မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ရက် ၁၀၀ အပေါ် ပြန်လည်သုံးသပ်ခြင်း (ပထမပိုင်း)

မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ရက် ၁၀၀ အပေါ် ပြန်လည်သုံးသပ်ခြင်း (ပထမပိုင်း)

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျာ။

ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးမယ့် အကြောင်းအရာကတော့ ပြီးခဲ့တဲ့ ရက် ၁၀၀ အတွင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ ပြန်လည် သုံးသပ် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီကနေ့ အစီအစဉ်မှာ ပုဂ္ဂိုလ်သုံးဦးကို ဖိတ်ခေါ်ထားပါတယ်။ ကျွန်တော်ရဲ့ ဘယ်ဘက်မှာ ထိုင်နေတဲ့ ဆရာကတော့ ဆရာဦးနှင်းဦး ဖြစ်ပါတယ်။ သူကတော့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ရဲ့ အကြီးတန်း ဒုဥက္ကဋ္ဌ ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ဆရာ ဒေါက်တာစိုးထွန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်ပါတယ်ခင်ဗျာ။ နောက်ဆရာမကတော့ ဆရာမ ဒေါ်စုစုနွေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

အဲဒီတော့ ကျွန်တော် ပထမဆုံး မဆွေးနွေးခင် ကျွန်တော်တို့ရဲ့ မဇ္ဈိမ ပရိသတ်တွေကို တောင်းပန်ချင်တာကတော့ မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒီပုဂ္ဂိုလ်များကို လာရောက်ဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ခဲ့ပေမယ့် သူတို့ မအားလပ်တဲ့အတွက် မလာနိုင်ဘူးဆိုတာ ကျွန်တော် အသိပေးချင်ပါတယ်။

ဆရာ ဦးနှင်းဦးခင်ဗျာ။ ဆရာကို ကျွန်တေ်ာ ပထမဆုံး ပေးပါရစေ။ ပြီးခဲ့တဲ့ ရက် ၁၀၀ အတွင်းမှာ ငါးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ဆရာကလည်း ထဲထဲဝင်ဝင် လုပ်နေတာဆိုတော့ ဘာတွေများ   ပြောင်းလဲလာသလဲ၊ ဘာတွေများ တိုးတက်လာသလဲ၊ ပြန်ပြီးတော့ သုံးသပ်ကြည့်မယ်ဆိုရင်ပေါ့။

ဦးနှင်းဦး

အကြီးတန်း ဒုဥက္ကဋ္ဌ - မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်

ကျွန်တော်တို့ ငါးလုပ်ငန်းက ခြုံငုံပြီးတော့ သုံးသပ်မယ်ဆိုရင် အကြမ်းပျဉ်း သုံးစားလောက် ခွဲလို့ရပါတယ်။ ဥပမာ ပင်လယ်ပြင်ဖမ်းဆီးရေး၊ နောက်တစ်ခုက အင်းအိုင်တွေ လေလံတင်ပြီးတော့ အင်းအိုင်ငှားတဲ့ကိစ္စတွေ အစိုးရနဲ့ ငှားတဲ့ကိစ္စတွေ ပါပါတယ်။ နောက် မွေးမြူရေး အကွက်ကားချတဲ့ မွေးမြူရေးတွေ ပါပါတယ်။ အဲလို အကြမ်းပျဉ်းအားဖြင့် သုံးစားလောက် ခွဲလို့ရပါတယ်။ အဲတော့ မွေးမြူရေးအပိုင်းမှာဆိုရင်တော့ ကျွန်တော်တို့က အားနည်းတယ်ပေါ့နော်။ ၂၀၀၃ ခုနှစ်လောက်မှာ မွေးမြူရေးလုပ်ငန်းတွေက အရမ်းကျနေတယ်။ Export ကိစ္စတွေကို လုပ်ရတဲ့ အတွက်ကြောင့်ပေါ့။ သို့သော်လည်း မွေးမြူရေးလုပ်ငန်း အဓိက အကျဆုံးကတော့ မွေးမြူရေးဆိုင်ရာ ငါး၊ ပုဇွန်တွေရဲ့ သားပေါက်တွေ ထုတ်လုပ်ပေးမှုပဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်အားဖြင့်က ဘာလဲဆိုရင် မြန်မာနိုင်ငံထဲမှာ တစ်နိုင်တစ်ပိုင်ကနေစပြီးတော့ လုပ်ငန်းရှင်တွေအားလုံး အသေးကနေ အကြီးထိကို အားလုံးက ဒီမွေးမြူရေးကို ထဲထဲဝင်ဝင် လုပ်နိုင်အောင် နည်းပညာတွေ သားပေါက်တွေ ထုတ်ဖို့အတွက်ကို ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဌာနဆိုင်ရာတွေဖြစ်တဲ့ ငါးလုပ်ငန်း ဦးစီးဌာနကလည်း ကျွန်တော်တို့ကို ပေါ်လစီပိုင်းဆိုင်ရာ ပံ့ပိုးမှုလေးတွေ လည်း ပံ့ပိုးပေးပါတယ်။ အဲတော့ လောလောဆယ်မှာ ကျွန်တော်တို့က သားပေါက်နဲ့ ပတ်သက်ပြီးတော့ ရေချိုပုဇွန်က အခက်အခဲအများကြီးနဲ့ တွေ့ကြုံခဲ့ရတဲ့အခါမှာ ဒီ ရက် ၁၀၀ အတွင်းမှာ ကြိုးစားဆောင်ရွက်ခဲ့တဲ့အတွက် အခုအခါမှာ ရေချိန် ပုဇွန်သားပေါက်လုပ်ငန်းက အောင်မြင်စွာနဲ့ ပြီးစီး ဆောင်ရွက်ခဲ့ပါတယ်။

ဒုတိယတစ်ချက်ကတော့ ကျွန်တော်တို့ ဖမ်းဆီးရေးကိစ္စတွေမှာ သဘာဝပတ်ဝန်းကျင်မှာ ဖမ်းဆီးရေးက သယံဇာတတွေမှာတော့ ကန့်သက်ချက်တွေ အများကြီးရှိတယ်။ အဲဒီကန့်သက်ချက်တွေ အများကြီးရှိပြီးတော့ ရေရှည်တည့်တံ့ခိုင်မြဲတဲ့ ရေလုပ်ငန်း ဖြစ်ဖို့အတွက်ကို ဖမ်းဆီးရေးကိစ္စတွေမှာ ဌာနဆိုင်ရာ ဆက်သွယ်ရေး လုပ်ငန်းရှင်များအသင်းဆိုပြီးတော့ သတ်မှတ်ပါတယ်။ အဲဒါနဲ့ ပတ်သက် ပြီးတော့ နှစ်ဦးနှစ်ဖက် တိုင်ပင်ပြီးတော့ ဖမ်းဆီးရေးကို ရပ်ဆိုင်းထားရတဲ့ ကာလ နောက်တစ်ခါ မဖမ်းရတဲ့နေရာမျိုးဆိုပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ အဲလို ဆောင်ရွက်ခဲ့ခြင်းအားဖြင့် ငါးတွေကို သူက   ပေါက်တဲ့ကာလလေးတွေ မျိုးပွားမယ့်ကာလလေးတွေ အချိန်သုံးလလောက် ရပ်ပြီးတဲ့အခါမှာ ယခု ပြန်ပြီးပြည့်တဲ့အခါမှာ ဖမ်းဆီးရေးက ပြန်ပြီးတော့ တက်လာတာ တွေ့ရပါတယ်။ ဒါတွေအားလုံးဟာ ရက် ၁၀၀ အတွင်းမှာ စနစ်တကျ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ ကိစ္စ ငါးလုပ်ငန်းကို ဦးစီးတဲ့ လုပ်ငန်းရှင်များနဲ့ ပေါင်းပြီးတော့ စနစ်တကျ ရေရှည်တည်တံ့တဲ့ ငါးသယံဇာတ ဖမ်းဆီးရေး လုပ်ငန်းကို   ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါကတော့ အင်မတန်ကို ထူးရှားတဲ့ တစ်ချက်လို့ ပြောလို့ရပါတယ်။

ကမ္ဘာကနေပြီးတော့ သတ်မှတ်ထားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးကိစ္စတွေ နောက်တစ်ခုက ဥရောပကို ပို့မယ်ဆိုရင် မှတ်ပုံတင် မတင်ထားတဲ့ ခိုးသင်္ဘောတွေနဲ့ လုပ်လို့မရဘူး။ တရားမဝင် ဖမ်းဆီးရေးဆိုတဲ့ ရတဲ့ငါးတွေ ပို့လို့မရဘူး။ နောက်တစ်ခါ ကျွန်တော်တို့က နယ်နိမိတ် သတ်မှတ်တဲ့အတွင်းမှာ ကျော်လွန်ပြီး ဖမ်းဆီးတာတွေပေါ့ အဲဒီ ငါးမျိုး ဆိုရင်တော့ အီးယူနိုင်ငံမျိုးဆို လုံးဝ ပို့လို့မရဘူး။ အဲဒါတွေ အားလုံးကို ဖမ်းဆီးရေးကာလမှာ မှန်မှန်ကန်ကန်လုပ်သွားတဲ့ အစိုးရတွေအားလုံးကို အစိုးရကနေပြီးတော့ ဒီလုပ်ငန်းရှင်များဟာ မှန်မှန်ကန်ကန် ဥပဒေနဲ့အညီ လိုက်နာ   ဆောင်ရွက်တယ်ဆိုတဲ့ ထောက်ခံချက် လုပ်ပေးတဲ့အတွက်ကြောင့် သူတို့ရဲ့ ထုတ်ကုန်အားလုံးက အီးယူကို ပို့လို့ရတယ်။ ဒါတွေအားလုံးကို ပုဂ္ဂလိကနဲ့ အစိုးရနဲ့ ပူးပေါင်းပြီးတော့   ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

တစ်ဖက်မှာ ကျွန်တော်တို့ ပြန်ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ လက်ထဲမှာ ငါးနဲ့ တွဲမွေးတဲ့ကိစ္စတွေ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဌာနဆိုင်ရာ ငါးသားပေါက်တွေ ရေချိုငါးသားပေါက်တွေကို ကျွန်တော်တို့က သဘာဝထဲမှာ လွတ်ပြီးတော့ လှူဒါန်းတဲ့အနေနဲ့ သားပေါက်တွေ လွှတ်ပေးခြင်းအားဖြင့် တိုးပွားနိုင်တဲ့ အဆင့်ဖြစ်ပြီးတော့ စားနပ်ရိက္ခာ ဖူလုံဖို့အတွက် ထုတ်ပေးတဲ့လုပ်ငန်းတွေကို ငါးဦးစီးမှူးတွေက ဆောင်ရွက်ပေးခဲ့တာ ရှိပါတယ်။ အဲတော့ အကြမ်းမျဥ်း ခြုံငုံပြီးတော့ ပြောရမယ်ဆိုရင်တော့ ဒီကိစ္စလေးတွေက Internalional Market Acess အတွက်  အများကြီး အထောက်အကူဖြစ်မယ့်  လုပ်ငန်းတွေရော ကျွန်တော်တို့ ပုဂ္ဂလိက လုပ်ငန်းရှင်များနဲ့ ပူးတွဲ လုပ်ခဲ့တာကို တွေ့နိုင်တယ်လို့ ထင်ပါတယ်။

မဇ္ဈိမ

ဟုတ်ကဲ့။ ဆိုတော့ ဒေါက်တာစိုးထွန်းကိုလည်း ကျွန်တော် မေးပါရစေ။ ဆရာက ဆန်စပါးနဲ့ပတ်သက်ပြီးတော့ လုပ်နေတဲ့အတွက်ကြောင့် တောင်သူလယ်သမားတွေနဲ့ ဆက်စပ်နေတာပေါ့။ ဒီ ပြီးခဲ့တဲ့ ရက် ၁၀၀ အတွင်းမှာရော တောင်သူလယ်သမားတွေရဲ့ဘဝ ဖွံ့ဖြိုးဖို့အတွက် အစိုးရအနေနဲ့ ဘာတွေများ လုပ်ပေးခဲ့သလဲ။ ပြီးလို့ရှိရင် ဆန်စပါး ဈေးကွက်အခြေအနေကရော ဘယ်လိုရှိလာသလဲခင်ဗျာ။

ဒေါက်တာ စိုးထွန်း

အထွေထွေ အတွင်းရေးမှူး (MAPCO)

ဒီ ရက် ၁၀၀ အတွင်းမှာတော့ ထူးထူးခြားခြား လုပ်ပေးတာကတော့ တောင်သူလယ်သမားတွေကို မိုးစပါးစိုက် ချေးငွေ တစ်သိန်းကနေ တစ်သိန်းခွဲ တိုးမြင့်တဲ့ဟာတွေက ဒါ အစိုးရသစ်လက်ထက်မှာ   ဆောင်ရွက်ပေးခဲ့တာ ရှိတယ်။ လယ်သမားတွေအားလုံးအတွက် လုံလောက်တဲ့ ပမာဏ မဟုတ်သော်လည်း ချေးငွေ တိုးလာတဲ့အတွက်ကြောင့် အထိုက်အလျောက်တော့ အဆင်ပြေတဲ့ အပိုင်းတော့ ရှိတယ်။ သို့သော်လည်းပဲ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအနေနဲ့ပြောရင် ချေးငွေတစ်ခုတည်းနဲ့ သူတို့ရဲ့ဘဝ လုံလောက်မှု မရှိဘူးပေါ့။ ကျန်တဲ့ နည်းပညာ ပြီးတော့ မျိုးကောင်းမျိုးသန့် နောက်တစ်ခါ ကျွန်တော်တို့ ရိပ်သိမ်းတဲ့နည်းပညာတွေနဲ့ ဒါတွေ လိုအပ်ချက်တွေ ရှိပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့ ကျွန်တော်တို့ စဉ်းစားဖို့ကလည်း  ဈေးကွက်ပေါ့ ဈေးကွက်အနေအထားကို ကျွန်တော်တို့ ပြောရမယ်ဆိုလို့ရှိရင် မနှစ်က ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်ရင် ဒီနှစ်မှာ ပြည်ပကို တင်ပို့မှု လျော့ကျတာ တွေ့ရတယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ရက် ၁၀၀ အလွန် လာမယ့် မိုးစပါး ပေါ်မယ့်အချိန်ကျရင် တောင်သူလယ်သမားတွေအနေနဲ့ စပါးဈေး ကျဆင်းတဲ့ အနေအထားကို တွေ့ရနိုင်ပါတယ်။ ဒါဟာ ၂၀၁၂ ခုနှစ်က တစ်ကြိမ် ကျွန်တော်တို့ ကြုံတွေ့ခဲ့တာရှိတယ်။ အခု ဒုတိယတစ်ကြိမ် ကျွန်တော်တို့ လယ်သမားတွေအနေနဲ့ သူတို့ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက်ကို စပါးဈေး ကျမယ်ဆိုရင်တော့ ခုနကပြောတဲ့ အစိုးရရဲ့ အကြွေးလည်း ပြန်မဆပ်နိုင်ဘူး။ သမဝါယမချေးငွေ နောက်ပြီးတော့ ပြင်ပက ချေးငွေ အဲဒါတွေကို   ပြန်မဆပ်နိုင်ဘူး။   ပြောရရင်တော့ မြန်မာ့ကုန်သွယ်မှုကဏ္ဍ ပဲနှင့် ပြောင်း ဒါတွေအားလုံးဟာ လက်ရှိအနေအထားမှာ ကျွန်တော်တို့ ကျဆင်းနေတဲ့အပိုင်း ရှိတယ်။ ရှမ်းပြည်နယ်ဘက် ဆိုရင်လည်း   ပြောင်းဆိုရင် ဒါ အရင်တုန်းကဆိုရင် ၁၅၀၀၀ ဈေး ရှိပြီးတော့ အခုဆိုရင် ၆၀၀၀ တောင် ဝယ်မယ့်သူမရှိဘူး။ အခုလောလောဆယ် ပြောင်းပေါ်တဲ့ရာသီ ဖြစ်နေတယ်။ ပြောရရင်တော့ ဒါ တရုတ်နိုင်ငံအနေနဲ့ ကျွန်တော်တို့ရဲ့ Single Market ပေါ့ တရုတ်ကိုပဲ မှီခိုတာရှိတော့ လက်ရှိမှာ တရုတ်နိုင်ငံဟာ ဒါ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့မှ ဒါ နယ်စပ်ကုန်သွယ်ရေးမှာ အဖမ်းအဆီး များတဲ့အတွက်ကြောင့်မို့ ဒီနောက်ဆက်တွဲ ဖြစ်လာမယ်ဆိုရင် လောလောဆယ်တော့ ကုန်သည်တွေ ထိတယ်။ Exporter တွေထိတယ်။ နောက်ဆက်တွဲကျရင် ကျွန်တော်တို့ လယ်သမားတွေဆီကို ရောက်ရှိလာနိုင်တဲ့ အနေအထားတွေ ရှိတယ်။

အဲတော့ ကျွန်တော်တို့အနေနဲ့ ဒီဟာကတော့ လောလောဆယ် စိုးရိမ်စရာ တစ်ခုအနေနဲ့ ရှိတယ်။ ခုနကပြောတဲ့ လယ်ဆည်ဝန်ကြီးဌာနအနေနဲ့လည်း မူလက ကျွန်တော်တို့ ပြောထားတာကတော့ စက်မှုလယ်ယာ ကူးပြောင်းရေးအတွက် အထောက်အကူပြုစေတယ်။ ထွန်စက်စခန်းတွေကို တိုးချဲ့ ဆောင်ရွက်မယ်။ ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် စီမံကိန်းတွေ လုပ်မယ်လို့ ပြောပါတယ်။ သို့သော်လည်းပဲ လက်ရှိအနေအထားမှာတော့ ဒါနဲ့ပတ်သက်ပြီးတော့ ဆုံးခန်းတိုင်အောင်တော့ ကျွန်တော်တို့ မတွေ့သေးဘူး။

နောက် အရေးကြီးဆုံးအချက်အနေနဲ့ ရက် ၁၀၀ မှာ မဆောင်ရွက်သေးတာကတော့ တောင်သူလယ်သမား အကျိုးစီးပွား ဖြစ်ထွန်းရေး နည်းဥပဒေပေါ့နော်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက အကျွေးကျန်ခဲ့တယ်။ ဥပဒေပြဌာန်းပြီးတာ ၂ နှစ်လောက် ရှိနေပြီ။ ဒါပေမယ့် နည်းဥပဒေမထွက်ဘူး။ အခု အစိုးရသစ်အထိ ရောက်တဲ့အချိန်မှာလည်း ကျွန်တော်တို့အနေနဲ့ ဒါလေးတော့   ဆောင်ရွက်ပေးမယ်လို့ ယူဆတယ်။ သို့သော်လည်းပဲ အခုလက်ရှိ ကျွန်တော်တို့အနေနဲ့ မြင်တာကတော့ လယ်ဆည်ဝန်ကြီးဌာနအနေနဲ့ သူ့ရဲ့ အဓိကတာဝန်ဖြစ်တဲ့ တောင်သူလယ်သမားနဲ့ ပတ်သက်တဲ့ နည်းဥပဒေထွက်ဖို့အတွက် ဆောင်ရွက်ဖို့လိုမယ်လို့ ထင်ပါတယ်။

မဇ္ဈိမ

ကျေးဇူးတင်ပါတယ်ခင်ဗျ။ ဆရာမ ဒေါ်စုစုနွေးကိုလည်း ကျွန်တော် မေးပါရစေ။ အဲတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၇က် ၁၀၀ အတွင်းမှာပေါ့နော် ဆရာမကလည်း တောင်သူလယ်သမား အခွင့်အရေးနဲ့ပတ်သက်ပြီး လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတော့ ဒီ သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ လယ်သိမ်းယာသိမ်းကိစ္စတွေ တော်တော်များများ ဖြစ်ခဲ့တယ်ပေါ့နော်။ ကျွန်တော်တို့ ဒီဘက်ကျတော့ လူထုလိုလားတဲ့ အစိုးရလို့ပဲ ဆိုကြပါစို့နော်။ ဒီမိုကရေစီနည်းကျ အစိုးရ တက်လာတဲ့နောက်ပိုင်းမှာရော တောင်သူလယ်သမား အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ နောက်တစ်ချက်က လယ်သိမ်းယာသိမ်းနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ ဖွံ့ဖြိုးတိုးတက်လာသလဲ၊ ဘယ်လောက်ထိ အကောင်းဘက်ကို ရွေ့လာလဲ။

ဒေါ်စုစုနွေး

ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားရေးရာ ကော်မတီ

ဟုတ်ကဲ့။ ကျွန်မတို့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အစိုးရသစ်ကနေပြီးတော့ မြေယာနဲ့ အခြားမြေယာ စစ်ဆေးဖို့ ကော်မတီ ဖွဲ့ပြီးတဲ့နောက်ပိုင်းမှာ ဒီ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ ဧကပေါင်း ၇၆၀၀၀ ကျော်ကို ဒုသမ္မတကိုယ်တိုင် ပုံစံသုံးနဲ့ ပြန်လည်ပေးအပ်ထားတယ်။ အဲဒီအပေါ်မှာလည်း ကျွန်မတို့က ကြိုဆိုပါတယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံမှာက မြေယာသိမ်းဆည်းမှုဆိုတာက တစ်နိုင်ငံလုံး အနံှ့အပြားမှာ အကြီးမားဆုံး ပြဿနာဖြစ်နေတယ်။ သိမ်းဆည်းထားတာတွေလည်း အများကြီးပေါ့နော်။ အဲဒီ သိမ်းဆည်းတာတွေကို ပုံစံ ၃ နဲ့ ပြန်ပေးတဲ့အခါမှာ ကုမ္ပဏီသိမ်းတွေကိုပဲ ပြန်ပေးတာပါ။ တပ်မတော်သိမ်းတွေကို ပြန်မပေးသေးပါဘူး။ အဲဒီတော့ ဒီ လယ်ယာမြေသိမ်းဆည်းမှုတွေက ကျွန်မတို့နိုင်ငံအတွက် အရေးကြီးပါတယ်။

 နောက်တစ်ခါ တောင်သူလယ်သမားတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း အရေးကြီးသလို ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့လည်း အရေးကြီးပါတယ်။ လယ်ယာမြေတွေ သိမ်းဆည်းပြီးတော့ ကျွန်မတို့နိုင်ငံမှာ ဧကပေါင်းများစွာကို ဒီမြေတွေကို စိုက်ပျိုးထုတ်လုပ်မှုတွေ မလုပ်ပဲနဲ့ ပစ်ထားတဲ့အတွက် နိုင်ငံအတွက် နစ်နာသလို တောင်သူလယ်သမားတွေအတွက်လည်း နစ်နာပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ အစိုးရကနေပြီးတော့ ဆက်လက်ပြီးတော့ ရက် ၁၀၀ အပြင် တောင်သူလယ်သမားတွေဆီကနေ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပြန်လည်ပေးအပ်ဖို့ပေါ့။ နောက်ပြီးတော့ တောင်သူလယ်သမားတွေကို တိုက်ရိုက်အကျိုးမပြုတဲ့ အခုနကပြောသလို အကျိုးမပြုတဲ့ ဥပဒေတွေကို ပြင်ဆင်ပြီးတော့ ဥပဒေမူကြမ်းတွေ ရေးဆွဲပြီးတော့ လွှတ်တော်ထဲမှာ အတည်ပြုပြီးတော့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာပေးပြီးတော့ လယ်ယာမြေသိမ်းဆည်းမှုတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့လိုပါတယ်။ 

နောက်တစ်ခုက အခုလက်ရှိ မြို့နယ် လယ်ယာမြေကော်မတီတွေကို ဖွဲ့စည်းပြီးတဲ့နောက်မှာ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၃၀ ရက်အတွင်းမှာ မြေယာအငြင်းပွားမှုတွေကို တင်ပြရမယ်ဆိုပြီး ညွှန်ကြားချက်တွေ ဝင်လာတယ်။ အဲလို တင်ပြရမယ်မယ်ဆိုရင် မြေယာကော်မတီတွေကနေပြီးတော့ ပြန်လည် စီစစ်ပြီးတော့ ဘိုးဘွားပိုင် မြေယာတွေကို ပြန်လည်ပေးရန်ဆိုတဲ့ ညွှန်ကြားချက် ဝင်လာတယ်။ အဲဒီမှာ ကျွန်မတို့ ဘာအခက်အခဲ တွေ့ရလဲဆိုတော့ အရင်တုန်းက ဘိုးဘွားပိုင်တွေဆိုပြီးတော့ ၁၉၅၂ ခုနှစ်က ပစ်ထားခဲ့တယ်။ အဲဒီဥပဒေတွေ အရဆိုရင် ကျွန်မတို့ စည်းကမ်းပျက်ဆိုပြီးတော့ နိုင်ငံတော်က မလုပ်လို့ရှိရင် ပြန်အပ်ရတာမျိုးတွေ ရှိတယ်။ အဲတော့ နိုင်ငံတော်ကလည်း မလုပ်နိုင်ဘူးပေါ့နော်။ မလုပ်နိုင်တဲ့အတွက် လုပ်ချင်တဲ့စိတ်ရှိတဲ့ လယ်သမားတွေက လယ်ယာမြေတွေ ဖော်ထုတ်ပြီးတော့ မြေပုံပြေစာတွေနဲ့ ဆက်လက်လုပ်ကိုင်တယ်ပေါ့နော်။ အဲလို ဆက်လက်လုပ်ကိုင်ပြီးတော့ တပ်မတော်က သိမ်းတာတို့ နိုင်ငံတော်က သိမ်းတာတို့ အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခံရတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ လယ်ယာမြေအငြင်းပွားမှုတွေရှိတယ်။ ဆက်လက်ဆောင်းဆိုနေတာတွေရှိတယ်။ အခု အစိုးရအသစ်အနေနဲ့ စက်တင်ဘာလ ၁ ၇က်နေ့ကနေ ၃၀ ရက်နေ့အတွင်းမှာ တင်တဲ့ဟာတွေကို ဘိုးဘွားတွေကို ပြန်ပေးရမယ်ဆိုတော့ လက်ရှိ ဘိုးဘွားပိုင်တွေကနေပြီးတော့ ပြန်လည်ပြီးတော့ သူတို့မြေတွေ သူတို့ပြန်ယူမယ်ဆိုပြီး တောင်းဆိုတာရှိတယ်။ အဲဒါကြောင့် လယ်သမားတွေအချင်းချင်း ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။ ဒါကိုလည်း ညွှန်ကြားချက်ထုတ်တဲ့ အစိုးရက စဉ်းစားပြိးတော့ ဒီလိုမျိုး ပဋိပက္ခတွေ ဖြစ်လာလို့ရှိရင် ဘယ်လိုမူဝါဒတွေချပြီးတော့ ဘယ်လိုမျိုး ဖြေရှင်းဆောင်ရွက်မလဲဆိုတာကို မူဝါဒတွေ ကြိုတင်ရေးထားဖို့ လိုပါတယ်။

နောက်တစ်ခုက လယ်ယာမြေဥပဒေ နည်းဥပဒေ ပုဒ်မ ၆၀ ဆိုရင် ဒီ မြေယာအငြင်းပွားမှုတွေကို တင်ပြ တောင်းဆိုတဲ့အခါမှာ ကျေးရွာကော်မတီတွေကနေ ၁၅ ရက်အတွင်း ဒါကို ကြားနာစစ်ဆေးပြီးတော့ မြို့နယ်ကို တင်ပေးရမယ်။ မြို့နယ်ကနေ ပုဒ်မ ၆၀ (က) အရ တင်လာတာကို ၇ ရက်အတွင်း စစ်ဆေးဆုံးဖြတ်ပြီးတော့ ခရိုင်ကို တင်ပေးရမယ်။ ခရိုင်ကကနေပြီးတော့ ပုဒ်မ ၆၀ (ခ)ကနေပြီးတော့ တင်လာတာကို ၇ ရက်အတွင်းဆိုပြီးတော့ ဥပဒေမှာ ပြဌာန်းထားပါတယ်။ အဲတော့ ကျွန်မတို့ အစိုးရသစ်လက်ထက်မှာ စက်တင်ဘာလ ၁ ရက်နေ့ မတိုင်ခင်ကတည်းက မြေယာအငြင်းပွားမှုတွေ ကော်မတီတွေကို ရေးပြီးတော့ တောင်းဆိုတာတွေ ရှိပါတယ်။ အစိုးရသစ်လက်ထက်မှာ ကျေးရွာကော်မတီအဖွဲ့တွေကနေ နေပြည်တော်ကိုတင်လို့ တောင်သူလယ်သမားသမဂ္ဂကနေ တင်လို့ စစ်ရပါတယ်ဆိုပြီး ကျွန်မတို့ကနေ ဒီအငြင်းပွားမှုတွေကို တရားမျှတမှုရှိအောင် တင်ပေးတာကိုပဲ ကျွန်မတို့တွေ တကယ့်ကို တရားခံကြီးတွေလို စစ်ဆေးပြီးတော့ ပြည်သူလူထုတွေရှေ့မှာ ဒီစာတွေကို ထောင်ထောင်ပြပြီးတော့ ဒါကို သက်သက်မဲ့ ရန်တိုက်ပေးတယ်ဆိုတဲ့ အသုံးအနှုန်းတွေကို သုံးပြီးတော့ စစ်ပါတယ်။ စစ်ပြီးတော့ ဆုံးဖြတ်ချက်တွေကို မချပေးပါဘူး။ အဲတော့ ကျေးရွာကနေ ဆုံးဖြတ်ချက်ကျမှ ဥပဒေနဲ့အညီ ကျွန်မတို့က မြို့နယ်ကို ပြန်တက်ပေးရမယ်။ အဲတော့ ဒီဆုံးဖြတ်ချက်တွေကို ရဖို့ကိုပဲ လယ်သမားတွေကနေပြီးတော့ ပိုက်ဆံတွေ အကုန်ကျခံပြီးတော့ ကျွန်မတို့ရုံးတွေကို လာပြီးတော့ အကူအညီတောင်းရ ဥပဒေကို နားမလည်တော့ ကျွန်မတို့တွေကန စာတွေထုတ်ပြီးတော့ လက်မှတ်တွေနဲ့ ဒီဆုံးဖြတ်ချက်ကိုတွေကိုတောင် စာထုတ်ပြီးတော့ တောင်းနေရတာ ဒီနည်းဥပဒေကို တကယ် လုပ်ပိုင်ခွင့်ရှိတဲ့ နေရာအဖွဲ့အစည်းတွေက ချိုးဖောက်နေတာဖြစ်တယ်။ အခုလိုမျိုး ချိုးဖောက်ခဲ့လို့ရှိရင် အစိုးရသစ်အနေနဲ့ ဒီ မြေယာအငြင်းပွားမှုတွေ တရားမျှတမှုတွေ ဖြစ်လာဖို့အတွက်ကို ဒီလိုမျိုးချိုးဖောက်တဲ့ မြေယာကော်မတီတွေ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ဘယ်လိုအရေးယူသွားမလဲဆိုတဲ့ မူဝါဒတွေ ချထားသင့်တယ်။

နောက်တစ်ခု ဆရာပြောခဲ့သလို စိုက်ပျိုးစရိတ် ချေးငွေတွေကို ကျွန်မတို့က အချိန်မီပေးတယ်ပေါ့နော် ကျွန်မတို့ အစိုးရသစ်လက်ထက်မှာ အချိန်မီပေးတယ်။ ဒါပေမယ့် တိုးလည်းပေးတယ်။ အဲလို တိုးပေးတယ်ဆိုပေမယ့် လုံလောက်မှု မရှိသေးပါဘူး။ အဲလိုမျိုး ဘာဖြစ်လို့ လုံလောက်မှုမရှိသေးလဲဆိုရင် စိုက်ပျိုးစရိတ်က မျိုးကောင်းမျိုးသန့် ဝယ်ရတာတွေရယ် နောက်တစ်ခုက ကျွန်မတို့ စက်တွေနဲ့ သုံးရတယ်ပေါ့နော်။ လုပ်အားခတွေ စတဲ့ အစစအရာရာ ဈေးနှုန်းတွေ ကြီးမှုကြောင့် မလုံလောက်သေးပါဘူး။ အဲတော့ အစိုးရသစ်အနေနဲ့ လယ်သမားတွေရဲ့ အကျိုးကို တကယ်အစဉ်တစိုက် ဆောင်ရွက်ပါတယ်ဆိုရင်တော့ နှစ်သိန်းခွဲကနေ သုံးသိန်းအထိကို လတိုစီမံကိန်းနဲ့ ချေးတာမဟုတ်ပဲနဲ့ နှစ်စဉ်စီမံကိန်းနဲ့ ချေးနိုင်ဖို့အတွက် မူဝါဒတွေလည်း ရေးှဆွဲထားစေချင်ပါတယ်။ တကယ်လို့ ရေးဆွဲပြီးတယ်ဆိုရင်လည်း မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်စေချင်ပါတယ်။

အဲတော့ ရေကြီးနစ်မြုပ်တာတွေဆိုရင်လည်း သဘာဝဘေးအန္တရာယ်ကြောင့် အခုဆိုရင် စပါးဖြတ်ပိုးတွေ ကျရောက်နေတယ်။ စပါးဖြတ်ပိုးဆိုတာမျိုးက ပိုးသတ်ဆေးဆိုတာ ကုမ္ပဏီတွေက ပိုးသတ်ဆေးမှာ ဥပဒေ ချမှတ်ထားပါတယ်။ ဒါကိုလည်း ဆရာတို့ သိပါတယ်။ ဥပဒေက ဘယ်လိုချမှတ်ထားလဲဆိုရင် ပိုးသတ်ဆေးကို ကျွန်မတို့ ဌာနဆိုင်ရာတွေကနေပြီးတော့ ခွင့်ပြုချက် လက်မှတ်မရှိပဲနဲ့ ဝယ်လို့မရပါဘူး။ ဖျန်းလို့မရပါဘူး။ စိုက်ပျိုးရေးဌာန ရုံးကိုက ကြပ်မတ်ပြီးတော့ လယ်သမားတွေ ပိုးကျလို့ရှိရင် အကောင်းဆုံး အာမခံချက်ရှိတဲ့ ပိုးသတ်ဆေးကို သူတို့ကိုယ်တိုင် လယ်သမားတွေကို ညွှန်ကြားပြီးတော့ ဥပဒေနဲ့အညီ သူတို့ကိုယ်တိုင် ချမှတ်ပြီးတော့ ဖျန်းပေးရမှာပါ။ ဒါကို ကျွန်မတို့လယ်သမားတွေက ဒါကို ဥပဒေ ထုတ်ထားလို့ ထုတ်ထားမှန်းလည်းမသိဘူး။ ဒီပိုးသတ်ဆေးကို ခွင့်ပြုချက် လက်မှတ်မရှိပဲနဲ့ ဖျန်းရတယ်ဆိုတာလည်း မသိဘူး။ အဲလိုမျိုးနဲ့ စမ်းတဝါးဝါးနဲ့ လုပ်နေရတာတွေကိုလည်း မူဝါဒတွေ ချမှတ်ပြီးတော့ ဆောင်ရွက်စေချင်ပါတယ်လို့ ပြောချင်ပါတယ်။

ဆက်လက်ဖော်ပြပါမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly