လမ်းဘေးစျေးသည်များကို စျေးရောင်းချခွင့် လိုင်စင်ထုတ်ပေးပြီး စျေးရောင်းချရန်နေရာ သတ်မှတ်ပေးမည်

လမ်းဘေးစျေးသည်များကို စျေးရောင်းချခွင့် လိုင်စင်ထုတ်ပေးပြီး စျေးရောင်းချရန်နေရာ သတ်မှတ်ပေးမည်
ရန်ကုန်မြို့ ၃၈ လမ်းရှိ လမ်းဘေးပျံကျဈေးသည်များအား မေလ ၂၉ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ -မဇ္ဈိမ

ရန်ကုန်၊ အောက်တိုဘာ ၁၄ ။          ။ ရန်ကုန်မြို့တွင်း ၆ မြို့နယ်၏ အများပြည်သူပိုင်မြေနှင့် လမ်းမများပေါ်တွင် ရောင်းချနေသည့် လမ်းဘေးဈေးသည် အား လုံးကို ဈေးရောင်းချခွင့် လိုင်စင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ဈေးရောင်းချရန် နေရာသတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောဆိုလိုက်သည်။

အောက်တိုဘာ ၁၄ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းလွှတ်တော် တတိယပုံမှန် အစည်းအဝေး(နဝမနေ့)တွင် လသာမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်၏ "လမ်းဘေးဈေး သည်များကို အခွန်အခပေးဆောင်စေပြီး လိုင်စင်များ ချမှတ်ပေးကာ စနစ်တကျ ရောင်းချစေရန် တိုင်းဒေသကြီးအစိုးရမှ လုပ်ဆောင်ပေးမည့် အစီအစဉ် ရှိမရှိ" မေးခွန်းကို ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

"သတ်မှတ်တဲ့ အခွန်အခတွေ ကောက်ခံပြီးတော့ စနစ်တကျ တည်ခင်းရောင်းချခွင့် ပေးပါမယ်။ ရောင်းချဖို့ နေရာတွေ လည်း သတ်မှတ်ထားပါတယ်၊ ဒီနေရာတွေကလည်း များသောအားဖြင့် အများပြည်သူပိုင် နေရာတွေပဲဖြစ်ပါတယ်" ဟု ဦးမောင်မောင်စိုးက ပြောသည်။

ဈေးသည်များကို မှတ်ပုံတင် စာရင်းသွင်းနိုင်ဖို့ ဇူလိုင်လ ၁၀ ရက်နေ့က စပြီးစာရင်းကောက်ခံလျက်ရှိနေပြီး ပြောင်းရွေ့ချထားပေးမည့် နေရာများကို လျှပ်စစ်မီးနှင့် ရေ ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေပြီး ဖြစ်ကြောင်း ဦးမောင်မောင်စိုးက လွှတ်တော်တွင် ဖြေကြားသွားခဲ့သည်။

ထို့အပြင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကလည်း လမ်းဘေး ဈေးသည်များ အဆင်ပြေအောင် တိုင်းဒေသကြီးက ပိုမိုကောင်းမွန်သည့် အစီအစဉ်များ လုပ်ကိုင်ပေးဖို့ တိုက်တွန်း ကြောင်း အဆိုကို လွှတ်တော်သို့တင်သွင်းခဲ့သည်။

"အစ်မတို့ ဆီမှာဆိုရင် လိုင်စင်နဲ့စနစ်တကျပုံစံမျိုးကို လုပ်မယ်။ အဲ့ဒါဆို တစ်ဖက်ကလည်း တိုင်းပြည် ဘဏ္ဍာရမယ်။ တစ်ဖက်ကလည်း လိုင်စင်မရှိဘဲ ဈေးရောင်းရင် ဘယ်လိုပုံစံနဲ့ အရေးယူမလဲ ဆိုတာမျိုးလည်း စနစ်တကျဖြစ်ဖို့ အ တွက်ဆိုရင် လိုပါတယ်။ စနစ်တကျဖြစ်ဖို့ လိုင်စင်နဲ့ကတော့ အကောင်းဆုံးပါပဲ" ဟု ဒေါ်ကြည်ပြာက လွှတ်တော်အပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ဖြေကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly