုးဦး ပါပါတယ်။ ဘူးသီးတောင်ကိ ုသွားမှာဖြစ်ပါတယ်။ ယောကျ်ားတွေတော့ ကျန်ခဲ့ပါတယ်။” ဟု  နေရပ်စွန့်ခွာလာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၅ ရက်နေ့ကလည်း မောင်တောမြို့၊ ကန်သာယာ (အထက်) ကျေးရွာတွင် နေထိုင်သူ ဒေသခံတစ်ဦးမှာ ချောင်းမြောင်းပစ်ခတ်မှုကို ခံခဲ့ရပြီး လိပ်အိုင်ကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များမှာ တိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် ပြန်လည် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။

တိမ်းရှောင်သူများ ယာယီ ခိုလှုံရန် မောင်တောမြို့ပေါ်ရှိ  အောင်သပြေဗောဓိ သာသနာ့ရိပ်သာတွင် နေရာချပေးထားပြီး အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီအထိ ဒုက္ခသည် ၃၅၀ ခန့် ရောက်ရှိနေသည်။

“ ကျွန်မက ဖားဝပ်ချောင်းက လာခဲ့တာပါ။ ကျွန်မတို့ရွာသားသုံးရာ နီးပါးလောက် ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်မတို့လာခဲ့တဲ့ အချိန်ဟာ တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မို့လို့ လမ်းတွေ ပိတ်ထားတယ်။ သွားလာလို့မရတဲ့အတွက် စစ်တပ်က ကားကြီးတွေနဲ့ တက်လိုက်လာခဲ့တာပါ။ ယောကျာ်တွေကိုတော့ တပ်က မလိုက်ခိုင်းဘူး။ သူတို့ကို အကူအညီပေးဖို့ လမ်းပြခိုင်းဖို့ဆိုပြီးတော့ ရွာမှာကျန်နေခိုင်းပါတယ်။ ကျွန်မတို့က ဒီကကျွေးထားတာနဲ့ စားသောက်နေလို့ အဆင်ပြေပါတယ်။ ရွာမှာ ကျန်ခဲ့တဲ့သူတွေ ဘာတွေစားလို့နေလဲမသိဘူး။” ဟု တိမ်းရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

အောက်တိုဘာ ၉ ရက်နေ့မှ စတင်ခဲ့သည့် မောင်တောအကြမ်းဖက် တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာနေရသော တိမ်းရှောင် ရခိုင်တိုင်းရင်းသား ဒုက္ခသည်မှာ ခန့်မှန်း ၅၀၀၀နှင့် အထက် ဝန်းကျင်ရှိနေပြီး မောင်တောမြို့ပေါ် ၊ ဘူးသီးတောင်၊ စစ်တွေနှင့် အခြားမြို့နယ်များရှိ ဆွေမျိုးများ၊ နီးစပ်ရာ ဘုန်းတော်ကြီးများတွင် ခိုလှုံလျက်ရှိကြောင်း မောင်တောမြို့နယ်တွင် သတင်းသွားရောက် ရယူနေသည့် RiA သတင်းထောက် မင်းမျိုးနွယ်က ပြောသည်။

“ စဖြစ်တဲ့နေ့ကတည်းကဆိုရင် ၅၀၀၀ ကျော်နိုင်မှာပါ။ အတည်ပြုဖို့ကတော့ ယခုအချိန်ထိ သက်ဆိုင်ရာတွေဘက်ကလည်း မပြုနိုင်နိုင်သေးပါ။ ဒါပေမယ့် နေ့စဉ်နဲ့အမျှ ဘူးသီးတောင်ကနေ စစ်တွေကို ပုံမှန်အခြေအနေထက် များပြားတဲ့ လူအုပ်တွေဟာ ထွက်ခွာနေကြပါတယ်။ ဒီနေ့ဆိုရင်လည်း ဘူးသီးတောင် သင်္ဘောဆိပ်ကနေ တဆင့် လူ ၇၀၀ နီးပါးဟာ စစ်တွေကို ထွက်ခွာသွားကြပါတယ်။”

တိမ်းရှောင်နေသူများကို ဘုန်းတော်ကြီးများတွင် ယာယီနေရာချပေးထားရပြီး မြို့ခံများ၏ အကူအညီဖြင့် စားသောက်ရေးကို ဖြေရှင်းလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly