မဇ္စျိမရဲ့ Dialouge အစီစဉ်အရ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း (ပညာရေး ပြုပြင်ပြောင်းလဲမှု) - ၅ (နိဂုံးပိုင်း)

မဇ္စျိမရဲ့ Dialouge အစီစဉ်အရ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း (ပညာရေး ပြုပြင်ပြောင်းလဲမှု) - ၅ (နိဂုံးပိုင်း)

ဟုတ်ကဲ့ပါ။ မဖြိုးဖြိုးအောင် ရှေ့မှာ ဆရာလည်း ပြောသွားတာရှိတယ်။ ကျွန်တော်တို့တတွေ ပူးပေါင်းဆောင်ရွက်မှု နည်းတယ်ပေါ့။ မဖြိုးဖြိုးအောင်တို့ လူငယ်တွေအနေနဲ့ရော ပြီးခဲ့တဲ့ ရက် ၁၀၀ မှာ ဘာများ တိုးတက်လာတာတွေ့သလဲ။ အစိုးရနဲ့ပတ်သက်ပြီးတော့ ပညာရေးဝန်ကြီးဌာနနဲ့ လူငယ်တွေကို အရေးပေးသလား ဒါမှမဟုတ်ရင် နေရာပေးတာ ဒါမှမဟုတ်ရင် ခေါ်ယူဆွေးနွေးတာမျိုးတွေ ဘယ်လောက်အထိ ပူးပေါင်းတာတွေ့သလဲ။

မဖြိုးဖြိုးအောင်

ဒီမိုကရေစီအရေးနှင့် ကျောင်းသားအရေး လှုပ်ရှားသူ

ပညာရေးနဲ့ပတ်သက်ပြီးတော့ အချို့ ပြောင်းလဲတာတွေ့ရတယ်။ ဒါပေမယ့် အဲဒီအပြောင်းအလဲတွေက တချို့လုပ်နေတာတွေတော့ ကောင်းတယ်။ ကျောင်းတွေမှာ ကျောင်းသားတွေကို ကူညီဖို့ အဓိကအားဖြင့်တော့ အခြေခံပညာကျောင်းတွေမှာပေါ့။ ကူညီဖို့လုပ်တဲ့ အပိုင်းတွေတွေ့ရတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာလည်း ကျွန်မတို့တိုင်းပြည်မှာ ဖြစ်နေကျ စီမံခန့်ခွဲမှု ညံ့ဖျင်းနေလို့ တကယ်ကို လိုချင်သလောက် ထိရောက်စေချင်သလောက် မထိရောက်တာမျိုးတွေ ကျွန်မတို့ ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံရစဉ်ကာလတုန်းက ဒီသတင်းစာတွေထဲမှာ ပါတာပေါ့ ဥပမာ ဆယ်တန်းစာမေးပွဲ အမှတ်ကနေပြီးတော့ တက္ကသိုလ်ဝင်ခွင့် ရွေးတဲ့ပုံစံကို ပြောင်းမယ်ဆိုပြီးတော့ ကျွန်မတို့တွေ အရမ်းကို ကျေနပ်ကြတယ်။ ဒါ အရမ်းကို ဖြစ်သင့်တဲ့ကိစ္စ ဖြစ်ကိုဖြစ်ထိုက်တယ်။ အစောကြီးကတည်းက ကျွန်မတို့တွေ တောင်းဆိုတဲ့အထဲမှာလဲ မဖြစ်မနေပါတယ်။ ဒါပေမယ့်လည်း တကယ် ကျွန်မတို့ ထောင်ထဲကပြန်ထွက်လာတဲ့အခါမှာ အဲဒီကိစ္စက မဖြစ်တော့ပြန်ဘူးပေါ့နော်။ အရင်လိုမျိုးပဲ အမှတ်နဲ့ပြန်ရွေးတဲ့ ပုံစံပဲ ပြန်ရောက်သွားတဲ့ အနေအထားမျိုးတွေလည်း ရှိတယ်။

ဆိုတော့ တချို့ ပြောင်းဖို့လိုအပ်တယ်ဆိုတာကို သိတယ်။ ပြောင်းဖို့ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။ ပြောင်းဖို့ကြိုးစားနေတာကတော့ ကျွန်မတို့တွေ အမြဲတမ်း ကြိုဆိုနေပါတယ်။ တိုင်းပြည်ပညာရေး ပြုပြင်ပြောင်းလဲဖို့က ဒီနေ့ဒီအချိန်ထိ ကြိုးစားဖို့က လိုကိုလိုအပ်တယ်။ အဲတော့ ပြဿနာက ဘာလဲဆိုတော့ ကျွန်မတို့ အဲဒီလို ပြောင်းဖို့ကြိုးစားတဲ့နေရာမှာ ကျွန်မတို့ ရှေ့မှာပြောခဲ့သလိုပဲ တချို့ နေရာတစ်ခုချင်းစီကို အရင်ပြောင်းဖို့ လိုအပ်တဲ့အတွက်ကြောင့် တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတဲ့အခါကျတော့ အဆင်လုံးဝ မပြေနိုင်ပါဘူး။ ကျွန်မတို့ ပြဿနာကို ဖြေရှင်းတဲ့အခါမှာ ပြဿနာဖြစ်စေတဲ့ အရာအားလုံးကို ဖြေရှင်းမှသာ အဲဒီပြဿနာက ပြေလည်မှာပါ။ တစ်ခုချင်းစ၊ီ ကြိုးစားလို့ကတော့ ပြဿနာတွေက ထပ်ပြီးတော့ လုံးထွေးနေမှာ ဖြစ်တဲ့အတွက် ပြောင်းဖို့ကြိုးစားတယ် ဒါပေမယ့် မဖြစ်တော့ဘူး။ တစ်ခါ နောက်တစ်နှစ် ထပ်ပြန်စောင့်ပေါ့နော်။ အဲသလိုမျိုးပဲ ပြဿနာတွေက လုံးထွေးနေတာပါ။

ခုနက ဆရာမေးတဲ့ မေးခွန်းပေါ်မှာ မူတည်ပြီးတော့ လက်ရှိ အစိုးရသစ်က ပြုပြင်ပြောင်းလဲတာတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း ပြဿနာတွေက တစ်ခုချင်းစီကို   ဖြေရှင်းနေတာဖြစ်တဲ့အတွက်   ပြေလည်ဖို့ကတော့ ခက်ခဲနေတယ်။ လက်ရှိ ရက် ၁၀၀ ကာလမှာပေါ့။ အဲဒီရက် ၁၀၀ အတွင်းမှာ ကျောင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွေကတော့ ကျောင်းနေတဲ့အပိုင်းတွေမှာတော့ တချို့ ပါမောက္ခချုပ်တွေက သမဂ္ဂတွေနဲ့ ထိစပ်မှုတွေ အချို့ လုပ်နေတာတွေ့ရပါတယ်။ အားလုံးတော့ မဟုတ်ဘူးပေါ့နော် ပါမောက္ခချုပ် အနည်းစုပေါ့။ အချို့ပါမောက္ခချုပ်တွေကတော့   ကျောင်းသားတွေနဲ့   ကျောင်းသားတွေရဲ့ အခန်းကဏ္ဍတစ်ခုအထိ ပြန်ပြီးတော့ နားလည်တာတွေရှိတယ်။ နောက်ပြီးတော့ အချို့ ကျောင်းတွေ အရမ်းကို ကံကောင်းတဲ့ကျောင်းတွေမှာဆိုရင်   ကျောင်းသမဂ္ဂ ရုံးခန်းတွေ   ပြုလုပ်လာတာတွေရှိတယ်။ အရင်ကထက်စာရင်တော့ အတိုင်းအတာတစ်ခုအထိ ကျောင်းတွေထဲမှာ ကျောင်းသားတွေနဲ့ ထိတွေ့ဖို့ ကြိုးစားလာတာမျိုးတွေ တွေ့ရပါတယ်။ ဒါပေမယ့် အစိုးရ ပေါ်လစီပိုင်း   ဆွေးနွေးမှုအပိုင်းမှာတော့ အရင်ကထက်စာရင်တော့ နည်းနေတုန်းပါပဲလို့ အဲလောက်ပဲ ကျွန်မ ပြောပါရစေ။

မဇ္ဈိမ

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဆရာ ဒေါ်သူသူမာရေ ကျွန်တော်တို့ ပြန်ပြီးတော့ အားမလိုအားမရတာတွေလည်း ဖြစ်ရတာပေါ့လေ။ အစိုးရက ကျွန်တော်တို့မျှော်လင့်ထားတဲ့ အစိုးရဆိုတော့ အားမလိုအားမရတွေ ဖြစ်လာတဲ့အခါကျတော့ NNER အနေနဲ့ရော ပညာရေး ပြုပြင်ပြောင်းလဲရေးရာ ကွန်ရက်ဆိုတော့ NNER အနေနဲ့ရော ဘာတွေများ ပြောင်းလဲဖို့ ဥပမာပေါ့နော် အစိုး၇ကို တစ်စုံတစ်ရာ Message  ပေးနိုင်တာ တစ်စုံတစ်ရာ လုပ်ပေးနိုင်လား။ ဒါမှမဟုတ်ရင် ဒါလေးတော့ ဖြစ်သင့်တယ်ဆိုပြီးတော့ အကြံပေးတာ အဲဒါမျိုးတွေရော ဆရာမတို့လုပ်သလား။ ဟိုဘက်က အရေးတယူ ဂရုစိုက်တာရှိသလား။ ဒါမှမဟုတ် ပြင်ပေးတာရှိသလား။ အကြံဉာဏ်တွေကို လက်ခံတာရှိသလား။

ဒေါ်သူသူမာ (အဖွဲ့ဝင်)

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)

ဟုတ်ကဲ့ဆရာ။ ကျွန်မတို့ အခုတက်လာတဲ့ အစိုးရက သက်တမ်းက သိပ်မကြာသေးတဲ့အတွက် သူတို့မှာ ရှင်းစရာပြဿနာတွေကလည်း အများကြီး ရှိတယ်ဆိုတာကို ကျွန်မတို့ အများကြီး နားလည်ထားပါတယ်။ ဒါပေမယ့် ကျွန်မတို့ ပထမဦးဆုံး ပြောချင်တာကပေါ့နော် လက်ရှိ အခြေခံကျတဲ့ အပြောင်းအလဲ တကယ့်ကို အဓိက ပြောင်းလဲရမယ့်ဟာတွေ ရှိပါတယ်။ ဥပမာ ခုနကပြောတဲ့ ပညာရေးလွတ်လပ်ခွင့်ပေါ့ ပညာရေးလွတ်လပ်ခွင့်လို့ ပြောတဲ့အခါမှာ အရင်က ဗဟိုချုပ်ကိုင်မှုရှိတဲ့ ပညာရေးစနစ် ဖြစ်နေတဲ့အတွက်ကြောင့်မို့ အခု ဗဟိုချုပ်ကိုင်မှု လျော့ချတဲ့ ပညာရေး ဒါကလည်း ဒီကနေ့ တိုင်းရင်းသား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ တောင်းဆိုနေတဲ့ ဖက်ဒရယ်ကို အခြေခံသော ပညာရေးစနစ်ပဲဖြစ်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်တွေပါတဲ့ ပညာရေးဖြစ်တယ်။ အဲဒါတွေက အခြေခံကျ ပါတယ်။ အဲဒါကိုသွားဖို့အတွက် ကျွန်မတို့မှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။

ဘာလို့လဲဆိုတော့ နှစ်ပေါင်းများစွာ ပိတ်ဆို့တားဆီးထားတဲ့ အခက်အခဲတွေ ရှိတဲ့အတွက် ကျွန်မတို့ ကောင်းကောင်းရှင်သန်ခွင့် မရခဲ့တဲ့အတွက် ကျွန်မတို့မှာ တကယ်တမ်း ပြန်လုပ်လို့ရှိရင် တကယ့်ကို လုပ်စရာတွေအများကြီးနဲ့ အခက်အခဲတွေ အများကြီးရှိတယ်။ ပထမဦးဆုံးလိုချင်တာက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဒီ တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေထဲမှာ ပထမဦးဆုံး   နိုင်ငံရေး ကတိကဝတ်တွေ ပြဌာန်းချင်ပါတယ်။ ဒါဟာ တကယ့်ကို လာမယ့်ပညာရေးစနစ်ဟာ ဒီလိုပညာရေးစနစ်ကို သွားပါမယ်ဆိုတဲ့ နိုင်ငံရေးကတိကဝတ်တွေ အဲဒီအောက်မှာ ခုနက ဗဟိုချုပ်ကိုင်မှု ရှိတဲ့ ပညာရေးကနေ ဗဟိုချုပ်ကိုင်မှု လျော့ချတဲ့ပညာရေး သင်ရိုးညွှန်တမ်းလွတ်လပ်ခွင့် ဆရာလွတ်လပ်ခွင့် ကျောင်းသားလွတ်လပ်ခွင့် ခုနက ကျွန်မတို့ပြောတဲ့ အားလုံးပါဝင်ခွင့်။

နောက်တစ်ခုက ပညာရေး အသုံးစရိတ်ကိစ္စ ဒါမျိုးတွေအားလုံးက ကျွန်မတို့ နိုင်ငံရေးကတိကဝတ် ရှိဖို့လိုပြီလို့ ပြောချင်ပါတယ်။ ဒီဟာတွေအားလုံးက ဆွေးနွေးဖို့ လိုသေးတယ်ဆိုရင်လည်း ကျွန်မတို့ ဆွေးနွေးဖို့ အကြံပေးဖို့ အဆင်သင့်ပါလို့ ပြောချင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ဘက်က အမြဲတမ်း တံခါးဖွင့်ထားပေမယ့် အခု အစိုးရသစ် တက်လာတဲ့အခါမှာ ပညာရေး နှီးနှောဖလှယ်ပွဲတွေ   ဆောင်ရွက်သွားတာ တွေ့ပေမယ့် ကျွန်မတို့ကို တစ်ခါမှ ဖိတ်ကြားခဲ့ခြင်း မရှိခဲ့ပါဘူး။ ကျွန်မတို့ကတော့ အမြဲတမ်း ပူးပေါင်းဆောင်ရွက်ဖို့ အမြဲတမ်း အသင့်ရှိတယ်။ အဲတော့ ကျွန်မတို့ ဆက်ပြီးတော့ လည်း အကြံပေးသွားမှာပါ။ ကျွန်မတို့ NNER အနေနဲ့ ခုနကပြောခဲ့သလို ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်ဆွေးနွေးဖို့ ဆုံးဖြတ်ထားတဲ့အတွက် ကျွန်မတို့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပညာရေး မူဝါဒတွေ   ပေါ်ထွန်းရေးကိုလည်း နိုင်ငံရေး ကတိကဝတ်တွေရဖို့ လုပ်သွားမှာပါ။

နောက်တစ်ခုက မူဝါဒလို့ပြောတော့ လက်တလော ပြင်ဆင်ရမယ့် အကြီးစား ဥပမာ အကြီးစားပြင်ဆင်မှုတွေအတွက် ညှိနှိုင်းစရာတွေ အများကြီးရှိရင် ဆက်ညှိနှိုင်းဖို့အတွက် ကျွန်မတို့ အဆင်သင့်ပါ။ အဲလိုပဲ အသေးစား ပြင်ဆင်မှုတွေလုပ်ဖို့အတွက် ခုနကပြောတဲ့ ဆရာတွေကဏ္ဍကို ချက်ချင်း အရေးတယူ ဆောင်ရွက်ဖို့နဲ့ ခုနက လူငယ်တွေကဏ္ဍပေါ့ လူငယ်တွေက အများကြီးဖြစ်တဲ့အတွက် လူငယ်တွေမှာ ခုနကပြောတဲ့ စိုးရိမ်စိတ်တွေ စိတ်ပျက်အားငယ်မှုတွေနဲ့ အနာဂါတ် ပျောက်နေတာတွေရှိတယ်။ အဲဒါတွေ ဆောက်ရွက်ဖို့အတွက် အစီအမံတွေ လက်တလောမှာ လုပ်ပေးလို့ရတယ်။ အဲလိုဟာတွေမှာ ကျွန်မတို့ NNER ကွန်ရက်မှာ ပညာရေးလုပ်ငန်းပေါင်းစုံ စုစည်းထားတဲ့အတွက် ကျွန်မတို့ တိုင်းပြည်ကို အများကြီး ကူညီနိုင်ပါတယ်။ ဥပမာ ဆရာတွေကို သင်တန်းပေးတာမျိုး လူငယ်တွေကို သင်တန်းပေးတာမျိုး အခြားသော ဆက်စပ်တဲ့ လုပ်ငန်းဆိုင်ရာ သင်တန်းတွေပေါ့ အဲဒါတွေကိုလည်း လက်တလော အသေးစား ပြုပြင်ပြောင်းလဲရေးတွေမှာ ကျွန်မတို့ ကူညီနိုင်ပါတယ်။ အကြံလည်း ပေးနိုင်ပါတယ်ပေါ့။ ကျွန်မတို့ အမြဲတမ်း တံခါးဖွင့်ထားပါတယ်။

မဇ္ဈိမ

ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ နဲနဲပြန်ချုံ့လိုက်ရအောင်။ အဲတော့ ဆရာခင်ဗျာ။ ဆရာမကတော့ ပြောသွားပြီ လက်တလော လျင်လျင်မြန်မြန်နဲ့ ပြောင်းသွားလို့ရပြီ ကူညီပေးလို့ရနိုင်လား ဒါမှမဟုတ်ရင် ထောက်ပံ့ပေးလို့ ရနိုင်မလားဆိုတဲ့ အချက်တွေကို ပြောသွားတာရှိတယ်။ ဆရာတို့ဘက်ကရော ဘာတွေများ ဒါကတော့ မြန်မြန်လုပ်သင့်တယ် ဒါကတော့ ရေရှည်သွားရမယ့်ဟာ ဒါကတော့ ရေတိုသွားရမယ့်ဟာ ဒါကတော့ မြန်မြန်သွားသင့်တယ်ဆိုတာကို နဲနဲလေး ချုံ့ပြောပေးပါလား။ ပညာရေးကဏ္ဍမှာ လက်တလော အရေးကြီးဆုံး အချက်တစ်ချက် ဆိုရင်ပေါ့။

ဦးအာကာမိုးသူ (အထွေထွေ အတွင်းရေးမှူး)

မြန်မာနိုင်ငံ ဆရာများသမဂ္ဂ အဖွဲ့ချုပ်

လက်တလော အရေးကြီးဆုံး အချက်နဲ့ ပြောမယ်ဆိုရင်တော့ ဆရာ/ဆရာမတွေအနေနဲ့ စာသင်ကြားနည်း ပြောင်းဖို့လိုတယ်ဆိုတဲ့ အချက် တွေ့ပါတယ်။ နောက်ပြီးတော့ ဆရာဆရာမတွေရဲ့ ဘဝအာမခံချက် လုံခြုံမှု ရှိဖို့လိုအပ်တယ်ဆိုတာ သွားတွေ့တယ်။ တောကြိုအုံကြားထဲမှာ ဘယ်ဝန်ထမ်းမှ မရှိတဲ့နေရာမှာ ဆရာမတွေ သွားနေရတယ်။ အဲဒီဒေသမှာရှိတဲ့ လူတွေနဲ့ အိမ်ထောင်ကျသွားတယ်။ ဆရာမတွေ မြဲဖို့အတွက် အတင်း အိမ်ထောင်ချပေးတာမျိုးတွေ ရှိတယ်။ ကျွန်တော်ရောက်တဲ့ ကျွန်းတွေမှာဆိုရင် စစ်သားလည်းမရှိဘူး၊ ရဲလည်းမရှိဘူး။ ဘယ်စည်ပင်ဝန်ထမ်းမှ မရှိဘူး။ ဒါပေမယ့်   ကျောင်းသားရှိရင် ဆရာရှိတယ်။ အဲဒီဟာတွေတော့ လူမှုဘဝ လုံခြုံမှုပြဿနာတော့ ဖြေရှင်းပေးရမယ်လို့ ကျွန်တော်တို့ မြင်တယ်ပေါ့။

အဓိကတော့ ကျွန်တော်တို့ ကိုယ်ကျင့်တရား ရွေ့ခံထားရတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကျင့်တရား ရွေ့ခံထားရတယ်ဆိုတဲ့အရာက အရင်တုန်းက နည်းပြတစ်ယောက်က ဒုတိယ ဗိုလ်မှူးချုပ် တစ်ယောက်နဲ့ ပြောရမယ်ဆိုရင် ဒုတိယ ဗိုလ်မှူးချုပ်တစ်ယောက် တက္ကသိုလ်က ဆရာတစ်ယောက်လို့ပြောရင် တုန်နေရတာ တော်တော် လေးစားပြီးတော့ ကြည်ညိုတဲ့အမြင်နဲ့ ကြည့်တာပေါ့။ အခုက တက္ကသိုလ်ပါမောက္ခတစ်ယောက်ကို ဗိုလ်ကြီးတစ်ယောက်က ဂရုကို မစိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတွေက ပြောမယ်ဆိုလို့ရှိရင် ပျက်သွားတာ။ ဘာကြောင့် ပျက်လဲဆိုရင် သူတို့မှာ စားဝတ်နေရေး မပြေလည်တဲ့အခါမှာ ကျူရှင်သင်ရတဲ့စနစ်က သူတို့ရဲ့ ကိုယ်ကျင့်တရားကို ဆွဲရွေ့ခံလိုက်ရတာ။ ကိုယ့်ဘဝကို ကိုယ်ကျင့်တရားတွေ အများကြီး ရောင်းချခံလိုက်ရသလို ဖြစ်သွားတဲ့အခါမှာ လူမှုအဖွဲ့အစည်းက တော်တော်များများ လူမှုရေး နစ်နာမှုတွေ တော်တော်များများ ဖြစ်သွားတယ်။ ပြောမယ်ဆိုလို့ရှိရင် ဆရာဆရာမတစ်ယောက်ကို ယုံကြည်ရမယ့် အနေအထားတစ်ခုကို   ပြန်တည်ဆောက်ဖို့ လိုတယ်လို့ ကျွန်တော်မြင်တယ်။ အခု အခု ပြဿနာအကြီးဆုံးကတော့ ကိုယ့်ကျင့်တရား ပြဿနာကို တော်တော်များများ တည်ဆောက်ဖို့လိုတယ်လို့ မြင်တယ်။ အကြီးဆုံး ပျက်သွားတာ ကတော့ ကိုယ်ကျင့်တရားပဲ။ ပြောမယ်ဆိုလို့ရှိရင် ကျူရှင်ကိစ္စတွေကနေ နောက်ဆက်တွဲ ပါလာတဲ့ဟာက ကိုယ်ကျင့်တရားတွေ အများကြီး ပျက်သွားတယ်။ အဲဒီ အများကြီးပျက်သွားတဲ့ ကိုယ်ကျင့်တရားကို တည်ဆောက်ဖို့အတွက် တော်တော်လိုနေတယ်လို့ ယူဆတယ်။ အဲဒါ အရေးကြီးဆုံး အချက်ပါ။

မဇ္ဈိမ

လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ မဖြိုးဖြိုးအောင်တို့ကလည်း ပညာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ လုပ်နေတဲ့အခါကျတော့ တစ်ခုခု အစိုးရကို ပြောချင်တယ်။ ကျွန်မတို့ ဒီဟာတော့လိုတယ်။ တစ်ချက်တည်းပြောပါဆိုရင် ဘာဖြစ်မလဲ။

မဖြိုးဖြိုးအောင်

ဒီမိုကရေစီအရေးနှင့် ကျောင်းသားအရေး လှုပ်ရှားသူ

ပညာရေးလွတ်လပ်ခွင့် ဆိုတဲ့နေရာမှာ ကျွန်တို့ယုံကြည်တာက ဘာလဲဆိုတော့ ပညာရေးလွတ်လပ်ခွင့်ဆိုတာက တကယ်လို့သာ အခြေခိုင်မယ်ဆိုရင် ဘယ်အစိုးရ တက်တက်ပါ အစိုးရသစ်တွေ ကြိုက်သလောက်ပြောင်းပြောင်း ပညာရေးက သူ့ရဲ့ ပညာရေး စံနှုန်းတွေနဲ့ ပညာရေးလွတ်လပ်ခွင့်တွေ ပညာရေး လည်ပတ်မှုတွေ လည်ပတ်နေတာပေါ့နော်။ အစိုးရက ထပ်ပြီးတော့ အသေးစားပြောင်းလဲမှု အသေးစားကူညီတာ ဒါလေးတွေပဲ လုပ်စရာလိုတယ်။ ပညာရေးနဲ့ တိုးတက်နေတဲ့ နိုင်ငံတော်တော်များများမှာ တွေ့ရတဲ့ ဥပမာပါ။ ပညာရေးသာ တကယ်အခြေခိုင်ပြီးတော့ လွတ်လပ်ခွင့်ကို အာမခံတဲ့ ပညာရေး ဖြစ်သွားပြီဆိုရင် ကျွန်မတို့ အစိုးရတွေ ဘယ်လောက်ပဲပြောင်းပြောင်း ဒီမိုကရေစီ အစိုးရပေါ်လစီနောက်ကို လိုက်စရာမလိုတော့ဘူး။ ပညာရေးရဲ့ ဦးဆောင်မှုနဲ့ပဲ ပညာရေးတစ်ခုလုံးက ဆက်ပြီးတော့ သွားဖို့ ကျွန်မတို့အနေနဲ့ မြင်ပါတယ်။

လက်ရှိ အစိုးရသစ်ကို တိုက်တွန်းချင်တာက အဲလိုမျိုး ပညာရေးလွတ်လပ်ခွင့်ကို အာမခံတဲ့ ပညာရေးမျိုး အစိုးရသစ်က တည်ဆောက်ပေးထားမှသာလျင် နောက်ပိုင်း ပညာရေး ပြုပြင်ပြောင်းလဲမှုက တကယ်ကို အခြေခိုင်သွားမှာဖြစ်ပြီးတော့ ဘယ်လို အစိုးရတွေ ဘယ်လိုပဲပြောင်းပြောင်း မူဝါဒတွေ ဘယ်လိုပဲပြောင်းပြောင်း ပညာရေးလောကရဲ့ ခိုင်မာမှုနဲ့ပဲ ကျွန်မတို့တိုင်းပြည်ရဲ့ ပညာရေးက ဦးဆောင်သွားမှာပဲ ဖြစ်ပါတယ်။ အဲတော့ လက်ရှိအစိုးရရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုက အရေးကြီးဆုံးဖြစ်ပါတယ်။ လက်ရှိ အစိုးရသစ်မှာ ပညာရေးနဲ့ ပတ်သက်ပြီးတော့ အင်မတန်ကြီးလေးတဲ့ တိုင်းပြည်ရဲ့ ကြီးမားတဲ့ တာဝန်ကြီးကို ထမ်းဆောင်နေရတာဖြစ်ပါတယ်။ ဒါကို ကျွန်မအနေနဲ့ တောင်းဆိုချင်ပါတယ်။ ပညာရေးလွတ်လပ်ခွင့်အတွက် ဘာတွေလိုအပ်လဲဆိုရင် ကျွန်မတို့တွေးရင်တော့ သိပ်ပြီး ခက်ခက်ခဲခဲ မရှိဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ပညာရေးလောကမှာ တကယ့်ကို ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့သူတွေကတော့ အခက်အခဲတွေ အများကြီး ရှိကောင်းရှိပါလိမ့်မယ်။ ဒါကလည်း ဘေးကကြည့်တဲ့အမြင်နဲ့ တကယ်လုပ်နေရတဲ့သူရဲ့ အနေအထားနဲ့ ကျွန်မတို့ ကွာခြားကောင်း ကွာခြားလိမ့်ပါမယ။်

ခုနက ဆရာပြောတဲ့ တစ်ချက်တည်းဆိုပေမယ့် တစ်ချက်တည်းတော့ မဟုတ်ပါဘူး။ ပညာရေးလွတ်လပ်ခွင့်မှာ ဘာအရေးကြီးလဲဆိုရင် ကျောင်းတွေမှာ အခု ကျောင်းတွေရဲ့ ဖွဲ့စည်းပုံ တက္ကသိုလ်တွေရော ကျောင်းတွေမှာပါ ဆိုလိုတာပါ။ တက္ကသိုလ်တွေရဲ့ ဖွဲ့စည်းပုံတွေက အခုလိုမျိုး တစ်ဦးတစ်ယောက်က အထက်မှာရှိတဲ့ ပုံစံမျိုးနဲ့ ကျွန်မတို့ သွားလို့မရပါဘူး။   ကျောင်းတွေမှာ ဆိုရင် ကျောင်းအုပ်ချုပ်ရေး ကော်မတီ၊ တက္ကသိုလ်တွေမှာဆိုရင်လည်း တက္ကသိုလ်အုပ်ချုပ်ရေး ကော်မတီတွေ ကိုယ်စားပြု မဲစနစ်ပုံစံမျိုးနဲ့ ရွေးချယ်တဲ့ ကော်မတီတွေ ကျွန်မတို့ လိုအပ်ပါတယ်။   နိုင်ငံတကာတွေမှာ Community Shcool တွေ အထက်တန်းကျောင်းတွေမှာ ဆိုရင်ပေါ့  Community Shcool တွေ အရမ်းကို ခေတ်စားလာတယ်ပေါ့။ ဒါကလည်း တကယ်ကို လိုအပ်တဲ့အတွက်ကြောင့် မို့ Community Shool ဆိုတာ ဖြစ်လာတာပါ။ ကျွန်မတို့တိုင်းပြည်မှာလည်း အခုလက်ရှိ ကျောင်းတွေကို ကော်မတီ အုပ်ချုပ်တဲ့ပုံစံမျိုးနဲ့ ပြောင်းလဲနိုင်မယ်ဆိုရင် အချင်းချင်း Chack and Valance ရှိတဲ့ ကျောင်းတွေဖြစ်လာမယ်။ အဲတော့ ကျွန်မတို့ ဒီကျောင်းတွေ ဒီတက္ကသိုလ်တွေရဲ့ လွတ်လွတ်လပ်လပ် အုပ်ချုပ်ပိုင်ခွင့်ကို ဖန်တီးပေးမယ် တစ်ဖက်ကလည်း သူတို့ရဲ့ အရည်အသွေးတွေ   နောက်ပြီးတော့ သူတို့ရဲ့ စံချိန်စံနှုန်းကို အကဲဖြတ်တဲ့ လွတ်လပ်တဲ့ ပညာရေးအဖွဲ့အစည်းကလည်း ဒါကို စောင့်ကြည့် လေ့လာဖို့အတွက် ရှိနေမယ်ဆိုရင် ဒါ ပညာရေးလွတ်လပ်ခွင့်ကို အတိုင်းအတာတစ်ခုအထိ အာမခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

နောက်တစ်ခုက သင်ရိုးညွှန်းတန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ အမြဲတမ်းပြောပါတယ် တချို့ကပြောတယ် အဲလိုမျိုး ကျောင်းတွေကို ပေးလိုက်လို့ရှိရင် သင်ရိုးညွှန်းတမ်းတွေက တစ်ကျောင်းတစ်မျိုး   ဖြစ်ကုန်ကြမှာပေါ့ဆိုပြီးတော့ ကျွန်မတို့တုန်းက ဆရာတို့ အကြံပြုခဲ့တာတွေ ရှိပါတယ်။ သင်ရိုးညွှန်းတန်းကျောရိုးကို သင်ရိုးညွှန်းတန်း ရေးဆွဲရေးကော်မတီ လွတ်လပ်တဲ့ ပညာရှင်တွေ ပါဝင်တဲ့ အများစုပါဝင်တဲ့ သင်ရိုးညွှန်းတန်း ကော်မတီကနေပြီးတော့ ကျောရိုးတစ်ခု ချပေးမယ်။ အဲဒီကျောရိုးပေါ်မှာ မူတည်ပြီးတော့ ဒေသအလိုက် သူ့ရဲ့ တန်ဖိုးတွေနဲ့ ဖြည့်စွက်ပြီးတော့ သင်ရိုးညွှန်းတန်းတွေ ဖွံ့ဖြိုးခွင့် ရှိလာမယ်ဆိုရင် ခုနက သင်ရိုးညွှန်းတန်း ပြဿနာကလည်း ပြေလည်ပြီးသား ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ ပညာရေးမှာ အရေးကြီးဆုံးကတော့ ဗဟိုချုပ်ကိုင်မှု နည်းလေလေ ကျွန်မတို့ ပညာရေး တိုးတက်မှုနှုန်းက များလေလေ ဖြစ်မှာပါ။ အဲတော့ ဗဟိုချုပ်ကိုင်မှု များလေလေ ပညာရေး တိုးတက်မှုနှုန်းက နိမ့်ကျလေ ဖြစ်မှာပါ။

မဇ္ဈိမ

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ အချိန်ကလည်း နဲနဲ လင့်လာပြီဆိုတော့ ဆရာမ နဲနဲ ဖြည့်ပြောချင်တာရှိရင် ပြောပေးပါဦးခင်ဗျ။

ဒေါ်သူသူမာ (အဖွဲ့ဝင်)

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)

ဖြည့်ပြောချင်တာကတော့ ခုနက ဖြိုးဖြိုးပြောတဲ့အပေါ်မှာ ဖြည့်ပြောချင်တယ်။ ပညာရေးလွတ်လပ်ခွင့်ကို တစ်လုံးတည်းပြောပါဆိုတော့ သူပြောတာတွေက တော်တော်လည်း ပြည့်စုံပါတယ်။ ကျွန်မတို့ ဒီနေ့ ပညာရေးလွတ်လပ်ခွင့်ရဲ့ ဆန့်ကျင်ဘက်က ချုပ်ကိုင်လို့ပေါ့။ ချုပ်ကိုင်တဲ့အတွက် မအောင်မြင်တာက သာဓက ရှိခဲ့ပြီးပြီဆိုတော့ ကျွန်မတို့က ဒီကနေ့ လွတ်လပ်ခွင့်ကို တောင်းတာဖြစ်တယ်ပေါ့နော်။ အဲတော့ လွတ်လပ်ခွင့်ရဲ့ အနှစ်သာရကတော့ ရှင်းပါတယ်။ ကျွန်မတို့ ဒီ ပညာရေးလို့ ပြောလိုက်ရင် ပညာရေးရဲ့ တန်ဖိုးထားမှုတွေကလည်း အမျိုးမျိုး ရှိတယ်ပေါ့နော်။

ကျွန်မတို့ ဒီနေ့ပြောတဲ့ ပညာရေးလွတ်လပ်ခွင့်က ဘယ်အပေါ်မှာ အခြေတည်ရမလဲဆိုတော့ ဥပမာ လူမှုရေး တရားမျှတမှုတွေ လူ့ဂုဏ်သိက္ခာတွေပေါ်မှာ အခြေတည်တဲ့ ပညာရေး လွတ်လပ်ခွင့်ကို ပြောတာပေါ့နော်။ ကျွန်မတို့ ပညာရေးလွတ်လပ်ခွင့်ကို ဖော်ဆောင်လိုက်တိုင်း တကယ်ရော လွတ်လပ်ရဲ့လား ၊ တကယ်ရော လူမှုရေး တရားမျှတမှုကို ထည့်သွင်းစဉ်းစားရဲ့လား၊ တကယ်ရော လူတစ်ဦးချင်းစီရဲ့ ကိစ္စကိုရော ထည့်သွင်းစဉ်းစားရဲ့လား အဲဒါတွေကို အခြေတည်တဲ့ ပညာရေးလွတ်လပ်ခွင့်ကို ပြောတာပါ။ လွတ်လပ်ချင်တိုင်း လွတ်လပ်ကြဆိုတဲ့ ပညာရေး မဟုတ်ပါဘူး။ ကျွန်မတို့ အကြံပေးတဲ့အခါမှာ အမြဲတမ်း ပြန်တုံ့ပြန်တာက ပညာရေး လွတ်လပ်ခွင့်ကို တောင်းတဲ့အခါမှာ အဆင်သင့် မဖြစ်သေးဘူး။ လက်တွေ့မကျဘူး။ ဒါဟာ အိပ်မက်ဆန်တယ်။ လွှတ်ပေးလိုက်လို့ရှိရင် အလေ့အကျင့် မရှိသေးတဲ့အတွက် ကျွန်မတို့ ကမောက်ကမတွေ ဖြစ်ကုန်မယ် ကစဉ့်ကလျားတွေ ဖြစ်ကုန်မယ်ဆိုတဲ့ တုန့်ပြန်ချက်တွေ ပြန်ပြီးတော့ ရလေ့ရှိတယ်။ ဒါကို ကျွန်မ အဓိကထား ပြောချင်ပါတယ်။ မဟုတ်ပါဘူးပေါ့။ သူ့ရဲ့ စနစ်ရဲ့ တကယ့် အနှစ်သာရမှာ ဖွဲ့စည်းပုံတွေ အားလုံးပေါ့ အဲဒါတွေအကုန်လုံးက ခုနကပြောတဲ့ အခြေခံတန်းဖိုးထားတဲ့အပေါ်မှာပဲ ကျွန်မတို့ စဉ်းစားတာ ဖြစ်တဲ့အတွက် ဒိကနေ့ မငြိမ်းမချမ်းဖြစ်နေတဲ့ လူ့အဖွဲ့အစည်းကိုလည်း ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းမျိုးဖြစ်တဲ့ ပညာရေးမျိုးကိုသာ ကျွန်မတို့ သွားဖို့ဖြစ်ပါတယ်။ နောက်တစ်ခုက ဆရာခုနကပြောသွားတာကို ချုံ့ပြီးတော့ ပြောချင်ပါတယ်။ ကျွန်မတို့ ဒီကနေ့ဆရာတွေက စာသင်ခန်းမှာ ကျောင်းသားတွေကို ကူညီဖို့ဆိုရင် သူ့ရဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုပေါ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု Professional ဖြစ်မှု တစ်ခုတည်းမဟုတ်ပဲနဲ့ ပေါင်းထည့်ရမှာက လူသားဆန်မှု ဒါကြောင့် ဒီလိုပညာရေးမျိုးကို ကျွန်မတို့ သွားဖို့လိုပါတယ်ပေါ့နော်။ ဒီလိုပညာရေးမျိုး ကျွန်မတို့ ဒီကနေ့ တောင်းဆိုနေတာပါ။ ကျွန်မတို့လိုချင်တာက အဲလိုပညာရေးမျိုး ဖြစ်ပါတယ်။ အဲဒါကို အခြေတည်သော မူဝါဒဆိုင်ရာ အာမခံမှုတွေကို ကျွန်မတို့ ဒီကနေ့ တောင်းဆိုတာဖြစ်ပါတယ်။

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ Mizzima Dialouge TV Show အစီအစဉ် ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ဒီကနေ့ ဆွေးနွေးသွားတာကတော့ ပညာရေး ဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့ ရက် ၁၀၀ အတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်ပြီးတော့ သုံးသပ် ဆွေးနွေးတာဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ ဆရာမ ဒေါ်သူသူမာ၊ ဆရာ ဒေါက်တာ အာကာမိုးသူနဲ့ မဖြိုးဖြိုးအောင်တို့ကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျ။

အပိုင်း ( ၁)http://www.mizzimaburmese.com/article/18586

အပိုင်း( ၂)http://www.mizzimaburmese.com/article/18767

အပိုင်း (၃)http://www.mizzimaburmese.com/article/18862

အပိုင်း (၄)

http://www.mizzimaburmese.com/article/18888

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly