ဘောလုံးလောကအတွက် ကျော်ကိုကိုဟာ ပြဿ နာ လူသားလား

ဘောလုံးလောကအတွက် ကျော်ကိုကိုဟာ ပြဿ နာ လူသားလား
(ဓာတ်ပုံ - ရွှေဘုတ်)

မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲမှာ အောင်မြင်မှုရဖို့အတွက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ ဥရောပကို သွားရောက်နေထိုင်လေ့ကျင့် ခဲ့ပါတယ်။ ဒီလိုသွားရောက်နေထိုင်လေ့ကျင့်တဲ့နေရာမှာ ကုန်ကျစရိတ်များလွန်းတဲ့အတွက် ဝေဖန်မှုတွေ ရှိခဲ့သလို လက်ရွေးစင်ကစားသမားတွေ အစားအသောက်၊ အနေအထိုင်နဲ့ပတ်သက်ပြီးလည်း ဝေဖန်သံတွေ ဆူညံခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ဥရောပခရီးစဉ်ကထွက်ပေါ်လာတဲ့ သတင်းဆိုးတွေထဲမှာ တိုက်စစ်မှူး ကျော်ကိုကိုနဲ့ သီဟဇော်တို့ကို အသင်းလူစာရင်းကနေထုတ်ပယ်ပြီး ဂျာမနီကနေ   မြန်မာနိုင်ငံကို ချက်ချင်းပြန်လည်စေလွှတ်ခဲ့တဲ့ သတင်းကတော့ မြန်မာ့ဘောလုံးပရိသတ်တွေအကြားမှာ အတော်လေးဂယက်ထခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်ကို နည်းစနစ်ပိုင်းအရ အသင်းလူစာရင်းက ထုတ်ပယ်ခဲ့တာလို့ နည်းပြအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် သီဟဇော်လို မြန်မာနေရှင်နယ်လိဂ်မှာ ဒုတိယတန်းအဆင့်လောက်ပဲရှိတဲ့ ကစားသမားအတွက် မှန်ကန်နိုင်ပေမယ့်   ကျော်ကိုကိုလို တစ်ဦးချင်းထူးချွန်တဲ့ ကစားသမားအတွက်တော့ ဒီအကြောင်းပြချက်က သံသယရှိစရာပါ။ ဒါကြောင့် ဒီသတင်းရဲ့ နောက်ဆက်တွဲဂယက်က ကျော်ကိုကိုမှန်တယ်၊ နည်းပြမှားတယ် ဆိုပြီး ပရိသတ်တွေအကြား အငြင်းပွားစေခဲ့တာပါပဲ။ ကျော်ကိုကိုဟာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ နည်းပြအဆက်ဆက်မှာ အမြဲလို ပြဿနာရှိခဲ့ပြီး တိုင်းသိပြည်သိ ဇာတ်လမ်းတွေကို ဖန်တီးတတ်တဲ့ ကစားသမားပါ။ ဒီတော့ ဘာကြောင့် ကျော်ကိုကိုဟာ အမြဲလို ပြဿနာလူသားဖြစ်နေတာလဲ?

ကျော်ကိုကိုဆိုတာ…….

မန္တလေးတိုင်းဇာတိ ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ကျော်ကိုကိုဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဇေယျာရွှေမြေအသင်းနဲ့စတင်ခဲ့ပါတယ်။ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲစတင်တဲ့ ၂၀၀၉ခုနှစ်မှာ ရတနာပုံအက်ဖ်စီ အသင်းရဲ့လူရွေးပွဲမှာ ဝင်ရောက်အရွေးခံခဲ့ပေမယ့် ထိုစဉ်က ရတနာပုံအသင်းရဲ့ပြင်သစ်လူမျိုးနည်းပြ ယိုအန်က သူ့ကို ရွေးချယ်ခဲ့ခြင်းမရှိပါဘူး။ ၂၀၁၀ ခုနှစ်မှာ ဇေယျာရွှေမြေအသင်းကို ရောက်ရှိခဲ့ပြီး ဆွီဒင်လူမျိုးနည်းပြကြီး စတီဖင်ဟန်ဆန်ရဲ့လက်အောက်မှာ မြန်မာ့ဘောလုံးလောကအတွက် အဖိုးတန်တိုက်စစ်မှူးကောင်း တစ်ယောက်   ပေါ်ထွက်လာခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ် လူငယ်တိုက်စစ်မှုးလေးဟာ နည်းပြ စတီဖင်ဟန်ဆန်ကိုင်တွယ်တဲ့ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါက ကျော်ကိုကိုအတွက် လက်ရွေးစင်ကစားသမားဘဝအစပါ။ ၂၀၁၁ မလေးရှားဆီးဂိမ်းမှာ မြန်မာယူ-၂၃အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်အထိတက်ရောက်နိုင်ခဲ့ပြီး တတိယကြေးတံဆိပ်ဆုရယူနိုင်ခဲ့သလို ကျော်ကိုကိုဟာလည်း အသင်းအတွက် သွင်းဂိုး ငါးဂိုးအထိ သွင်းယူပေးနိုင်ခဲ့သလို ပြိုင်ပွဲတစ်လျှောက်ပွဲစဉ်တိုင်းမှာလည်း အကောင်းဆုံးခြေစွမ်းကို   ပြသနိုင်ခဲ့ ပါတယ်။

ဝါရင့်တိုက်စစ်မှူးတွေဖြစ်တဲ့ ရန်ပိုင်၊ စိုးမင်းဦးတို့ရဲ့ခြေစွမ်းကို ပရိသတ်တွေ ငြီးငွေ့နေချိန်မှာ ကျော်ကိုကိုက မြန်မာ့ဘောလုံးပရိသတ်အတွက် ဖျော်ဖြေမှုအပေးနိုင်ဆုံး ကစားသမားတစ်ဦးဖြစ်လာပါတယ်။ နည်းပြချုပ် စတီဖင်ဟန်ဆန်ရဲ့သွန်သင်ဆုံးမမှုကို လိုက်နာပြီး ဂျာမနီဘွန်ဒက်စ်လီဂါအထိ သွားကစားမယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့အထိ   ကျော်ကိုကို ရွှေထီးဆောင်း ကာလတွေကို   ဖြတ်သန်း ခဲ့ဖူးပါတယ်။

ကျော်ကိုကိုနဲ့ သူ့ပြဿနာများ

ကျော်ကိုကိုဟာ တစ်ဦးချင်းဘောလုံးစွမ်းရည်ကောင်းမွန်ပြီး ပြိုင်ဘက်တွေထိန်းချုပ်ရခက်တဲ့ တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်ပေမယ့် အသင်းနဲ့တွဲဖက်ကစားရာမှာ အားနည်းချက်တွေရှိသလို တစ်ခါတစ်ရံ ကွင်းထဲမှာ မထေမဲ့မြင်အပြုအမူတွေကြောင့် ပြိုင်ဘက်ကစားသမားတွေ၊ ကွင်းလယ်ဒိုင်တွေနဲ့လည်း အငြင်းပွားတတ်လေ့ရှိပါတယ်။ ၂၀၁၁ ဆီးဂိမ်းမှာ မြန်မာယူ-၂၃အသင်းရဲ့အောင်မြင်မှုက ၂၀၁၃ ဆီးဂိမ်းအိမ်ရှင်လုပ်မယ့် မြန်မာနိုင်ငံက ပြည်သူတွေအတွက်ကတော့ ဘောလုံးဟာ မျှော်လင့်စရာ အားကစားနည်းအဖြစ်သတ်မှတ်ပြီး ပုံအောခဲ့ကြပါတယ်။

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာ တာဝန်ယူကိုင်တွယ်ခဲ့ပြီး နိုင်ငံတကခြေစမ်းပွဲတွေ ဘောလုံးအင်အားကြီးနိုင်ငံတွေကို သွားရောက်လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီမှာတင် ကျော်ကိုကိုရဲ့ပထမဆုံးဇာတ်လမ်းစပါပြီ။ အသင်းကို စခန်းသွင်းလေ့ကျင့်နေစဉ်ကာလမှာ နည်းပြချုပ် ပတ်ဆောင်ဟွာနဲ့ စကားများပြီး Meeting Room က White Board မှာ နည်းပြအဖွဲ့ကို ဆဲဆိုတဲ့စာသားတွေရေးခဲ့ပါတယ်။ ပြီးတော့ ကိုယ့်သဘောနဲ့ ကိုယ်အသင်းလေ့ကျင့်ရေး စခန်းကနေ အိမ်ပြန်သွားခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကိုယ်တိုင် နည်းပြကို ပြန်တောင်းပန်ခိုင်းပြီး အသင်းမှာ ဆက်လက်ပါဝင်စေခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာယူ-၂၃အသင်းဟာ ကိုယ့်မြေကိုယ့်ရေမှာကျင်းပခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲကြီးမှာ အဖွင့်လှခဲ့ပြီး ဆီမီးဖိုင်နယ်တက်ဖို့အတွက် နောက်ဆုံး အဆုံးအဖြတ်ပွဲအနေနဲ့ အင်ဒိုနီးရှားအသင်းနဲ့ ကစားမယ့်ပွဲမတိုင်ခင်ညမှာ ကျော်ကိုကိုနဲ့ နည်းပြ ပတ်ဆောင်ဟွာ နောက်တစ်ကြိမ်စကားထပ်များပြီး အင်ဒိုနဲ့ကစားမယ့်ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်မရတော့ပါဘူး။ နည်းစနစ်ပိုင်း ဆွေးနွေးရာမှာ အချေအတင်ဖြစ်ခဲ့ပြီး    ကျော်ကိုကို နေရာမှာ   ကောင်းစည်သူနဲ့ အစားထိုးခဲ့ပါတယ်။

အင်ဒိုနဲ့ပွဲ ပထမပိုင်းအပြီးမှာတော့ အသင်းအနေအထားကအရှုံးရလဒ်ဖြစ်နေတဲ့အတွက် ဦးဇော်ဇော်ကပဲ နည်းပြ ပတ်ဆောင်ဟွာကို ကန်တော့တောင်းပန်ခိုင်းပြီး ကျော်ကိုကို ကို ပြန်လည်ထည့်သွင်း ခဲ့ပေမယ့်  ဆေးမမီခဲ့ပဲ အင်ဒိုကို ၁-၀ ဂိုးနဲ့ရှုံးကာ မြန်မာ့ဘောလုံးသမိုင်းမှာ ဖျောက်ဖျက်မရတဲ့ ပရိသတ်ရဲ့ဆိုးသွမ်းသောင်းကျန်းဖျက်ဆီးမှုတွေနဲ့ ဆီးဂိမ်းကန့်လန့်ကာချခဲ့ရပါတယ်။ ဆီးဂိမ်းမှာ မြန်မာယူ-၂၃အသင်း ပရိသတ်တွေရဲ့အသည်းကိုခွဲခဲ့တဲ့ အဓိက တရားခံက ပတ်ဆာင်ဟွာလို့ မြန်မာတစ်နိုင်ငံလုံးက သတ်မှတ်ခဲ့ကြပြီး ကျော်ကိုကို ကိုတော့ အပြစ်မမြင်ခဲ့ကြပါဘူး။ အဲ့ဒီနောက်မှာတော့   ကျော်ကိုကိုဟာ ဂျာမနီနည်းပြ ဂတ်ဇီဆီ၊ လက်ရှိလက်ရွေးစင်အသင်း အုပ်ချုပ်နည်းပြအဖွဲ့ဖြစ်တဲ့ ဦးကြည်လွင်၊ ဦးသန်းတိုးအောင်တို့နဲ့ ပထမဆုံးစတင်လက်တွဲမှုအနေနဲ့ အာရှယူ-၂၂ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အာရှဘောလုံးအင်အားကြီးနိုင်ငံတွေနဲ့ယှဉ်ပြိုင်ခဲ့ရလို့ မြန်မာယူ-၂၂အသင်း ရလဒ်မကောင်းခဲ့သလို ကျော်ကိုကိုကလည်း စည်းကမ်းဖောက်ဖျက်မှုကြောင့် တစ်ပွဲပဲ ကစားခွင့်ရခဲ့ပါတယ်။ ကျော်ကိုကိုဖောက်ဖျက်ခဲ့တဲ့ စည်းကမ်းကတော့ ပြိုင်ပွဲကစားမယ့်နေ့မှာ အသင်းအကျီၤပါမလာတာပါ။

အိမ်ထောင်ကျပြီး မိသားစုဘဝကို တည်ထောင်ပြီးတဲ့နောက်ပိုင်းမှာ ကျော်ကိုကိုဟာ ခြေစွမ်းရော အပြုအမူပါတည်ငြိမ်လာတဲ့အတွက် မြန်မာ့ဘောလုံးနဲ့သက်ဆိုင်သူတွေ ပရိသတ်တွေအားလုံး   ကျေနပ်နှစ်သိမ့်ခဲ့ ပါတယ်။ ကျော်ကိုကို သူ့အမှားတွေကို ပြင်လာပြီ နိုင်ငံအတွက်လည်းပေးဆပ်လိုစိတ်တွေ ပြင်းထန်လာပြီ၊ ကစားသမားဘဝအကောင်းဆုံး အသက်အရွယ်နဲ့ခြေစွမ်း ကို ပိုင်ဆိုင်လာပြီလို့ အားလုံးက ထင်ကြေးပေးပြီး အားကိုးခဲ့ကြပါတယ်။

မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှာ ပြိုင်ဘက်မရှိပဲ ခြောက်နှစ်ကျော် မင်းမူနိုင်ခဲ့တဲ့ ကျော်ကိုကို အတွက်  ၂၀၁၅ ဖီဖာယူ-၂၀ကမ္ဘာ့ဖလားအပြီးမှာတော့ ခြေစစ်ပွဲအောင်ခဲ့တဲ့ မြန်မာယူ-၂၀အသင်းက ညီတော် ကစားသမားတွေရဲ့နေရာခြိမ်းခြောက်မှုနဲ့စတင်ကြုံတွေ့လာရပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ပြိုင်ခဲ့တဲ့ မြန်မာအသင်းကို နည်းပြ အေဗရာမိုဗစ်တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့အထိ   ကျော်ကိုကိုဟာ မြန်မာအသင်းရဲ့အဓိက တိုက်စစ်မှူးပါ။ ဒါပေမယ့် အသင်းခြေစွမ်းနဲ့ ရလဒ်ပိုင်း တိုးတက်မှုမရှိတဲ့အတွက် အေဗရာမိုဗစ်ကို ရာထူးကထုတ်ပယ်ပြီး နည်းပြ ဂတ်ဇီဆီနဲ့ အစားထိုးခဲ့တဲ့   နောက်ပိုင်းမှာ တော့ ကျော်ကိုကို ဟာ စိန်ခေါ်မှုတွေနဲ့ စတင်ရင်ဆိုင်လာခဲ့ရပါတယ်။

မြန်မာယူ-၂၀အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲပို့ပေးနိုင်ခဲ့တဲ့အတွက် တစ်နိုင်ငံလုံး ခြွင်းချက်မရှိ ယုံကြည်အားကိုးမှုကို ခံထားရတဲ့ နည်းပြ ဂတ်ဇီဆီလက်ထက်မှာတော့ ကျော်ကိုကို ဟာ ပုံမှန်ခြေစွမ်းပျောက်ဆုံးလာသလို လူငယ်တိုက်စစ်မှူးတွေဖြစ်တဲ့ သန်းပိုင်၊ အောင်သူတို့နဲ့ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်လာရပါတယ်။ စည်းကမ်းကြီးသလို နည်းစနစ်ပိုင်းနဲ့ပတ်သက်ရင် ခေါင်းမာတဲ့ ဂျာမန်ကြီးလက်ထက်မှာ ကျော်ကိုကို ပွဲထွင်ခွင့်ပျောက်လာပါတယ်။ နောက်ဆုံး ဥရောပခရီးမှာတော့ ပြဿနာမီးပုံးကြီးပေါက်ကွဲပြီး ချက်ချင်းအိမ်ပြန်လွှတ်ခံရတဲ့အထိဖြစ်ခဲ့ရပါတယ်။

ဘာကြောင့် ကျော်ကိုကိုပဲ အမြဲဖြစ်နေတာလဲ?

ဒီမေးခွန်းကို ကာယကံရှင် ကျော်ကိုကိုနဲ့ သူ့ပရိသတ်တွေကို မေးရင်တော့ ကျေနပ်ကြမှာ မဟုတ်ပါဘူး။ ကျော်ကိုကိုဟာ ကစားသမားကောင်းတစ်ဦးပါ။ အာဆီယံမှာ ထိပ်တန်းအဆင့်ရှိတဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်ပါ။ လူမှုရေးအရှုပ်အရှင်းကင်းသလို လေ့ကျင့်ရေးမှာလည်း သူများထက်ပိုပြီး ကြိုးစားတဲ့သူတစ်ဦးပါ။ ဒါဆိုရင် ဘာကြောင့် ကျော်ကိုကိုအပေါ် နည်းပြတွေက အမြင်စောင်းနေသလဲ။ ဒီမေးခွန်းကို ကျော်ကိုကိုနဲ့ နီးစပ်တဲ့ ဘောလုံးအသိုင်းအဝန်းထဲကလူတွေတောင် ဖြေဖို့ခက်ခဲနိုင်ပါတယ်။

ကျော်ကိုကိုဟာ ကွင်းအတွင်းကွင်းအပြင် စည်းကမ်းပိုင်းကောင်းမွန်ပေမယ့်ရံဖန်ရံခါမှာ သူ့ရဲ့စိတ်နေစိတ်ထားက ခန့်မှန်းရခက်ပါတယ်။ ဘာကြောင့် နည်းပြတွေနဲ့ အမြဲပြဿနာဖြစ်နေသလဲ။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျော်ကိုကိုက မြန်မာအသင်းအတွက် လိုအပ်တဲ့ ကစားသမားကောင်းတစ်ဦးဖြစ်သလို   မြန်မာ့ဘောလုံးအတွက်လည်း   မျှော်လင့်ချက် အလင်းရောင်တစ်ခုပါ။ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာအပေါ် ကျော်ကိုကိုက ဘယ်သူကိုမှအပြစ်မတင်ထားသလို နည်းပြကို ပြန်တောင်းပန်မယ်လို့လည်း ပြောထားပါတယ်။ ဒါက သတင်းကောင်းဖြစ်ပြီး ဆူဇူကီးအတွက် မျှော်လင့်စရာ အခြေအနေပါ။ Why Always Him? ဘာကြောင့် ကျော်ကိုကိုပဲ အမြဲဖြစ်နေသလဲဆိုတဲ့မေးခွန်းအတွက် အဖြေကတော့ ကျော်ကိုကိုဆီမှာပဲ ရှိနေမှာပါ……………..။

# ဂျာမဏီက ပြန်လွှတ်ခံရတဲ့ ကျော်ကိုကိုရဲ့ ရှင်းလင်းချက် (ရုပ်သံ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly