ပဋိပက္ခများကို ပိုမိုမကြီးထွားရအောင် တည်ငြိမ်မှန်ကန်စွာ ဖြေရှင်းရပါမည်

ပဋိပက္ခများကို ပိုမိုမကြီးထွားရအောင် တည်ငြိမ်မှန်ကန်စွာ ဖြေရှင်းရပါမည်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာ အနီးရှိ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်မှ အိမ်ထောင်သည်လိုင်းခန်းအား အကြမ်းဖက် စီးနင်းတိုက်ခိုက်ခဲ့ပုံမြင်ကွင်း။ (ဓာတ်ပုံ - Myanmar President Office)

အခုတလော ရခိုင်ပြည်နယ်ထဲက လုံခြုံရေးစခန်းအချို့ကို အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့ကြလို့ လုံခြုံရေးဝန်ထမ်းများ သေဆုံးကြရတဲ့သတင်းဟာ ကမ္ဘာကျော်သတင်း   ဖြစ်လာခဲ့ပါတယ်။   ပြည်တွင်းအဖြစ်အပျက်တစ်ခု ဖြစ်သော်ငြားလည်းပဲ ကုလသမဂ္ဂအပါအဝင် နိုင်ငံခြားသတင်းဌာနများကအစ ထင်မြင်ချက်ထုတ်ပြန်ကြ သတင်းရေးကြတာကိုကြည့်ရင် ရခိုင်ပြဿနာဟာ အရေးကြီးတဲ့   ပြဿနာတစ်ခုဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ရခိုင်ပြည်နယ် ပြဿနာ ပေါ်ပေါက်လာတဲ့အခါ ဒီပြဿနာအပေါ် ထင်မြင်ယူဆတဲ့ အယူအဆတွေနဲ့ သတင်းအချက်အလက်တွေဟာလည်း အချိန်နဲ့အမျှ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဒလစပ်   ဖေါ်ပြလာကြပါတယ်။

တချို့က ဘာသာရေးအမြင်ကို အခြေခံပြီး တချို့ကတော့ လူမျိုးရေးအမြင်ကို အခြေခံပြီး ပြောဆိုလာကြတာကို တွေ့ရသလို တချို့ကြတော့ တိုင်းပြည်ရဲ့ အချုပ်အချာအာဏာထိပါးခြင်း ဆိုပြီး ရှုမြင်တာလည်း ရှိပါတယ်။ တချို့ကလည်း ဒီပြဿနာတွေဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးအကူးအပြောင်းကာလကို ပိုမိုခက်ခဲအောင် ဒါမှမဟုတ် ပျက်သွားအောင် တမင်ဖန်တီးလာတာဖြစ်တယ်လို့ ထင်မြင်ချက်ပေးကြတာ ရှိပါတယ်။ တချို့ကြတော့ ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်ထွန်းမှုကို လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေဖြစ်အောင်လုပ်ပြီး ဖျက်ဆီးဖို့ ရည်ရွယ်ဟန်တူတယ်လို့ ရှုမြင်တာလည်းရှိပါတယ်။

ရခိုင်ပြဿနာအပေါ် တုန့်ပြန်ဆောင်ရွက်တဲ့အခါမှာလည်း တချို့က လူမျိုးရေး ဘာသာရေး အာဃာတအပေါ်အခြေခံပြီး ပြင်းပြင်းထန်ထန် တုန့်ပြန်အရေးယူဖို့ တိုက်တွန်းကြပါတယ်။ တချို့ကတော့ ချင့်ချင့်ချိန်ချိန်နဲ့ တည်တည်ငြိမ်ငြိမ် ဖြေရှင်းဖို့ တိုက်တွန်းပါတယ်။

တိုင်းပြည်မှာ အမြင့်ဆုံးနဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်များဖြစ်ကြတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ရဲ့ အမြင်ကိုကြည့်မယ်ဆိုရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်မှာ လုံခြုံရေးစခန်းတွေ အတိုက်ခိုက်ခံရတဲ့ကိစ္စအပေါ် မျှမျှတတနဲ့ တရားဥပဒေ စိုးမိုးရေးအောက်က လုပ်ဆောင်သွားကြဖို့ ပြောဆိုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပြည်သူတွေရဲ့ လုံခြုံရေးဟာ ပထမဦးစားပေးအလုပ်ဖြစ်တယ်ဆိုပြီး ပြောဆိုထားတာ ကြားကြရပါတယ်။ ဒီတိုင်းပြည်ခေါင်းဆောင်နှစ်ဦးရဲ့စကားတွေကို ကျနော်တို့ အလေးအနက်ထား လက်ကိုင်ထားကြရမှာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ၊ ရခိုင်ပြည်နယ်ထဲက လတ်တလောဖြစ်ပွားတဲ့ ပြဿနာဟာ အရေးကြီးပင် ကြီးသော်ငြားလည်းပဲ အမျိုးသားရေးအာဃာစိတ် ဘာသာရေးအမြင်ကျဉ်းတဲ့စိတ်တွေနဲ့တော့ ဒီပြဿနာကို   ဖြေရှင်းလို့ မရနိုင်ပါဘူး။ ပြဿနာရဲ့ မြစ်ဖျားခံရာ၊ ပြဿနာရဲ့နောက်ခံ၊ ပြဿနာရဲ့ အဓိက ဦးတည်ချက် အစရှိတဲ့ အချက်အလက်တွေကို စနစ်တကျ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်မကြီးထွားအောင်နဲ့ စနစ်တကျ ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စဖြစ်ပါတယ်။ ဒေါသစိတ် အာဃာတစိတ်၊ အမျိုးသားရေးအမြင်ကျဉ်းစိတ်၊ ဘာသာရေးအစွန်းရောက်စိတ်တွေကို အခြေခံပြီးမှ  ဖြေရှင်းမယ်ဆိုရင်တော့   ပြဿနာကို   ဖြေရှင်းရာမရောက်စေဘဲ ပြဿနာကို ပိုမိုကြီးမား ရှုပ်ထွေးအောင် မီးထိုးပေးတဲ့သဘောပဲ ဖြစ်သွားစေမှာ အသေအချာပါပဲ။

ဒါ့အပြင် လတ်တလောဖြစ်ပွားတဲ့ ရခိုင်ပြည်နယ် လုံခြုံရေးစခန်းတချို့ အတိုက်ခိုက်ခံရခြင်းဟာ တတိုင်းပြည်လုံးကို ကူးစက်ပျံ့နှ့ံ့လာတော့မယ်၊ တိုင်းပြည်လုံခြုံရေးကို ထိခိုက်လာတော့မယ်၊ ဘာသာရေး လူမျိုးရေးစစ်ပွဲတွေ ဖြစ်လာတော့မယ်ဆိုတဲ့ အမြင်တွေဟာ လုံးဝဆီလျော်မှုမရှိတဲ့အမြင်များအဖြစ် အမြင်ကြည်လင်နေကြဖို့လည်း အရေးကြီးပါတယ်။ ဒီပြဿနာဟာ ဘာသာရေး လူမျိုးရေးပြဿနာ မဟုတ်ဘဲ အကြမ်းဖက်ခံရခြင်းတစ်ခုသာ ဖြစ်တယ်ဆိုတဲ့ အမြင် ရှင်းလင်းကြည်လင်စွာ မြင်ထားဖို့လည်း လိုအပ်ပါတယ်။

ဒါကြောင့်မို့ ရခိုင်ပြည်နယ် လုံခြုံရေးစခန်တချို့ အတိုက်ခိုက်ခံရခြင်းအပေါ် ပြည်သူတွေဟာ ပြဿနာတွေကို အသေအချာစောင့်ကြည့်လေ့လာနေဖို့နဲ့ မည်သည့်အမြင်ကျဉ်း အစွန်းရောက် အမြင်များကိုမှ   ယောင်မှားထောက်ခံမိ သလိုမဖြစ်စေရေး အရေးကြီးလှကြောင်း မဇ္ဈိမက တိုက်တွန်းလိုက်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly