ပင်းတယမြို့ရဲ့ အသည်းနှလုံးများ (၃)

15 October 2016
ပင်းတယမြို့ရဲ့ အသည်းနှလုံးများ (၃)

ပင်းတယမြို့သူမြို့သားတွေရဲ့ အသည်းနှလုံးများစွာထဲက တစ်ခုဖြစ်တဲ့ ပုန်းတလုတ်ရေကန်ကြီးအကြောင်း ပြောချင်ပါတယ်။  ဒီရေကန်ကြီးဟာ ပြီးခဲ့တဲ့ အယ်နီညို ရာသီဥတုမှာ ဆိုးရွားတဲ့ ရေခန်းခြောက်မှု အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒေါက်တာ သန်းမင်းထွဋ် ဦးဆောင်တဲ့ ပင်းတယဒေသခံ ပရဟိတအဖွဲ့တွေ ပြီးတော့ အလှူရှင်တွေ ပူးပေါင်းပြီးတော့ ဒီရေကန်ကြီးကို အခုအခြေအနေထိ သာယာလှပအောင် ပြုပြင်ထိန်းသိမ်းခဲ့ကြရပါတယ်။

ဒီရေကန်ကြီးကို ပုန်းတလုတ်ကန်၊ တချို့ကတော့ ဘုန်းတလုတ်ကန်လို့လည်း ခေါ်ကြပါတယ်။ မြို့ကျက်သရေလို့ ဆိုကြတဲ့ ဒီကန်ကြီးနဲ့ ပတ်သက်ပြီး ပင်းတယ မြို့သူမြို့သားတွေဟာ ဂုဏ်ယူကြတယ်။ ဒီကန်ကြီး နောင် သားစဉ်မြေးဆက်အထိ တည်တံ့နိုင်အောင်လို့ ကြိုးစားပြီး ထိန်းသိမ်းနေရတဲ့ အခြေအနေ ဖြစ်နေရပါပြီ။ ၈၅ ဧကလောက်ကျယ်ပြီး ၁၄ ပေ အမြင့်ရှိတဲ့ ပုန်းတလုတ်ရေကန်ကြီးဟာ ပြီးခဲ့တဲ့နွေတုန်းက ထိတ်လန့်စရာ ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒီအကြောင်းကို ပင်းတယမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က အခုလို ရှင်းပြပါတယ်။

ဒေါက်တာ သန်းမင်းထွဋ်

“ပုန်းတလုတ်ကန်ဟာ အခုလောလောဆယ် မြင်နေရတဲ့ အနေအထားကိုက ပုံမှန်အနေအထား မဟုတ်သေးဘူး။ ရေကန်ရဲ့ကန်ဘောင်အထိကို ရေက တိုက်နေတယ်။ ဆိုလိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတော့ အခုလောလောဆယ် ကန်ရေဟာ မိုးတွင်းဆိုလို့ရှိရင် ၇ ပေ ၆ ပေ ရှိတယ်။ သူ့ ကန်ရဲ့ အမြင့်က ၁၄ ပေအထိ ခံတယ်။ ၈၅ ဧက ကျယ်တဲ့ ပုန်းတလုတ်ရေကန်ကြီးဟာ မိုးတွင်းဆိုရင် ၁၄ ပေအထိ ရှိတယ်။ အခုလောလောဆယ် သမီးတို့ တွေ့ခဲ့တယ်ဆိုတဲ့ ကန်ရေဟာ ၅ ပေ ၆ ပေလောက်ပဲ ရှိတယ် အဲလောက်ပဲရှိတဲ့အတွက် ကန်ထဲမှာ ရေက ဟိုးတုန်းက အယ်လ်နီညို ရာသီဥတုချိန်မှာ ဒီထက်မက ခံခဲ့ရတယ်။ အဲဒါကြောင့်မို့ ကြည့်လိုက်ရင်တော့ ရေတွေရှိတယ်လို့ ဆိုပေမယ့် ပုန်းတလုတ်ကန်ရဲ့ သမိုင်းမှာ အင်မတန် ဆိုးဆိုးဝါးဝါးကို ရေခန်းသွားတဲ့ အနေအထားဖြစ်တယ်။ အရင်တုန်းက ခန်းဖူးသလားဆိုတော့ ခန်းဖူးတယ်။ ဒါပေမယ့် အရင်တုန်းက ခန်းဖူးတယ်ဆိုပေမယ့် မိုးရာသီရဲ့ ရာသီဥတု အနေအထားအရ ခန်းပြီးမကြာဘူး ချက်ချင်း ပြန်ပြည့်သွားတယ်။ ဒီတစ်ခေါက်ကတော့ ၁၄ ပေလောက်အထိ အမြင့်ရှိတဲ့ ရေကန်ထဲမှာ ရေထုထည် အောက်ခြေ ၅ ပေလောက်ပဲ ရှိတော့ ၉ ပေ။ ၈၅ ဧကအကျယ် ၉ ပေဆိုတော့ ဘယ်လောက်ခမ်းသွားတယ်ဆိုတာ ခန့်မှန်းကြည့်ရင် သိနိုင်ပါတယ်။”

ဒီလိုအခြေအနေက ပင်းတယမြို့ရဲ့ဂုဏ်ဆောင် ပုန်းတလုတ်ကန်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် မြို့နေလူထုကို သတိပေး ခေါင်းလောင်းထိုးလိုက်ပါပြီ။

ဒီရေကန်ကြီး ရေအပြည့်နဲ့ သာယာလှပခဲ့စဉ်ကဆိုရင် ကန်ပေါင်တွေ အကုန်ထိ ရေက တက်လာပြ့ီးတော့ သာယာလှပခဲ့ပါတယ်။ အခုလည်း ပြန်ပြီးတော့ ပြုပြင်ထိန်းသိမ်းထားတယ် ဆိုပေမယ့်လည်း အခုလက်ရှိ ကမ်းပေါင်ဆက်တွေမှာတော့ ကုန်းမြေတွေ အများကြီး ပေါ်နေပါသေးတယ်။

ရာဇဝင် အတိတ်သမိုင်းတွေနဲ့ ခမ်းနားခဲ့တဲ့ ပုန်းတလုတ်ကန်ကတော့ နှစ်ကာလ ကြာလာတာနဲ့အမျှ မြင်တွေ့ရတဲ့အတိုင်း ယိုယွင်းစ ပြုလာပါပြီ။   ရေတွေနည်းလာပြီ၊   ရေဝင်လမ်းကြောင်းတွေ   ပျောက်လာပြီ။ ရာသီဥတု ဖောက်ပြန်တဲ့ဒဏ်ကို သိသိသာသာ ခံရလာပြီ။ ဒီအကျိုးဆက် ဖြစ်လာတဲ့ အကြောင်းတရားတွေကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ဒါဟာ ရာသီဥတု တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။

ဒါကို ဒေါက်တာသန်းမင်းထွဋ်ကပဲ အခုလို ရှင်းပြပါတယ်။

ဒေါက်တာ သန်းမင်းထွဋ်

ဘာကြောင့် ရေခန်းသွားလဲဆိုတော့ (၁) ရေဝင်တဲ့လမ်းတွေ ပိတ်သွားတယ်။ ရေဝင်တဲ့လမ်းတွေ ပိတ်သွားတာ ဘာဖြစ်လို့ ပိတ်သွားလဲဆိုတော့ လူတွေရဲ့ စည်းကမ်းမရှိမှုကြောင့်ပေါ့။   ရေဝင်တဲ့ လမ်းတွေကို အမှိုက်တွေ ပစ်ချထားတယ်။ ရေဝင်တဲ့လမ်းတွေကို မြေတွေ ဖို့လိုက်တယ်။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ပုန်းတလုတ်ကန်ထဲကို ဝင်လာတဲ့   ရေလမ်းတွေက အများကြီးရှိတယ်။ အဲဒီ   ရေဝင်တဲ့လမ်းတွေ အများကြီးထဲက နှစ်တွေကြာလာလို့ ကောသွားတာက တစ်ပိုင်း၊ အမှိုက်တွေပစ်တာက တစ်ပိုင်း၊ နောက်ပြီးတော့ ခုနက   မြေတွေဖို့ လိုက်တာက တစ်ပိုင်း၊ လမ်းကို ကူးရမယ်။ လမ်းကို ကူးရမယ်ဆိုတော့ တံတားထိုးရမယ်။ တံတားမထိုးချင်ဘူး။ တံတားမထိုးချင်တော့ ဘာလုပ်လိုက်လဲ ဆိုတော့   မြေဖို့ ပစ်လိုက်တယ်။ မြေဖို့လိုက်တော့ သူ့အိမ်ထဲကိုတော့ လူဝင်လို့ရသွားတယ်။ သို့သော် ကန်ထဲကို ဝင်တဲ့ရေတွေက မဝင်တော့ဘူးပေါ့ အဲဒါ ရေဝင်တဲ့လမ်းတွေ ပိတ်သွားရတဲ့ အကြောင်းအရင်းပေါ့။ (၂) သစ်တောပြုန်းသွားတာပါ။”

ဟိုအရင်တစ်ချိန်ကတော့ ဒီဒေသကို စော်ဘွားတွေ အုပ်ချုပ်ခဲ့ကြတယ်။ စော်ဘွားရဲ့ ဦးဆောင်မှုနဲ့ နှစ်စဉ်နှစ်တိုင်း ပုန်းတလုတ်ကန်ကို စုပေါင်း ဆည်ယူခဲ့ကြတယ်။ ကိုယ့်အိမ်ရှေ့ မြောင်းတွေကို ကိုယ်တိုင် တူးဖော်ခဲ့ကြရတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဒေသက အမြတ်တနိုးထားရတဲ့ အရာတွေကို ထိန်းသိမ်းခဲ့ကြတယ်။ ခုတော့ ခေတ်စနစ်တွေ ပြောင်းလာတာနဲ့အမျှ လူတွေရဲ့ မသိ နားမလည်မှုတွေဟာ အနာဂါတ်ကိုတောင် စိန်ခေါ်နေပါပြီ။ ပြီးခဲ့တဲ့ နွေမှာ ဖြစ်ခဲ့တဲ့ ကန်ရေ အကြီးအကျယ် ခန်းခြောက်မှုဟာ ဒေသခံပြည်သူတွေကို သတိပေးလိုက်ပါပြီ။ ဒါကြောင့် အစီအစဉ်တွေချမှတ်ပြီး ပုန်းတလုတ် ကန်ကြီးကို စနစ်တကျ ကာကွယ်ဖို့ ကြိုးစားနေကြပါပြီ။ လူကြီးလူငယ်မရွေး အားလုံးဟာ တက်တက်ကြွကြွနဲ့ ပုန်းတလုတ်ကန်ထဲက နုန်းတွေကို ဆည်ယူခဲ့ကြတယ်။ ပုန်းတလုတ်ကန်ထဲကို   ရေဝင်မယ့်လမ်းတွေကို ပြန်ဖော်ခဲ့ကြတယ်။ ကန်ထဲကို ရေသွင်းဖို့အတွက် နည်းလမ်းရှာခဲ့တယ်။ ကန်ပတ်ပတ်လည်မှာ   ရေကိုထိန်းပေးမယ့်   ရေသဖန်းပင်နဲ့ ရေမည်းပင်တွေ   ပြန်စိုက်ခဲ့ကြတယ်။

ပုန်းတလုတ်ကန် ဆည်ယူရေး ပြုပြင်ထိန်းသိန်းရေး ဘယ်လိုလုပ်ခဲ့ကြရသလဲ။

ဒေါက်တာ သန်းမင်းထွဋ်

ပုန်းတလုတ်ကန်ထဲက နှုံန်းက မြေကျင်းပေါင်း ၁၂၀၀၀ လောက် ဖယ်ထုတ်လိုက်ရတယ်။ အဲဒီပမာဏက နည်းတာတော့ မဟုတ်ပါဘူး။ မြေကျင်းပေါင်း ၁၂၀၀၀ လောက်ကို ဘက်ဘိုး ၅ စီး ဘူဒိုစာ ၂ စီး မြေသယ်ယဉ်ပေါင်း မြောက်များစွာနဲ့ သယ်ထုတ်လိုက်တဲ့အခါ အောင်မြင်စွာနဲ့ ဖယ်ထုတ်လို့ ပြီးခဲ့ပါပြီ။ ကန်ရေကလည်း အခု ကြည့်လိုက်လို့ရှိရင် လှလှပပ ဖြစ်သွားပါပြီ။ အခုဆို ရေဝင်လမ်းတွေ အကုန်လုံးကိုလည်း ပြန်ဖောက်လိုက်ပါပြီ။ အခုလောလောဆယ် မိုးရွာရင်တော့ ကန်ထဲကို ရေဝင်လာတော့မယ်။ ဝင်လည်း ဝင်နေပါပြီ။ သို့သော် ခုနကပြောသလိုပဲ ၈၅ ဧကကျယ်တဲ့ ပုန်းတလုတ် ကန်ကြီးကို တစ်ပေ တက်ဖို့ဆိုရင်တောင် တော်တော်ကို အရှိန်ယူရမှာပါ။ လောလောဆယ်က ၈ ပေလောက် တက်စေချင်တယ်ဆိုလို့ရှိရင်တော့ မလွယ်ပါဘူး။ မိုးက တော်တော်ကြီး ရွာမှသာလျင် ကန်ထဲကို ရေက ဝင်လာမှာပါ။ အဲတော့ ဒါက ဒုတိယအဆင့် ပြီးပြီ။ တတိယအဆင့်က ဇော်ဂျီရေထွက်ကနေပြီး ဒီထဲကို ရေသွယ်ဖို့လုပ်တယ်”

မဇ္ဈိမ

ဇော်ဂျီရေထွက်ဟာ ပင်းတယမြို့ရဲ့ အသည်းနှလုံးတွေထဲက တစ်ခုအပါအဝင်ပါ။ အခုမြင်နေရတဲ့ ရေတွေဟာ ကျောက်တောင် ကျောက်ကြားတွေကနေ သဘာဝအတိုင်း စိမ့်ထွက်နေပါတယ်။ ရေထွက်နှုန်း အင်မတန်ကောင်းတယ်လို့လည်း ဆိုပါတယ်။ ဒီရေတွေဟာ မကြာခင်မှာပဲ ပုန်းတလုပ်ရေကန်ထဲကို စီးဝင်လာကြတော့မှာပါ။

ဇော်ဂျီရေထွက်ကို သွားဖို့အတွက် ပင်းတယမြို့ကနေ နောက်ထပ် နာရီဝက်လောက် ကားစီးသွားရဦးမှာပါ။ အဲဒီနေရာကို   ဇော်ဂျီရေထွက်လို့ ခေါ်ရတဲ့ အကြောင်းအရင်းကတော့   ရှေးဟောင်း ရာဇဝင်လာ  ဇော်ဂျီနဲ့ ရှင်မီယောဆိုတဲ့ မင်းသမီးတစ်ပါးကြောင့်ပါ။

ဒီဇာတ်လမ်းဟာ ပင်းတယမြို့ရဲ့ ရွှေဥမင်လှိုဏ်ဂူ ပုန်းတလုတ်ကန်တွေနဲ့လည်း ဆက်စပ်နေပါတယ်။ ရာဇဝင်စာအုပ်တွေထဲမှာ ရေးသားချက်အရတော့ ကုမ္မာဘရမင်းသားနဲ့ ဂဠုန်၊ ပင်းကူ၊ ဘီလူး၊ ဇော်ဂျီ ဘဝအမျိုးမျိုးပြောင်းပြီး လက်စားချေတဲ့ ဇာတ်လမ်းထဲ ရှင်မိယောဆိုတဲ့ မင်းသမီးလေးလည်း ပါဝင်လာပါတယ်။ ဇော်ဂျီဟာ ရှင်မိယော မင်းသမီးလေးကို ခိုးယူသွားပြီး ဒီနေရာလေးမှာ ခေတ္တ နားခဲ့ကြတယ်။ မင်းသမီးက ဇော်ဂျီကို မာယာနဲ့ လှည့်ဖြားပြီး ရေအိုင်ထဲက ရေတွေကို နှုတ်နဲ့ငုံပြီး ယူဆောင်လာပေးဖို့ ပြောတယ်။ ပြီးတော့ ဇော်ဂျီကို ရေကန်ထဲ တွန်းချတယ်။ ဇော်ဂျီက မန်းမှုတ်လိုက်လို့   ရေတွေ ခန်းခြောက်သွားတယ်။ မင်းသမီးက ထမီနဲ့အုပ်လို့ ဇော်ဂျီကလည်း ရေနစ် သေတော့တယ်။ ဒါကြောင့် ဒီနေရာကို ဇော်ဂျီချောင်းလို့ ခေါ်ခဲ့ကြသလို ဇော်ဂျီရေထွက် တောင်ထွက်ကုန်းပေါ်မှာ ရှင်မိယော မင်းသမီးလေး ခေတ္တနားခဲ့တာကို အစွဲပြုပြီးတော့ ရှင်မိယောကုန်းလို့လည်း ခေါ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly