မောင်တောမှ ရခိုင်ဒေသခံ ၁၀၀ ကျော် ဘူးသီးတောင်ကို ထွက်ပြေးတိမ်းရှောင်

မောင်တောမှ ရခိုင်ဒေသခံ ၁၀၀ ကျော် ဘူးသီးတောင်ကို ထွက်ပြေးတိမ်းရှောင်

ရန်ကုန်၊ အောက်တိုဘာ ၁၃ ။                 ။ မောင်တောမြို့နယ်မှ ရခိုင်ဒေသခံ  ၁၀၀ ကျော်သည် လုံခြုံရေး အခြေအနေကြောင့် ဘူးသီးတောင်မြို့ကို ထွက် ပြေးတိမ်းရှောင်လာကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံ များသည် မောင်တောမြို့နယ် အောင်မင်္ဂလာ ၊ အောင်ဇေယျ ၊ အောင်ဗလ စ သည့် ရခိုင်တိုင်းရင်းသား ကျေးရွာများက ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် သုဓမ္မာရုံ ကျောင်းတိုက်တွင် ပင်မစခန်းဖွင့်ကာ နေရာချထားပေးကြောင်း ဘူးသီးတောင်မြို့နယ်  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

"အခုလက်ရှိက လူတစ်ရာကျော်နေပြီ ခင်ဗျာ ၊ အသစ်တိုးလာတဲ့လူတွေလည်း အခုပဲ ဝင်လာနေတယ် ၊ လိုအပ် ချက်က တော့ သူတို့ရဲ့ စားရေးသောက်ရေး လိုအပ်နေတယ်။ အဓိက ကတော့ လုံခြုံရေး ပါခင်ဗျာ " ဟု ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသူ ဦးထွန်းအောင်သိန်းက ပြောသည်။

အောက်တိုဘာ ၉ ရက်နေ့တွင် မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာ နယ်ခြားစောင့် ရဲဌာနချုပ်၊ ငါးခူရ စခန်း၊ ကိုး တန်ကောက် စခန်းတို့ကို အကြမ်းဖက် သောင်းကျန်းသူများက ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ကိုးဦး သေဆုံးကာ လေးဦး ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၁ ရက်နေ့တွင်လည်း  တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် အကြမ်းဖက် သောင်းကျန်း သူများဘက်က လက်နက်များဖြင့် ပစ်ခတ်မှုကြောင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်သူများဘက်မှ အလောင်းတစ်လောင်း၊ သေနတ် နှစ်လက်နှင့် ကျည်အိမ် နှစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်မှ သေနတ် နှစ်လက် ပျောက်ဆုံးကာ စစ်သည်တစ်ဦး ဒဏ်ရာရရှိပြီး လေးဦး ကျဆုံးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly