မောင်တောခရိုင်တစ်ခုလုံးကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်

မောင်တောခရိုင်တစ်ခုလုံးကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်

စစ်တွေ၊ အောက်တိုဘာ ၁၄ ရက်။              ။  ရခိုင်နယ်စပ်ဒေသ မောင်တောခရိုင်တွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စုံစမ်းသိရှိရသော သတင်းအချက်အလက်များကို အခြေခံကာ ခရိုင်တစ်ခုလုံးကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်လိုက်ဖြစ် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

ယင်းပြောကြားမှုကို ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီက စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်   တွေ့ဆုံစဉ်တွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေးကို တက်ရောက်ခဲ့သော ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ယခုလို ပြောသည်။

“ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အစည်းအဝေးမှာ ပြောကြားခဲ့တယ်။ ဘယ်လိုဘာတွေ ဆောင်ရွက်မှာကို အသေးစိတ်တော့ မပြောခဲ့ပါဘူး။ အခု အဲဒီဘက်က ဖမ်းမိတဲ့ အကြမ်းဖက်တိုက်ခိုက်သူတွေကိုလည်းပဲ ဂျနီဗာကွန်းဗေးရှင်း နိုင်ငံတကာ ဥပေဒတွေနဲ့အညီ ဆောင်ရွက်သွားဖို့နဲ့ အကြမ်းဖက်မှုကို နှိမ်နင်းရာမှာလည်း ဥပဒေများနဲ့အညီ ဆောင်ရွက်သွားမှာလို့ ပြောပါတယ်။”

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဖေမြင့် ဦးဆောင်သော ပြည်ထောင်စု ဝန်ကြီးများအဖွဲ့သည် ရခိုင်ပြည်နယ်ကို အောက်တိုဘာ ၁၁ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး မောင်တောခရိုင်သို့ သွားရောက်ခဲ့ကာ မြေပြင်အခြေအနေများကို လေ့လာခဲ့သည်။

ယင်းအပြင် ဖမ်းဆီးရမိသော အကြမ်းဖက်တိုက်ခိုက်သူများကို စစ်ဆေးမေးမြန်းချက်များအရ ဇစ်မြစ်နှင့် ရည်ရွယ်ချက်များကိုလည်း သိရှိနေပြီ ဖြစ်သောကြောင့် ပြည်ထောင်စု ဝန်ကြီးများအဖွဲ့သည် သတင်းစာရှင်းလင်းပွဲတရပ် ခေါ်ယူကာ ရှင်းလင်းသွားမည် ဖြစ်ကြောင်းလည်း ယနေ့ စစ်တွေတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးအရ သိရသည်။

မောင်တောခရိုင်အတွင်း အကြမ်းဖက်တိုက်ခိုက်သူများ ခိုလှုံနိုင်သည့် နေရာများသို့ လုံခြုံရေးအများအပြား တိုးချဲ့ထားပြီး ရေပြင်၊ ဝေဟင်ကပါ ပိတ်ဆို့မှုများကို ဆောင်ရွက်နေကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချူပ် အောင်စိုးက ပြောသည်။

လက်ရှိအချိန်တွင် မောင်တောခရိုင်ကို စစ်ဆင်ရေး နယ်မြေအဖြစ် ဆောင်ရွက်နေမှုအပေါ် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်းများက ထောက်ခံကြိုဆိုသော်လည်း   ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်မှုများ ရှိနေကြသည်။

“ရခိုင်တွေက အကုန်လုံး ထွက်ပြေးနေကြတဲ့အတွက် ဘယ်သူမှ မကျန်တော့ရင်လည်း ကိစ္စမရှိဘူး တပ်မတော်က တာဝန်ယူတဲ့ ဆိုတဲ့ သဘောမျိုးတော့ မဖြစ်စေလိုပါဘူး။ ဒေသ တည်ငြိမ်မှုလည်း ဆောင်ရွက်ရမှာ ဖြစ်သလို အဲဒီဘက်က ဒေသခံတွေအတွက်လည်း နေရပ်စွန့်ခွာမှုတွေ ပြုလုပ်စရာမလိုလောက်အောင် အာမခံချက်တွေ ပေးနိုင်ဖို့ လိုအပ်ပါတယ်။” ဟု ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁ နာရီခွဲက စတင်ခဲ့သော မောင်တော အကြမ်းဖက်တိုက်ခိုက်မှုသည် ယနေ့အချိန်ထိ ထိတွေ့ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ပြီး ထောင်နှင့်ချီသော ရခိုင်တိုင်းရင်းသားများသည် စိုးရိမ်ကြောက်လန့်မှုကြောင့် ဘေးကင်းရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေပြီး ဘူးသီးတောင်မြို့နယ်တွင် ဒုက္ခသည်စခန်းများ ဖွင့်လှစ်ထားရှိရသည်အထိ အခြေအနေ ရောက်ရှိလာသည်။

မောင်တောခရိုင်ကို စစ်ဆင်ရေးနယ်မြေအဖြစ် ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို မေးမြန်းနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ယနေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ထိ တယ်လီဖုန်း အကြိမ်ကြိမ် ခေါ်ဆို ဆက်သွယ်ခဲ့သော်လည်း "အစည်းအဝေးခန်းသို့ ရောက်ရှိနေသဖြင့် နောက်မှ ပြန်လည်ခေါ်ဆိုရန်" တယ်လီဖုန်း လက်ခံသူမှ ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly