ထိုင်းနိုင်ငံ၏ ၀မ်းနည်းကြေကွဲခြင်း ကာလအတွင်း ခရီးသွားများ ထိန်းထိန်းသိမ်းသိမ်း သွားလာနေထိုင်ကြရန် နိုင်ငံခြားသံရုံးများ သတိပေးချက်ထုတ်

ထိုင်းနိုင်ငံ၏ ၀မ်းနည်းကြေကွဲခြင်း ကာလအတွင်း ခရီးသွားများ ထိန်းထိန်းသိမ်းသိမ်း သွားလာနေထိုင်ကြရန် နိုင်ငံခြားသံရုံးများ သတိပေးချက်ထုတ်

အောက်တိုဘာ ၁၄ ။            ။ ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂျ် နတ်ရွာစံကံတော်ကုန်ခဲ့ပြီးနောက် ဝမ်းနည်းကြေကွဲခြင်းကာလ တစ်နှစ်သတ်မှတ်လိုက်သော ထိုင်းနိုင်ငံတွင်   ရောက်ရှိနေသည့် ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ထိုင်းပြည်သူများခံစားနေရသော ကြေကွဲဝမ်းနည်းစိတ်များကို စာနာထောက်ထားပေးကြရန် ယင်းနိုင်ငံရှိ ပြည်ပသံရုံးများက ထုတ်ပြန် တိုက်တွန်းလိုက်သည်။

ကမ္ဘာ့သက်တမ်းအရှည်ဆုံးသော ထိုင်းဘုရင် ဘူမိဘောမှာ ယမန်နေ့ အောက်တိုဘာ ၁၃ ရက်က နတ်ရွာစံသွားခဲ့ပြီဖြစ်ကာ နိုင်ငံတွင် ဝမ်းနည်းကြေကွဲခြင်းကာလ တစ်နှစ်အထိ သတ်မှတ်လိုက်ပြီ   ဖြစ်ကြောင်း  ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထုတ်ပြန်ကြေညာသွားသည်။

အလားတူ ပြည်သူများအနေဖြင့် ရက်ပေါင်း ၃၀အတွင်း ဝမ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင်ကို ဝတ်ဆင်ကြရန်နှင့် ပျော်ပွဲရွှင်ပွဲ အခမ်းအနားများကို ရှောင်ကြရန် ထိုင်းအစိုးရက တိုက်တွန်း ထားသည်။

ဝန်ကြီးချုပ် ပရာယွတ်က နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။ ထိုင်းအစိုးရက အောက်တိုဘာ ၁၄ ရက်ကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အစိုးရ ရုံးပိတ်ရက်အဖြစ် ကြေညာထားခဲ့သော်လည်း ထိုင်းစတော့အိတ်စ်ချိန်းများနှင့် ဘဏ်များမှာမူ ပုံမှန်အတိုင်း လည်ပတ် လုပ်ဆောင်ခဲ့ကြသည်။

ဗြိတိန်၏ နိုင်ငံခြားရေးရာ ရုံးကလည်း ထိုင်းနိုင်ငံတွင် ခရီးသွားလာနေကြသူများအနေဖြင့် ပြည်သူများ၏ စိတ်ခံစားချက်အပေါ် အလေးထားပေးကြရန် တိုက်တွန်းချက်ထုတ်ပြန်ပေးထားသည်။

သာယာလှပသော ကမ်းခြေများ၊ ဗုဒ္ဓဘုရားပုထိုးများ၊ ညဈေးတန်းများဖြင့် စည်ကားလှသော ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်တစ်စုကြာ နိုင်ငံရေးမငြိမ်မသက်မှုများ ဖြစ်ပေါ်ထားခဲ့သော်လည်း ကမ္ဘာ့လှည့် ခရီးသွားများ မျက်စိကျရာ ခရီးသွားနိုင်ငံတစ်နိုင်ငံအဖြစ် ဆက်ရှိနေဆဲဖြစ်ပြီး ယခုနှစ်တွင်လည်း နိုင်ငံသို့ စံချိန်တင်ခရီးသွားဦးရေ ၃၃ သန်းထိ လာရောက်မည်ဟု ထိုင်းအာဏာပိုင် များက   မျှော်မှန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags