အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရေစုန်မျောတော့မည်လော

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရေစုန်မျောတော့မည်လော

မြန်မာနိုင်ငံရဲ့ ကမ္ဘာကျော်ပြဿနာများထဲမှာ အဂတိလိုက်စားမှုပြဿနာလည်း တစ်ခုအပါဝင်ဖြစ်ပါတယ်။ ထိပ်တန်းကပါတဲ့ ပြဿနာလို့တောင်မှ ပြောနိုင်ပါတယ်။

အဂတိလိုက်စားမှုဟာ တစ်နှစ် နှစ်နှစ်အတွင်းမှ ဖြစ်လာတာမဟုတ်ဘဲ နှစ်ပေါင်းများစွာ ဖြစ်တည်လာခဲ့တာဖြစ်လို့ ဖြေရှင်းတဲ့အခါမှာလည်း မလွဲမသွေ အချိန်ယူမှာလည်းဖြစ်ပါတယ်။ အဂတိလိုက်စားမှု ဖြစ်လာရခြင်းအကြောင်းရင်းတွေကလည်း အကြောင်းရင်းတစ်ချက်တည်းမဟုတ်ဘဲ အခြေခံအကြောင်းရင်း များစွာရှိပါတယ်။ ဥပမာ  ဝင်ငွေနည်းပါးပြီး စားဝတ်နေရေး မချောင်လည်မှု၊ ကိုယ်ကျင့်သိက္ခာထိန်းသိမ်းဖို့ရာ အားနည်းမှု အစရှိတဲ့ အကြောင်းအချက်တွေဖြစ်ပါတယ်။ ဒီလိုအချက်တွေကြောင့်ပဲ အဂတိလိုက်စားမှုကို တိုက်ဖျက်မယ်ဆိုရင် မလွဲမသွေ အချိန်ယူရမှာ ပိုပြီး သေချာစေပါတယ်။

တခါ အဂတိလိုက်စားမှုဖြစ်ရခြင်း အခြေခံအချက်တွေဟာ တစ်ခုနဲ့တစ်ခုကလည်း သီးခြားစီ ဖြစ်ပေါ်လာတာမျိုး မဟုတ်ပါဘူး။ တစ်ခုနဲ့တစ်ခု တနည်းနည်းနဲ့ ဆက်စပ် ဆက်နွယ်နေကြတာဖြစ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်တဲ့အခါ တစ်ခုချင်းစီခွဲတွေး စဉ်းစား ဆုံးဖြတ်ရင် လွဲနိုင်ပါတယ်။ ဆက်စပ်ခြုံငုံစဉ်းစား ဖြေရှင်းရမယ့်ကိစ္စဖြစ်ပါတယ်။

အဂတိလိုက်စားမှုဆိုတာ နိုင်ငံရေး လူမှုရေးအရကြည့်ရင် အလျားလိုက်သဘောထက် ဒေါင်လိုက်သဘောက အဓိကဖြစ်ပါတယ်။ ဥပမာ ရုံးတစ်ရုံးမှာ ရုံးရဲ့ အမြင့်ဆုံးတာဝန်ရှိသူက အဂတိမလိုက်စားသူဖြစ်ရင် ဒါမှမဟုတ် အဂတိလိုက်စားသူကို မှန်ကန်စွာ အရေးယူသူဖြစ်မယ်ဆိုရင် အဲဒီရုံးမှာ အဂတိလိုက်စားမှုအခြေအနေဟာ အလွယ်တကူဖြစ်လာစရာ အကြောင်းနည်းပါးမှာပါ။ အကယ်၍ အဲဒီရုံးရဲ့ ထိပ်ဆုံးတာဝန်ရှိသူကိုယ်တိုင်က အဂတိလိုက်စားသူဖြစ်ပြီဆိုရင်တော့ တရုံးလုံး တစ်စတစ်စ အဂတိလိုက်စားသူဖြစ်လာကုန်မှာ ဖြစ်နိုင်ချေပိုများသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အဂတိလိုက်စားမှုဟာ ဒေါင်လိုက်သဘောဖြစ်တယ်လို့ ဆိုလိုတာပါ။ ဒီနေရာမှာ အဂတိလိုက်စားမှု ဒေါင်လိုက်ကြောင့်ပဲဖြစ်စေ အလျားလိုက်ကြောင့်ပဲဖြစ်စေ အဂတိလိုက်စားမှုအခြေအနေ ကြီးမားလာတဲ့အချိန်ကြာလာပြီဆိုရင်တော့ အဂတိလိုက်စားမှု ကူးစက်ပျံ့ပွားဖြစ်တည်မှုနည်းလမ်းတွေဟာ ပိုမိုရှုပ်ထွေးလာစေပြီး ဘယ်က အစဆွဲထုတ်ရမယ်ဆိုတာ မသိနိုင်လောက်အောင် ရှုပ်ထွေးသည်ထက် ရှုပ်ထွေးလာစေမှာကလည်း အသေအချာပါပဲ။

ဘယ်လိုပင်ဖြစ်စေ အဂတိလိုက်စားမှုပြဿနာကို ဖြေရှင်းမယ်ဆိုရင် ပင်စည်ပင်မအဓိကအကြောင်းရင်းကို အရင်ရှာပြီး မှန်ကန်စွာ ဖြေရှင်းနိုင်မယ်ဆိုရင် အကိုင်းအခက်တွေဟာ အချိန်နဲ့အမျှ ခြောက်သွေ့နည်းပါးသွားမှာဖြစ်ပါတယ်။

အဂတိလိုက်စားမှုဟာ ပြည်သူတွေကို မြေနိမ့်ရာလံှစိုက် လဲရာသူခိုးထောင်း ဆိုသလို ဒုက္ခထပ်ပေးရာရောက်စေတဲ့သဘော ဆင်းရဲသားလူထုကို ပိုပြီးနလံမထူအောင် ဖြစ်စေတဲ့ ပြဿနာဖြစ်ပါတယ်။ လူထုကို ကူညီရမယ့်အစား ဒုက္ခတွင်းနက်သထက်နက်အောင် ဖြစ်စေတဲ့ ပြဿနာဖြစ်ပါတယ်။

ဒီကြားထဲ အဂတိလိုက်စားမှု ကြီးမားကြာမြင့်လာတဲ့အခါ ဝန်ထမ်းတွေ တာဝန်ရှိသူတွေဟာ ပြည်သူကို ကူညီကြရမယ့်အစား ပြည်သူကို မလေးစား၊ ပြည်သူကို အထင်သေး၊ ပြည်သူဟာ သူတို့အတွင်း ရွှေတွင်းငွေတွင်း ရတနာတွင်းတစ်ခုလို သဘောထားဆက်ဆံလာကြပြီး ဘုရားကားအောက် မျောက်ကားအထက် ဆက်ဆံရေးမျိုးတွေဖြစ်လာကြမှာကလည်း အသေအချာပါပဲ။

ဒါကြောင့်မို့ ဒီမိုကရေစီအစိုးရဆိုတာ အဂတိလိုက်စားမှုကို အောင်မြင်အောင် ဖယ်ရှားဖို့ မလွဲမသွေလိုအပ်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟာ ဒီမိုကရေစီအစိုးရရဲ့ မဟာတာဝန်လည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လတ်တလောကြားရ သိရတဲ့အချက်တွေအရတော့ အဂတိတိုက်ဖျက်ရေးလုပ်ငန်းဟာ လူရယ်စရာဖြစ်ရလောက်အောင် မထိမရောက် မအောင်မမြင်ဖြစ်နေပြီလားလို့ မေးရမလိုပါပဲ။

မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ ၃၂ လအတွင်း တိုင်ကြားစာ ၂၄၀၀ နီးပါးရရှိခဲ့သည်ဆိုသော်ငြားလည်း အဲဒီ အချိန်ကာလအတွင်း ၂၃ မှုကိုသာ စုံစမ်းစစ်ဆေးမှု   ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အရေးယူအပြစ်ပေးမှုကလည်း လက်ချိုးရေလို့ပင် ရတယ်လို့ သိရပြန်ပါတယ်။ ဒါဟာ ၂၀၁၄ ခု မတ်လ ၁၀ ရက်မှ ၂၀၁၆ ခု စက်တင်ဘာလ ၃၀ ရက်နေ့အထိ စာရင်းများအရ သိရတာပါ။

ဒါကြောင့်မို့ မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကာလရဲ့ အသက်ဝိညာဉ်တစ်ခုဖြစ်တယ်လို့တောင်မှ တင်စားပြောဆိုလို့ရနိုင်တဲ့ အဂတိလိုက်စားမှုပြဿနာကတော့ ဒီအတိုင်းဆိုလျင်   ရေစုန်များ မျောတော့မှာလားလို့ မေးခွန်းထုတ်ရမည်ဖြစ်ပါကြောင်း မဇ္ဈိမက နှိုးဆော်မောင်း ခတ်လိုက်ရပါတယ်။

Mizzima Weekly