မောင်တောမြို့နယ်တွင် ပိတ်မိနေသော ဌာနဆိုင်ရာ ၀န်ထမ်းများကို တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက်ခေါ်ယူ

မောင်တောမြို့နယ်တွင် ပိတ်မိနေသော ဌာနဆိုင်ရာ ၀န်ထမ်းများကို တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက်ခေါ်ယူ

မောင်တော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လုံခြုံရေးနှင့် အလှမ်းဝေးသည့် ကျေးရွာများတွင် တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများနှင့် အစိုးရဌာနဆိုင် ဝန်ထမ်းများကို ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့တွင် တပ်မတော် ရဟတ်ယာဉ်များဖြင့် သွားရောက် ခေါ်ယူခဲ့သည်။

“ စစ်ရဟတ်ယာဉ်တွေနဲ့ သွားရောက်ခေါ်ယူပြီးတော့ ဘူးသီးတောင်ကို ပို့ပေးပါတယ်။ အဲဒီကနေတဆင့် စစ်တွေကို တခါတည်း ပို့ဆောင်မှုတွေလုပ်နေပါတယ်”ဟု မောင်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ပြောသည်။

တပ်မတော် စစ်ရဟတ်ယာဉ် ၂ စီးဖြင့် ပြောင်းရွေ့ပေးနေခြင်း ဖြစ်ပြီး ဝန်ထမ်း ၁၀၀ ခန့်ကို သွားရောက် ခေါ်ယူခဲ့ပြီး ဖြစ်ကာ ထပ်မံ၍ အခြားကျေးရွာများနှင့် လုံခြုံရေးအခြေအနေကို စောင့်ကြည့်လျက် သွားရောက်ခေါ်ယူနိုင်ရန် စီစဉ်နေကြောင်းလည်း ဦးကျော်ကျော်ဝင်းက ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁ နာရီခွဲမှ စတင်ကာ မောင်တောမြို့နယ်တွင် အမည်မသိ လက်နက်ကိုင်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး တပ်မတော်မှ နယ်မြေရှင်းလင်းရေးများကို ဆောင်ရွက်လျက်ရှိရာတွင် ပစ်ခတ်တိုက်ခိုက်မှုများမှာ ယနေ့အချိန်ထိ ကြိုကြားရှိနေသည်။

အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မောင်တောမြို့နယ်နှင့် အလှမ်းဝေးသည့် ကျေးရွာများမှ ဒေသခံများမှ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် အလိုတော်ပြည့် ဘုန်းတော်ကြီးများတွင် သွားရောက်ခိုလှုံလျက်ရှိပြီး အချို့မှာ စစ်တွေသို့ ထွက်ခွာလျက်ရှိသည်။

ယနေ့တွင် မောင်တောခရိုင်ရှိ တောင်ပြို၊ ငခူရ၊ ရွက်ညိုတောင်၊ တမန်းသားနှင့် ခမောင်းဆိပ်များမှ ပညာရေးဝန်ထမ်းများကို သွားရောက်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly