အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့နှင့် UPWC တို့ ရန်ကုန်၌ ဇူလိုင် ၂၂ ရက်တွင် တွေ့မည်

အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့နှင့် UPWC တို့ ရန်ကုန်၌ ဇူလိုင် ၂၂ ရက်တွင် တွေ့မည်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Woodfield Resort ၌  ဇူလိုင် ၁၅ ရက် ၁၁ နာရီတွင် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (Senior Delegation-SD)နှင့် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)တို့  အကြိုညှိနှိုင်းဆွေးနွေးနေစဉ်။ ဓါတ်ပုံ -ဖနိဒါ

အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့နှင့် UPWC တို့ ရန်ကုန်တွင် ဇူလိုင် ၂၂ ရက်၌ တွေ့မည်

ဖနိဒါ

ချင်းမိုင်၊ ဇူလိုင် ၁၅

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (Senior Delegation-SD)နှင့်  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) တို့ လာမည့် ဇူလိုင်လ ၂၂ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံရန် ဇူလိုင် ၁၅ ရက် အစည်းအဝေးတွင် သဘောတူညီခဲ့ကြသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း (NCA)ကို အချောသတ်ဆွေးနွေးနိုင်ရေးအတွက် ရန်ကုန်မြို့တွင် လာမည့် ဇူလိုင်လ ၂၂ ရက်တွင် တွေ့ဆုံဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့သည်ဟု နှစ်ဖက် ခေါင်းဆောင်များက  ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Woodfield Resort တွင် ပြုလုပ်သည့်  အစည်းအဝေးအပြီး သတင်းထောက် များကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် နော်စီဖိုးရာစိန် ဦးဆောင်သော ကိုယ်စား လှယ်များနှင့်  မြန်မာ့ငြိမ်းချမ်းရေး စင်တာ (MPC)  မှ ဦးလှမောင်ရွှေ ဦးဆောင်သော ကိုယ်စားလှယ် လေးဦးတို့ အကြို  ညှိနှိုင်းဆွေးနွေးမှုအပြီး သဘောတူညီခဲ့ခြင်း ဖြစ်သည်။  

MPC ၏ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက  “ကျွန်တော်တို့ အလုပ်အဖွဲ့အနေနဲ့ အစိုးရအဖွဲ့က ဝန်ကြီး ဦးအောင်မင်းနဲ့ SD တို့ ဇူလိုင်လ ၃ ရက်၊ ၄ ရက်မှာ ဆွေးနွေးတာ ရှိပါတယ်။ အဲဒီဆွေးနွေးတာတွေကို ကျွန်တော်တို့ အလုပ်အဖွဲ့က ဝန်ကြီးတို့ အကြောင်းပြန်တဲ့ဟာတွေ လာတင်ပြပါတယ်။ နောက်ပြီးတော့ နှစ်ဖက်နဂိုကတည်းက သဘောတူထားခဲ့တဲ့။ တရားဝင်ဆွေးနွေးပွဲကို ရန်ကုန်မှာ လုပ်နိုင်မဲ့ ရက်ကို ညှိနှိုင်းလို့ ရတာ ၂၂ ရက်နေ့ကို ရန်ကုန်မှာဆွေးနွေးပွဲစပါမယ်”ဟု ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC)နှင့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်တို့ ဇူလိုင်လ ဆန်းပိုင်းက သဘောတူညီထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း အပေါ် ပြင်ဆင် ဖြည့်စွက် ထားသည့် အချက် ၁၂ ချက်ကိုလည်း  အစည်းအဝေးတွင်  ညှိနှိုင်းဆွေး နွေးခဲ့ပြီး ယနေ့ ဆွေးနွေးချက်များကို လာမည့် အစည်း အဝေးတွင် ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း SD ခေါင်းဆောင် နော်စီဖိုးရာစိန်က ပြောသည်။

ဇူလိုင်လဆန်းက ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များ လာရောက်ဆွေးနွေးခဲ့သော NCA အပေါ် ဆက်လက်ဆွေးနွေးနိုင်ရေး၊  အားလုံးပါဝင်ရေး၊ နှစ်ဖက် ခေါင်းဆောင်များ လက်မှတ်ရေးထိုးမည့် ပုဂ္ဂိုလ် စာရင်းနှင့်  နိုင်ငံတကာ အသိသက်သေ လက်မှတ်ရေးထိုးရန် ဟူသော ခေါင်းစဉ် လေးခုကို ဆွေးနွေးခဲ့သည်ဟု ဦးလှမောင်ရွှေက ပြောသည်။

၎င်းက “ဒီအချက် လေးချက်မှ အချက် ၁ နဲ့ ၂ က ညှိနှိုင်းနိုင်တဲ့ အချက်တွေ ဖြစ်တယ်။ ဒီနေ့လည်း ကျွန်တော်တို့ အလုပ် အဖွဲ့ကတော့ ဆွေးနွေးပြီးတဲ့အခါ တရားဝင် ဆွေးနွေးနိုင်ဖို့ ချောမွေ့ဖို့၊ ဆရာမတို့ အခုထပ်ပြီး ဆွေးနွေးထားတာတွေ ကိုလည်း ကျွန်တော်တို့က လာပြီးယူတယ်။ ကျွန်တော်တို့ ဘက်က ဆွေးနွေးထားတဲ့ သဘောထား တချို့ကိုလည်း တင်ပြခဲ့တယ်ဆိုတဲ့သဘောဘဲ”ဟု ပြောသည်။  

ယနေ့ အစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း (NCA) လက်မှတ်ရေး ထိုးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့သာ ပါဝင် လက်မှတ်ရေးထိုးရန် လက်ခံပြီး တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ပလောင်ပြည်လွတ်မြောက်ရေးပါတီ(PSLF) အပါအဝင် ၆ ဖွဲ့ကို အစိုးရဘက်မှ လက်မခံကြောင်း MPC ဘက်မှ တင်ပြခဲ့သဖြင့် အားလုံး ပါဝင်ရန် ဆက်လက် ညှိနှိုင်းသွားမည်ဟု PSLF ဥက္ကဌ မိုင်းအိုက်ဘုန်းက ပြောသည်။

၎င်းက “ပထမ အကြိုညှိနှိုင်းဆွေးနွေးပွဲထဲမှာလည်း ဝန်ကြီး ဦးအောင်မင်းက ၁၄ အပေါင်း ၁ ပေါ့။ ဆိုလိုတာက အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေအပြင် ကေအိုင်အိုကိုလည်း လက်ခံပြီးတော့ အန်စီအေ ကို လက်မှတ်ထိုးမယ်။ ကျန်တဲ့အဖွဲ့တွေက နည်းလမ်းရှာမယ်။ ဒါက အစိုးရဘက်က ရပ်တည်ချက် ပေါ့။ ဒီနေ့လည်း ဒုတိယအကြိမ် ဆွေးနွေးပွဲမှာလည်း ဒီအတိုင်းဘဲ သူတို့သဘောထားကို ထပ်ပြီးတော့ ၁၅ ဖွဲ့ကို ထပ်ပြီးတော့ ပြောတယ်။ ကျွန်တော်တို့ဘက်ကတော့ အန်စီအေ စဖြစ်ကတည်းက ဒီနေ့ထိ တောက်လျှောက် ပါဝင်ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ အားလုံးပါဝင်ရေး မူကို ကိုင်ဆွဲထားတယ်”ဟု မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ အားလုံးပါဝင်ရေးမူကို စွဲကိုင်ထားပြီး ဆက်လက် ဆွေးနွေးရန် လိုအပ်နေသည်ဟု SD ၏ ဒုတိယခေါင်းဆောင် ဒေါက်တာလဂျာက သတင်းထောက်များကို ပြောဆိုခဲ့သည်။

၎င်းက “ကျနော်တို့ဘက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးရဲ့ ထိပ်သီးအစည်းအဝေးကနေ ချမှတ်တဲ့ အားလုံးပါဝင်ရေးကို ဆက်ကြိုးစားရမှာဖြစ်တယ်။ အစိုးရဘက်လည်း  ၁၄ အပေါင်း ၁ ဆိုပေမဲ့ သူတို့ တဖက် အဆိုပြုချက်သာ ဖြစ်ပါတယ်။ ဆိုတော့ ဒါက အားလုံးပါဝင်ရေးမူ ကလည်းဘဲ နှစ်ဖက် ညှိနှိုင်းဆွေးနွေးပြီးတော့ ပေါ်လာတဲ့ အဖြေသာလျှင် အတည်ဖြစ်မယ်”ဟု  ပြောသည်။

အစိုးရ အနေဖြင့် အပစ်ရပ် လက်မှတ်ထိုးထားသည့် ၁၄ ဖွဲ့နှင့် ကေအိုင်အိုတို့ကို လက်ခံပြီး လားဟူဒီမိုက ရက်တစ်ပါတီ(LDP)၊ ဝ အမျိုးသားအဖွဲ့အချုပ်(WNO)၊ ရခိုင်အမျိုးသားကောင်စီ(ANC)၊ ရခိုင်တပ်မတော်(AA)၊ ပလောင်ပြည်လွတ်မြောက်ရေးပါတီ (PSLF)နှင့် ကိုးကန့်အဖွဲ့(MNDAA)တို့အား အစိုးရဘက်မှ လက်မခံ သေးခြင်း ဖြစ်သည်။

ယနေ့ အစည်းအဝေးမှ ဆွေးနွေးနိုင်သည့်အချက်များကို ဝန်ကြီး ဦးအောင်မင်းထံ ပြန်လည် အကြောင်းကြားပြီး လိုအပ်ပါက လာမည့် ဇူလိုင်လ ၁၇၊ ၁၈ ရက်များတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဝန်ကြီး ဦးအောင်မင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထပ်မံ တွေ့ဆုံဆွေးနွေးကြမည်ဟု ဦးလှမောင်ရွှေက ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ DKBA တို့နှင့် အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ လည်း လာမည့် ရန်ကုန် ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် အစိုးရနှင့် အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ‘ဝ’ သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) ၊ ရခိုင်ပြည် လွတ်မြောက် ရေးပါတီ (ALP) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags